ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်ရှိ ဒေသခံထောင်နှင့်ချီ၍ မြစ်ဆုံဆည်နှင့် ဧရာဝတီ မြစ်ညာပိုင်းတွင် အခြား ဆည်တမံများ တည်ဆောက်မှုတို့ကို တနင်္လာနေ့က ကန့်ကွက် ဆန္ဒပြခဲ့ကြသည်။
နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် အနေဖြင့် ဒုတိယအကြိမ် ရပ်ဝန်းနှင့် ပိုးလမ်းမ ဖိုရမ်သို့ မတက်ရောက်မီ အချိန်တွင် ယခုဆန္ဒပြမှု ပေါ်ပေါက်ခြင်းဖြစ်သည်။ အဆိုပါ ဆည်တမံသည် တရုတ်ရင်းနှီးမြှုပ်နှံထားသော စီမံကိန်း ဖြစ်သည်။
ဆန္ဒပြမှုတွင် ဧရာဝတီမြစ်ကြောင်း တလျှောက် အဆိုပြုထားသော တခြားဆည်တမံ စီမံကိန်းများကိုပါ ကန့်ကွက်ခြင်းဖြစ်သည်။ ယင်း ဆည်တမံများ အရေးကိစ္စမှာ ဆွေးနွေးညှိနှိုင်းမည်ဟု မျှော်လင့်ရသည်။
ဆိုင်းငံ့ထားသည့် ဆည်တမံစီမံကိန်း ပြန်လည်စတင်မည့် အရေးကိစ္စအပေါ် အများပြည်သူစိုးရိမ်မှု တိုးပွားလာလျှက်ရှိရာ ယင်းဆည်တမံ၏ ကုန်ကျစားရိတ်မှာ အမေရိကန်ဒေါ်လာ ၃ ဒသမ ၆ ဘီလီယံ (ကျပ်ငွေ ၅ ဒသမ ၄ ထရီလီယံ) တန်ဖိုးရှိသည်။ အဆိုပါဆည်တမံသည် နိုင်ငံ့အသက်သွေးကြော ကဲ့သို့ ဖြစ်သော မြစ်ကြောင်းကို ပျက်စီးစေပြီး မြစ်အောက်ပိုင်း စီးဆင်းမှုကို အနှောက်အယှက် ဖြစ်စေမည်ဟု မြန်မာပြည်သူ များက စိုးရိမ်နေကြခြင်း ဖြစ်သည်။
ဆန္ဒပြမှု စီစဉ်သူများက တနင်္လာနေ့၌ ဧရာဝတီသို့ပြောရာတွင် ၎င်းစီမံကိန်းနှင့်ပတ်သက်၍ အစိုးရက ရပ်ဆိုင်းကြောင်း ကြေညာသည်အထိ ဆက်လက် ကန့်ကွက်သွားမည်ဖြစ်ကြောင်း ဆိုသည်။ ဧရာဝတီ မြစ်ကြောင်းတလျှောက်ရှိ အခြားဆည်တမံအားလုံး တည်ဆောက်ခြင်း ရပ်ဆိုင်းပေးရန်လည်း ၎င်းတို့က တောင်းဆိုခဲ့ ကြသည်။
ကချင်ပြည်နယ်မြို့တော် မြစ်ကြီးနားမှ ၁၉ ကီလိုမီတာ အကွာတွင်ရှိသော ဝိုင်းမော်မြို့နယ်သည် ဧရာဝတီ မြစ်အောက်ပိုင်းတွင် တည်ရှိပြီး ထိရှလွယ်သည့် အခြေအနေရှိသော နယ်မြေများထဲတွင် တခုအပါအဝင် ဖြစ်သည်။ အကယ်၍ ဆည်တမံ ကျိုးပေါက်ခဲ့လျှင် စင်ကာပူနိုင်ငံ အရွယ်အစားရှိသော နယ်မြေတခုခု ရေလွှမ်းမိုးမှုကြောင့် အသက်အိုးအိမ် ဆုံးရှုံးကာ လူ ၁ သောင်းဝန်းကျင် အိုးမဲ့အိမ်မဲ့ ဖြစ်သွားနိုင်ကြောင်း သတိပေးသည့် သတင်းများလည်း အများပြည်သူလူထုတို့က သိရှိထားကြသည်။
