ဧရာဝတီတိုင်း ဒေသကြီး ကျန်းမာ၊ ပညာ ဘက်စုံ ဖွံ့ဖြိုး တိုးတက်ရေး ဖောင်ဒေးရှင်း အနေဖြင့် ဒေသ ဖွံ့ဖြိုးရေး ရန်ပုံငွေကို နိုင်ငံတော်သို့ ပြန်လည် ပေးသွင်းရန် ပျက်ကွက်သည့် အတွက် ဧရာဝတီတိုင်း အစိုးရက တရားစွဲဆိုရန် ပြင်ဆင်နေ ကြောင်း သတင်း ရရှိသည်။
ဖောင်ဒေးရှင်းမှ တိုင်း ဒေသကြီး အစိုးရ အဖွဲ့ထံသို့ လွှဲပြောင်းပေးရမည့် ငွေကျပ် ၅ ဒသမ ၂၃၆ ဘီလီယံ (ကျပ်သိန်းပေါင်း ၅၂၃၆၀ ကျပ်) အနက် ယနေ့ အချိန် အထိ ကျပ်ငွေ ၃ ဒသမ ၄၄၅ ဘီလီယံ (ကျပ်သိန်းပေါင်း ၃၄၄၅၀ ကျပ်) သာ ပြန် လည် ပေးသွင်းခဲ့ပြီး ငွေကျပ် ၁ ဒသမ ၇၉၁ ဘီလီယံ (ကျပ်သိန်းပေါင်း ၁၇၉၁၀ ကျပ်) ကျန်ရှိနေကာ ဆက်လက် ပေး သွင်းခြင်း မရှိသည့် အတွက် တရားစွဲဆိုရန် စီစဉ်ရခြင်း ဖြစ်ကြောင်း ဧရာဝတီတိုင်း ဒေသကြီး အစိုးရ အဖွဲ့က ပြောသည်။
ဧရာဝတီတိုင်း အစိုးရ အဖွဲ့ဝင် စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီး ဦးဌေးဝင်းက“ဒေသ ဖွံ့ဖြိုးရေး လုပ်ငန်း ၂၈ ခုမှာ သုံးစွဲ ထားတဲ့ ငွေရယ်၊ ကုမ္ပဏီ ၃ ခုကို ချေးထားတဲ့ ကျပ်သန်း ၄၀၀ ပြန်လည် ပေးသွင်းဖို့ ကျန်နေတယ်။ အချိန်ပေးဖို့ တောင်း ဆိုခဲ့လို့ အချိန် အများကြီးပေးခဲ့ပြီးပြီ။ ရက်ပိုင်းအတွင်း တရားစွဲပါမယ်။ ဖောင်ဒေးရှင်းက ချေးခဲ့တာ ဖြစ်လို့ ဖောင်ဒေးရှင်း တာဝန်ရှိသူတွေကိုပဲ တရားစွဲသွားမှာပါ။ လက်ရှိမှာ ဥပဒေ အကြံပေး တောင်းခံထားပြီးပါပြီ”ဟု ဧရာဝတီကို ပြောသည်။
ဒေသ ဖွံ့ဖြိုးရေး ရန်ပုံငွေ ကိစ္စမှာ ပြီးခဲ့သည့် ၂၀၁၆ ခုနှစ် ဇူလိုင်လ ၁ ရက်တွင် ကျင်းပသည့် ဒုတိယ အကြိမ် ဧရာဝတီ တိုင်း ဒေသကြီး လွှတ်တော် ပထမ ပုံမှန် အစည်းအဝေး ၁၀ ရက်မြောက်နေ့တွင် ဖျာပုံမြို့နယ် အမှတ် – ၁ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ကိုဇေယျာမင်းသိန်းက“ဧရာဝတီတိုင်း ဒေသကြီး ဖွံ့ဖြိုး တိုးတက်ရေး ငွေကြေး ရန်ပုံငွေများနှင့် ပတ်သက်၍ သိရှိလိုကြောင်း”ကြယ်ပွင့်ပြ မေးခွန်းအဖြစ် မေးမြန်းရာမှ စတင် ပေါ်ပေါက်ခဲ့ခြင်း ဖြစ်သည်။
