ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် လက္ကာ ကျေးရွာက တပ်မတော် ဖမ်းဆီးသွားသည့် ရွာသား ၂၇ ဦး စစ်ဆေး နေစဉ် ကာလ အတွင်း ၃ ဦး သေဆုံးသွားကြောင်း သိရှိရသည်။
တပ်မတော် သတင်းမှန် ပြန်ကြားရေး အဖွဲ့မှ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက“ကျနော် သိသလောက်ကတော့ ပထမ တ ယောက်က နှလုံးရောဂါနဲ့ ဆုံးတဲ့ လူတယောက်ရှိတယ်။ နောက်တယောက်ကတော့ အချုပ်ထဲမှာပဲ သူ့ပုဆိုးနဲ့ သူ ဆွဲကြိုးချပြီး ဆုံးတဲ့လူ တယောက်ရှိတယ်။ ဟိုတနေ့က သေတာကတော့ ဆေးစွဲနေတဲ့လူပေါ့။ သူ့ဟာသူ စိတ်ဓာတ် ကျပြီး သေဆုံးတာ တယောက်။ အားလုံး ၃ ဦးဆုံးတာ ရှိပါတယ်”ဟု ဧရာဝတီသို့ ပြောသည်။
ထိုသေဆုံးမှုနှင့် ပတ်သက်၍ လုပ်ထုံးလုပ်နည်းနှင့် အညီ စစ်တွေမြို့ ပြည်သူ့ဆေးရုံကို ပို့ဆောင်ကာ ရင်ခွဲ စစ်ဆေး ချက် များကို ရယူထားပြီး တဖက်တွင်လည်း သက်ဆိုင်ရာ ရဲစခန်းတွင် သေမှုသေခင်းနှင့် အမှု ဖွင့်ထားကြောင်း ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ဆက်လက် ပြောကြားသည်။
သို့သော် သေဆုံးသွားသည့် ရွာသား ၃ ဦးနှင့်ပတ်သက်ပြီး မိသားစုဝင်များကို တရားဝင် အကြောင်းကြားမှု မရှိသေး သလို ကျန်ရွာသားများ မည်သည့်နေရာတွင် ဖမ်းဆီးထားသည်ကိုလည်း မသိရသည့်အတွက် မိသားစုဝင်များ စိတ်ပူ ပန် နေရကြောင်းလည်း ကျေးရွာသားများက ပြောသည်။
လက္ကာရွာသား တဦးဖြစ်သူ ဦးစိန်လှမောင်က“ကျနော်တို့ ကြားထားတာကတော့ လူ ၃ ဦးသေဆုံးသွားတယ် လို့တော့ သိရတယ်။ ဘယ်လိုသေဆုံးတယ်လို့တော့ မသိရဘူး။ ကျနော်တို့ဖြစ်ချင်တာကတော့ သူတို့ကိုဥပဒေရ ဆောင်ရွက်ပြီး ရဲလက်ထဲကို အမြန်ရောက်စေချင်ပါတယ်။ အခုသူတို့ဘယ်မှာ ဖမ်းထားတယ်ဆိုတာလည်း မသိရဘူး”ဟု ဆိုသည်။
လက္ကာကျေးရွာ အတွင်းက ဖမ်းဆီး ထားခံထားရသူများတွင် ၎င်း၏ ညီစ်ကို ဝမ်းကွဲတော်စပ်သူ ဦးထွန်းအောင်ကျော် (ခ ) ဖိုးသာလူ၊ ယောက်ဖတော်စပ်သူ ဦးမောင်ကြီးယေတို့ ၂ ဦးလည်းပါဝင်ကြောင်း ဦးစိန်လှမောင်က ဆိုသည်။
တပ်မတော် စစ်ကြောရေးတွင် သေဆုံးသွားသည့် ရွာသား ၃ ဦးမှာ ကိုဇော်မျိုးထွန်း (၂၅) နှစ်၊ ဦးသိန်းထွန်းစိန် (၃၅) နှစ် နှင့် ဦးမောင်သန်းနု (၄၁) နှစ်တို့ ဖြစ်ကြောင်း သိရသည်။
မြောက်ဦးမြို့နယ်အတွင်း ရဲတပ်ရင်းတခုနှင့် လေးမြို့မြစ်ကမ်းတွင် တပ်မတော်က ယာယီစခန်းတခုကို ရက္ခိုင့် တပ် မတော် (AA)က ဧပြီလ ၉ ရက်နေ့ ညက တိုက်ခိုက်ခဲ့ပြီး နောက်တနေ့တွင် လက္ကာကျေးရွာသို့ တပ်မတော် စစ်ကြောင်း က ဝင်ရောက် စစ်ဆေး ခဲ့ရာ အရပ်အသား အယောင်ဆောင် AA တပ်ဖွဲ့ဝင် ၂၃ ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း တပ်မတာ် က သတင်း ထုတ်ပြန်ခဲ့သည်။