“မြစ်ဆုံဆည် အလိုမရှိ။ မြစ်ဆုံဆည် လုံး၀ ရပ်တန့်ပေး။ မြစ်ညာက တခြားဆည် အားလုံးလည်း ရပ်တန့်ပေး” ဟု ဆန္ဒပြသူများဘက်က ကြွေးကြော် တောင်းဆိုခဲ့ကြကြောင်း ယခုဆန္ဒပြမှုကို ဦးဆောင်သူ Bawm Sau က ဧရာဝတီသို့ ပြောသည်။
“ပြည်သူအားလုံးက မြစ်ဆုံဆည်ကို ရှုတ်ချသည်။ ဧရာဝတီမြစ် ထာဝစဉ် လွတ်လပ်စွာ စီးဆင်းပါစေ” စသည့် ကြွေးကြော်သံများပါသော စာတန်းများကိုင်ဆောင်လျှက် ဆန္ဒပြသူများက ချီတက်ခဲ့ကြသည်။
အဆိုပါ ချီတက်ဆန္ဒပြပွဲသို့ ဒေသခံပြည်သူ ၈ ထောင်မှ ၁ သောင်းအထိ ပူးပေါင်း ပါဝင်ကြကြောင်း စီစဉ်သူများ၏ အဆိုအရ သိရသည်။
မြစ်ဆုံဆည် ပြန်လည်စတင်သင့်သည် (သို့မဟုတ်) ဖျက်သိမ်းသင့်သည်ဟူသော အစိုးရ၏ ဆုံးဖြတ်ချက်တရပ် ထွက်ပေါ်လာရေးကို တနိုင်ငံလုံးမှ ပြည်သူအားလုံးကဲ့သို့ပင် ဝိုင်းမော်ဒေသခံ ပြည်သူများက စိတ်အား ထက်သန်စွာ စောင့်ကြည့်နေကြသည်။
ရန်ကုန်မြို့တွင် ပြီးခဲ့သည့်စနေနေ့က ကျင်းပခဲ့သော သဘာဝပတ်ဝန်းကျင် ဆိုင်ရာ ပညာရှင်များ၊ အခြား ပညာရှင်များ၊ နိုင်ငံရေးသမားများနှင့် အနုပညာသမားများ ပါဝင်သည့် အစည်းအဝေးတခုတွင် စီမံကိန်း ဖျက်သိမ်းရေးအတွက် တရုတ်သို့ လျော်ကြေးပေးရန် အများပြည်သူထံမှ ငွေကြေးကောက်ခံသည့် စည်းရုံး လှုပ်ရှားမှု တခုအကြောင်း ကြေညာခဲ့သည်။
“ဧရာဝတီမြစ်ပေါ်မှာ ဘယ်ဆည်တမံမှ မဆောက်သင့်ပါဘူး။ ကျနော်တို့က အစိုးရတုံ့ပြန်ချက်ကို စောင့်စား နေပါတယ်။ အပြီးတိုင် ဖျက်သိမ်းတယ်ဆိုတဲ့ ကြေညာချက် ထွက်တဲ့အထိ ကျနော်တို့အသံတွေ ဆက်ပြီး ထွက်ပေါ် နေဦးမှာ ဖြစ်ပါတယ်” ဟု တနင်္လာနေ့က ဆန္ဒပြမှုတွင် ပါဝင်ခဲ့သူ ဝိုင်းမော် ဒေသခံတဦးဖြစ်သည့် ဦးဝေါလေက ပြောသည်။