လွှတ်တော် အတွင်း မေးမြန်းမှုနှင့် ပတ်သက်၍ ဝန်ကြီးချုပ်ဟောင်း ဦးမန်းဂျော်နီ ဦးဆောင်သည့် ဧရာဝတီတိုင်း ဒေသကြီး အစိုးရ အဖွဲ့က ၂၀၁၆ ခုနှစ်အတွင်း တိုင်းဒေသကြီး စာရင်းစစ်ချုပ်ကို တာဝန်ပေးအပ်၍ ဧရာဝတီ ကျန်းမာ၊ ပညာ ဘက်စုံ ဖွံ့ဖြိုး တိုးတက်ရေး ဖောင်ဒေးရှင်း အပေါ် စုံစမ်း စစ်ဆေးမှုများ လုပ်ဆောင်ခဲ့သည်။
ထို့နောက် ဧရာဝတီတိုင်း အစိုးရ အဖွဲ့၏ တင်ပြချက်အရ ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေ ကိစ္စအား နိုင်ငံတော် သမ္မတဟောင်း ဦးထင်ကျော်၏ နိုင်ငံတော် သမ္မတရုံးက တိုက်ရိုက် ကိုင်တွယ် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံးအား တာဝန် ပေးအပ်၍ ဧရာဝတီ ကျန်းမာ၊ ပညာ ဖောင်ဒေးရှင်းကို စစ်ဆေးစေခဲ့ရာ အဆိုပါ ငွေကြေးများမှာ နိုင်ငံတော်ငွေများ ဖြစ်နေသည့် အတွက် ပြန်လည် တောင်းခံသင့်ကြောင်း နိုင်ငံတော် သမ္မတရုံးထံ အစီ ရင်ခံ တင်ပြခဲ့သည်ဟု ဆိုသည်။
သမ္မတရုံးက စာရင်းစစ်ချုပ်ရုံး၏ အကြံပြုချက် အတိုင်း ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေများ ပြန်တောင်းရန် တိုင်း အစိုးရ အဖွဲ့ထံ ညွှန်ကြားခဲ့သည့် အတွက် ငွေကျပ် ၅ ဒသမ ၂ ဘီလီယံကို ငွေသား သီးသန့် ပြန်လည်ပေးသွင်းရန် တောင်းခံခဲ့ရာ ဖောင် ဒေးရှင်း အနေဖြင့် ဘဏ်အပ်ငွေများနှင့် ဒေသ ဖွံ့ဖြိုးရေး လုပ်ငန်းများ အတွက် ချေးထားသော ငွေများ၊ ကုမ္ပဏီများနှင့် အကျိုးတူ လုပ်ကိုင်ထားသော ရရန် အကြွေးစာရင်းများကိုပါ တိုင်း အစိုးရထံ လွဲှပေးမည်ဟု ပြောဆိုခဲ့ကြောင်း သိရသည်။
တိုင်းအစိုးရက ငွေသားချည်းသာရလိုပြီး ဖောင်ဒေးရှင်းက ဘဏ် လက်ကျန်ငွေနှင့် အကြွေးစာရင်းများပါ လွဲှပေးလိုသည့် အတွက် ဖောင်ဒေးရှင်းနှင့် တိုင်းအစိုးရကြား ညှိနှိုင်းမရဖြစ်နေ၍ ငွေလက်ခံရေး အတွက် လအနည်းငယ် ကြန့်ကြာခဲ့သည်။
