မြန်မာ့တပ်မတော်၏ လေးလကြာ ထိုးစစ်ရပ်နားချိန် ပြီးဆုံးရန် နီးကပ်လာချိန်၌ ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့နယ်တွင် ပြီးခဲ့သည့်သီတင်းပတ် နှောင်းပိုင်းကတည်းက ကချင်လွတ်မြောက်ရေးတပ် (KIA) နှင့် မြန်မာ့ တပ်မတော်တို့ တိုက်ပွဲများ ဆက်တိုက် ဖြစ်ပွားခဲ့ကြောင်း နှစ်ဘက် သတင်းရင်းမြစ်များက ပြောကြား ခဲ့ကြသည်။
သြင်္ကန်အပြီး ကာလနှင့် ဧပြီလ ၂၂ ရက်တို့အကြား ရှမ်းပြည်နယ်မြောက်ပိုင်းတွင် နှစ်ဘက်တပ်များ ထိတွေ့ တိုက်ခိုက်မှု ၃ ကြိမ် ရှိခဲ့ကြောင်း မြန်မာ့တပ်မတော်က ဧရာဝတီသို့ အင်္ဂါနေ့က အတည်ပြု ပြောကြားခဲ့သည်။
သို့ရာတွင် တိုက်ပွဲများမှာ အင်္ဂါနေ့အထိ ဆက်တိုက်ဖြစ်ပွားနေကြောင်း KIA ပြောခွင့်ရသူ ဗိုလ်မှူးနော်ဘူက ဧရာဝတီသို့ ပြောသည်။
ရှမ်းပြည်နယ်မြောက်ပိုင်း၊ မုန်းပေါ် ဒေသတွင် KIA တပ်မဟာ ၆ အောက်ရှိ တပ်ရင်း ၃၆ တပ်မတော် ဘက်မှ တပ်မ ၉၉ စစ်ကြောင်းက တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။
“KIA တပ်ရင်း ၃၆ နယ်မြေထဲမှာ ဧပြီလ ၁၈ ရက်က တိုက်ပွဲဖြစ်ပါတယ်။ တိုက်ပွဲ ပြင်းထန်မလာခင်မှာ ထိတွေ့မှုတွေ စဖြစ်ပါတယ်” ဟု ၎င်းက ဆက်လက် ပြောကြားသည်။
ကွတ်ခိုင်မြို့နယ် KIA တပ်မဟာ ၆ အောက်ရှိ တပ်ရင်း ၉ နယ်မြေတွင်လည်း တပ်မတော်နှင့် တိုက်ပွဲ ဖြစ်ခဲ့ကြောင်း KIA ၏ အဆိုအရ သိရသည်။
KIA တပ်ရင်းနှစ်ရင်း၏ ထိန်းချုပ်မှုအောက်တွင် ရှိသော နယ်မြေများကို သိမ်းယူလိုသောကြောင့် မြန်မာ့ တပ်မတော်က တပ်များ ပိုမိုဖြန့်ချလာမှုအပြီး စစ်ဆင်ရေးစတင်သည်ဟု KIA က ယုံကြည်ထားသည်။
KIA တပ်ရင်း ၃၆ ကို တိုက်ခိုက်ရန်အတွက် မြန်မာတပ်မတော်က ခြေလျင်တပ်နှင့် အမြောက်တပ် နှစ်မျိုးစလုံးကို သုံးစွဲခဲ့ကြောင်း ဗိုလ်မှူးနော်ဘူ၏အဆိုအရ သိရသည်။
မြန်မာ တပ်မတော်ဘက်က အမြောက်တပ်သည် တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင် စီးပွားရေးဇုန်တွင် စခန်းချထားပြီး မြေပြင်ခြေလျင်တပ်များကို အဝေးမှ ပစ်ကူပေးလျက်ရှိကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။
“ကျနော်တို့နယ်မြေကို ထိန်းချုပ်ဖို့ သူတို့ ထိုးစစ်စတာပါ” ဟု သူက ဆိုသည်။
ဧပြီလ ၁၈ ရက်မှ ၂၂ ရက်အတွင်း ရှမ်းပြည်နယ်မြောက်ပိုင်း၊ အရှေ့မြောက်တိုင်း စစ်ဌာနချုပ်အောက်ရှိ နယ်မြေထဲတွင် KIA နှင့် တအာင်းအမျိုးသား လွတ်မြောက်ရေးတပ် (TNLA) ပူးပေါင်း၍ တပ်မတော်နှင့် တိုက်ပွဲ ၃ ကြိမ် ဖြစ်ခဲ့ကြောင်း တပ်မတော်ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက အင်္ဂါနေ့တွင် ဧရာဝတီသို့ ပြောသည်။
ရှမ်းပြည်နယ် မြောက်ပိုင်းနယ်မြေအတွင်း ပုံမှန်လှုပ်ရှားမှုများနှင့် အုပ်ချုပ်ရေးလုပ်ငန်းများ မိမိတပ်က ဆောင်ရွက်နေစဉ်အတွင်း ယခုတိုက်ပွဲများ ဖြစ်ပွားရခြင်းဖြစ်ကြောင်း တပ်မတော်ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ရှင်းပြသည်။ ကချင်ပြည်နယ်၌ မည်သည့်ထိတွေ့မှုမှမရှိခဲ့ကြောင်း ၎င်းက ထပ်လောင်း ပြောကြားသည်။