ထို့ကြောင့် ဧရာဝတီတိုင်း အစိုးရက ဘဏ်အပ်ငွေများကို ဆောလျင်စွာ ပေးရန်၊ ကုမ္ပဏီများသို့ ချေးငွေကို ရက်ပေါင်း ၃၀ အတွင်း၊ ဒေသဖွံဖြိုးရေး လုပ်ငန်းအား ချေးထားသည့်ငွေများကို ရက်ပေါင်း ၆၀ အတွင်း ပြန်လည် ပေးသွင်းရန်နှင့် ပျက် ကွက်ပါက ဥပဒေ အတိုင်း အရေးယူမည်ဟု ပြီးခဲ့သည့် အောက်တိုဘာလ အတွင်း ဖောင်ဒေးရှင်း တာဝန်ရှိသူများထံ အကြောင်းကြားခဲ့ကြောင်း သိရသည်။
တိုင်းအစိုးရအဖွဲ့က ထိုသို့ ညွှန်ကြားခဲ့သည့် အတွက် ဖောင်ဒေးရှင်း အနေဖြင့် ကျပ်ငွေ ၃ ဒသမ ၄၄၅ ဘီလီယံ (ကျပ်သိန်း ပေါင်း ၃၄၄၅၀ ကျပ်)ကို တိုင်းအစိုးရ အဖွဲ့၏ ဘဏ်စာရင်းထဲသို့ ပြန်လည်ပေးသွင်းခဲ့ပြီး လုပ်ငန်းရှင်များကို ချေးထားသည့် ငွေများနှင့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်း ၂၈ ခုတွင် အသုံးပြုထားသည့် ငွေကျပ် ၁ ဒသမ ၇၉၁ ဘီလီယံ (ကျပ်သိန်းပေါင်း ၁၇၉၁၀ ကျပ်)ကို သတ်မှတ်ချိန် ကျော်သည်အထိ ပြန်လည်ပေးသွင်းရန် ပျက်ကွက်နေကြောင်း တိုင်းအစိုးရက ပြောဆို သည်။
ပြန်လည် ပေးသွင်းရန် ကျန်ရှိသည့်ငွေမှာ ဧရာဝတီတိုင်း အစိုးရ ပြောသည့် ၁ ဒသမ ၇၉၁ ဘီလီယံ (ကျပ်သိန်းပေါင်း ၁၇၉၁၀ ကျပ်) မဟုတ်ဘဲ လုပ်ငန်းရှင်များကို ချေးထားသည့် ကျပ်သိန်း ၈၀၀၀၊ ကျေးလက် မီးလင်းရေးနှင့် ဒေသ ဖွံ့ဖြိုးရေး လုပ်ငန်း ၂၈ ခုတွင် အသုံးပြုထားသည့် ငွေကျပ်သိန်း ၈၀၀၀ ၊ စုစုပေါင်း ကျပ်သိန်းပေါင်း ၁၆၀၀၀ (၁ ဒသမ ၆ ဘီလီယံ ကျပ်) သာဖြစ်ကြောင်း၊ အဆိုပါ ရရန်ရှိသည့် ငွေကြေးစာရင်းများကိုလည်း တိုင်းအစိုးရအဖွဲ့သို့ ရှင်းလင်း တင်ပြထားပြီး ဖြစ်ကြောင်း ဖောင်ဒေးရှင်းဘက်က ဆိုသည်။
ဖောင်ဒေးရှင်း အတွင်းရေးမှူး ဦးကြည်အောင်က“ဒီဖောင်ဒေးရှင်းက ယခင်ဖောင်ဒေးရှင်းကနေ လွဲှပြောင်းပေးတဲ့ငွေကို ရယူထားတာ ဖြစ်တယ်။ ကျနော်တို့ လက်ထက်မှာ ချေးငှားပေးကမ်းတာ တခုမှ မရှိခဲ့ဘူး။ ကျနော်တို့ကို ငွေသားနဲ့ အကြွေး စာရင်းနဲ့ လွှဲပေးခဲ့တာ ဆိုတော့ ကျနော်တို့က ပြန်လွဲှတဲ့ အခါမှာလည်း ငွေသားနဲ့ အကြွေးစာရင်းပဲ ပြန်လွဲှပေးလို့ ရမှာပေါ့။ အဲဒါမှ မရဘူး၊ တရားစွဲမယ် ဆိုလည်း စွဲပေါ့။ ဘာတတ်နိုင်မလဲ။ ရှင်းရမှာပေါ့”ဟု ပြောဆိုသည်။
ဧရာဝတီတိုင်း ကြံ့ခိုင်ရေး ပါတီ ဥက္ကဋ္ဌ အဖြစ် တာဝန်ယူခဲ့သည့် ဝန်ကြီးချုပ်ဟောင်း ဦးသိန်းအောင်၏ အစိုးရဟောင်း လက်ထက်တွင် ဧရာဝတီ ဘက်စုံ ဖွံ့ဖြိုး တိုးတက်ရေး ဖောင်ဒေးရှင်း နာမည်ဖြင့် လုပ်ကိုင် ဆောင်ရွက်ခဲ့ပြီး တိုင်းအတွင်းရှိ အစိုးရနှင့် သက်ဆိုင်သော တင်ဒါ လုပ်ငန်းများ၊ လမ်းတံတားကြေး ကောက်ခံမှုလုပ်ငန်း ဆောင်ရွက်သည့် လုပ်ငန်းရှင်များ အား ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေ ထည့်ဝင်စေခြင်း၊ အနုပညာ ဂီတ ဖျော်ဖြေပွဲများ ပြုလုပ်၍ ရန်ပုံငွေ ရှာဖွေခြင်းများ ဆောင်ရွက် ခဲ့ကြောင်း သိရှိရသည်။
၂၀၁၅ ခုနှစ် နိုဝင်ဘာလတွင် ကျင်းပသည့် အထွေထွေ ရွေးကောက်ပွဲ၌ ကြံ့ခိုင်ရေး ပါတီ ရှုံးနိမ့်ပြီးနောက် ဝန်ကြီးချုပ် ဦးသိန်းအောင်၏ တိုင်းအစိုးရအဖွဲ့ ရာထူးမှ ဆင်းပေးခါနီး အချိန်တွင် အစိုးရ တာဝန်ယူစဉ်က ဆောင်ရွက်ခဲ့သည့် ဧရာဝတီ ဘက်စုံ ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်းအား ဖျက်သိမ်း၍ ဧရာဝတီတိုင်း ဒေသကြီး ကျန်းမာ၊ ပညာ ဘက်စုံဖွံ့ဖြိုး တိုးတက် ရေး ဖောင်ဒေးရှင်း အဖြစ် အသစ်ပြန်လည် ဖွဲ့စည်းကာ ယခင် ဖောင်ဒေးရှင်း အဟောင်းမှ ငွေများကို ဖောင်ဒေးရှင်း အသစ် ထံသို့ လှူဒါန်းပေးခဲ့ခြင်း ဖြစ်သည်။
လက်ရှိတွင် ဧရာဝတီတိုင်း ဒေသကြီး အစိုးရ အဖွဲ့၏ ငွေစာရင်းထဲသို့ ပြန်လည် ပေးသွင်းခဲ့သည့် ကျပ်ငွေ ၃ ဒသမ ၄၄၅ ဘီလီယံ (ကျပ်သိန်းပေါင်း ၃၄၄၅၀ ကျပ်) ကို ၂၀၁၉ – ၂၀ ဘဏ္ဍာနှစ် အတွင်း ဧရာဝတီတိုင်း အတွင်းရှိ ပညာရေး၊ ကျန်း မာရေး အတွက် အထောက်အကူ ဖြစ်မည့် တံတားများကို အဆင့်မြှင့်တင်ကာ ဆောက်လုပ်ပေးသွားရန် ပြင် ဆင်ထားပြီး ဖြစ်ကြောင်း ဧရာဝတီတိုင်း အစိုးရ အဖွဲ့ဝင်၊ လျှပ်စစ် စွမ်းအင်၊ စက်မှု လက်မှုနှင့် လမ်းပန်း ဆက်သွယ်ရေး ဝန်ကြီး ဦးဝင်း ဌေးက ပြောသည်။
“ဝါးနဲ့ ယာယီ တည်ဆောက်ထားတဲ့ တံတား ၃၄ စင်းကို အခိုင်အမာ တံတားတွေ အဖြစ် တည်ဆောက်ပေးသွားပါမယ်။ ၂၀၁၉ -၂၀၂၀ ဘဏ္ဍာနှစ်မှာ ထည့်သွင်း ဆောင်ရွက်သွားမှာပါ”ဟုလည်း ၎င်းက ပြောဆိုသည်။