“အဲဒီမှာ တာဝန်ကျနေတဲ့ ကျနော်တို့တပ်တွေက ပုံမှန်ဆောင်ရွက်မှု ပြုလုပ်နေပါတယ်။ စစ်ကြောင်း ဖြန့်တာ (အသစ်ချတာ) ရော၊ တပ်ရင်းစခန်း ချတာရော မရှိပါဘူး” ဟု ၎င်းက ပြောသည်။
တပ်မတော်ဘက်က တဖက်သတ် အပစ်အခတ် ရပ်စဲထားမှု အဆုံးသတ်ခါနီး ဖြစ်လာသဖြင့် ယခု ထိတွေ့မှုများအပေါ် ဒေသခံများအကြား စိုးရိမ်မှု တိုးပွားလာခဲ့သည်။
ယမန်နှစ်က တပ်မတော်နှင့် KIA တို့ ပြင်းထန်စွာ ထိတွေ့တိုက်ပွဲဖြစ်ခဲ့ပြီး ထောင်နှင့်ချီသော ကချင်ပြည်သူများ နေအိမ်စွန့်ပြေး၍ စစ်ဘေးရှောင် ဒုက္ခသည်များ ဖြစ်သွားကြသည်။ သို့သော် တပ်မတော်သည် ယခုနှစ်တွင် KIA ဘက်သို့ ထိုးစစ်ဆင်မှု မရှိခဲ့သောကြောင့် ယင်းဒေသမှာ ယမန်နှစ်ကထက် ပိုမို အေးချမ်းနေခဲ့သည်။
သို့ရာတွင် ကချင်ဒုက္ခသည်အားလုံးက နေရပ်ပြန်လိုကြပြီး ကချင် ခေါင်းဆောင်အနေဖြင့် ၎င်းတို့ပြန်ခွင့်ရရေး တပ်မတော်နှင့် ဆွေးနွေးညှိနှိုင်းနေဆဲ ရှိသည်။
တပ်မတော်ဘက်မှ ၄ လကြာ အပစ်အခတ်ရပ်စဲထားမှု တရားဝင်အဆုံးမသတ်မီ တိုက်ပွဲများ ပြန်ဖြစ်လာခြင်းမှာ ကောင်းသည့် လက္ခဏာမဟုတ်ကြောင်း ဗိုလ်မှူးနော်ဘူက ပြောသည်။
အစိုးရ၏ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) နှင့် KIA တို့ ဧပြီလ ၂၉ ရက်နှင့် ၃၀ ရက်တို့တွင် မူဆယ်မြို့၌ တွေ့ရန် သဘောတူထားပြီး ဖြစ်သည်။ KIA အနေဖြင့် နိုင်ငံရေး ဆွေးနွေးမှု မတိုင်မီ နှစ်ဖက် အပစ်အခတ်ရပ်စဲရေး ရယူလိုနေသည်။
တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး စာချုပ်သို့ ကချင်အုပ်စု လက်မှတ်ထိုးရေး/ မထိုးရေးနှင့် ပတ်သက်၍ မေးမြန်းရာတွင် ဗိုလ်မှူးနော်ဘူက “KIA က သဘောတူစာချုပ် လက်မှတ်ထိုးနိုင်ခြင်း မရှိခင် နောက်ထပ် ညှိနှိုင်းဖို့ လိုအပ်တဲ့ အချက်တွေကို ဆက်လက် ဆွေးသွားပါမယ်” ဟု ဖြေကြားသည်။
ကချင် လွတ်မြောက်ရေးအဖွဲ့ ဒုတိယဥက္ကဋ္ဌ ဗိုလ်ချုပ်ဂွမ်မော်က ပြီးခဲ့သည့် ရက်သတ္တနှစ်ပတ်၌ ဧရာဝတီသို့ ပြောကြားရာတွင် မြန်မာအစိုးရနှင့် ၎င်းတို့အဖွဲ့အစည်း ဆွေးနွေးရန်လိုသော NCA နှင့် စပ်လျဉ်းသည့် အချက် ၃၅ ချက်ရှိကြောင်း ဆိုသည်။
တချိန်က အဖွဲ့အစည်းများ လက်မှတ်ရေးထိုးပြီး နောက်ထပ် တိုက်ပွဲများဖြစ်ရန် မလိုတော့သည့် ပြီးပြည့်စုံသော NCA စာချုပ် ဖြစ်စေရေးအတွက် ၎င်းအဖွဲ့အစည်း အနေဖြင့် ကြိုးပမ်းလျက်ရှိကြောင်း ဗိုလ်ချုပ်ဂွမ်မော်က ပြောကြားခဲ့သည်။
KIA နှင့် အစိုးရ စေ့စပ်ညှိနှိုင်းသူများ လာမည့်ရက်သတ္တပတ်၌ တွေ့ဆုံသည့်အခါ တင်းမာမှုများ လျှော့ချနိုင်မည့် အကောင်းဆုံး ရွေးချယ်မှုမှာ NRPC လမ်းကြောင်း (စေ့စပ်ညှိနှိုင်းရေးဖြတ်သန်းလျှက်) ဖြစ်ကြောင်း တပ်မတော် ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောသည်။ NRPC နှင့် အဆိုပါအဖွဲ့ ကိုယ်စားလှယ်များ တွေ့ဆုံပြီးနောက် တပ်မတော်အနေဖြင့် KIA ထံမှ မည်သူမည်ဝါ ဆက်လက်ဆွေးနွေးရန် ရှိ/မရှိကိုမူ ၎င်းက ထုတ်ဖော် ပြောကြားခြင်းမရှိပေ။