AA ကမူ ယင်းမြောက်ဦးတွင် ဖြစ်ပွားခဲ့သော တိုက်ပွဲအတွင်း AA တပ်ဖွဲ့ဝင်များ ပျောက်ဆုံးခြင်း မရှိကြောင်း AA သတင်း ပြန်ကြားရေး တာဝန်ခံ ဦးခိုင်သုခက ဧရာဝတီသို့ ပြောသည်။
လက္ကာရွာသား တဦးဖြစ်သူ ကိုအောင်နိုင်ဝင်းက“ကျနော်တို့ ရွာက ဖမ်းသွားတာအားလုံး ၂၇ ဦးပါ။ အခု ၃ ဦး သေဆုံး သွားပြီလို့ သိရတယ်။ ကျန်တဲ့လူတွေကိုလည်း ဘယ်မှာ ဖမ်းထားတယ်ဆိုတာ စုံစမ်းလို့ မရဘူး ဖြစ်နေတယ်။ ရွာသား တွေကတော့ တော်တော်လေး စိတ်ပူနေကြတယ်။ ဖမ်းရင်လည်း ဥပေဒေအတိုင်းပဲ ရဲလက်ထဲကို အပ်စေချင်တယ်” ဟု ဧရာဝတီသို့ ပြောသည်။
ဖမ်းဆီးခံရသည့် ရွာသား ၂၇ ဦးတွင် လက္ကာရွာသား ၁၈ ဦးနှင့် အနီးဝန်းကျင် ရွာများမှ အလုပ်လုပ်ကိုင်ရန် ရောက်ရှိ နေ သည့် ရွာသား ၉ ဦး ပါဝင်ကြောင်းလည်း ဒေသခံများက ပြောဆိုသည်။
တပ်မတော် သတင်းမှန် ပြန်ကြားရေးအဖွဲ့မှ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကလည်း ထိုနေ့က လက္ကာရွာက ၂၇ ဦး ဖမ်းဆီး ခဲ့ ခြင်းသည် မှန်ကန်ကြောင်း၊ ၄ ဦးကို တိမ်ညို ရဲစခန်းတွင် အမှုဖွင့် စစ်ဆေးနေပြီး ကျန်ရွာသားများကို စစ်တွေသို့ ခေါ်ဆောင် စစ်ဆေးနေကြောင်း ပြောပြသည်။
မြောက်ဦးမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဦးလှစောက မည်သို့ သေဆုံးသည်ဖြစ်စေ၊ သေဆုံးသူ မိသားစုဝင်များကို တရားဝင်အကြောင်းကြားပြီး ဘာသာရေးဓလေ့ ထုံးတမ်းအတိုင်း သဂြိုဟ်ခွင့်ပေးရမည် ဖြစ်ကြောင်း ပြောသည်။
ဦးဦးလှစောက“ဘယ်လို သေဆုံးသွားတယ်ဆိုတာ ကျနော်တို့ မသိဘူး။ အလောင်းကိုလည်း မမြင်ရတဲ့အတွက် မှတ်ချက်တော့ မပြုသေးဘူး။ ဒီကိစ္စတွေက ထောက်လှမ်းရေး လက်ထက်တုန်းကလည်း ဒီအတိုင်းပဲ သေဆုံးခဲ့တာ တွေ ရှိတယ်။ အဓိကတော့ ဆရာဝန် ဆေးစစ်ချက်ပေါ့။ ဆရာဝန် ဆေးစစ်ချက်အပေါ်မှာသာ မူတည်ပါတယ်”ဟု ပြောဆိုသည်။
အဆိုပါ ရွာသား ၃ ဦးသေဆုံးမှုဖြစ်စဉ်နှင့် ပတ်သက်ပြီး ဧပြီလ ၂၃ ရက်တွင် စစ်တွေ ပြည်သူ့ဆေးရုံမှ ဆေးရုံအုပ် ဒေါက်တာ ထွန်းထွန်းဝင်းကို သွားရောက် မေးမြန်းရာ အထက်လူကြီးများကို တင်ပြရမည် ဖြစ်သည့် အတွက် နောက် တနေ့မှ လာရောက်ရန် ချိန်းဆိုသည်။
ဧပြီ ၂၄ ရက်နေ့ မွန်းလွဲပိုင်းက အဆိုပါဆေးရုံအုပ် ဒေါက်တာ ထွန်းထွန်းဝင်းထံ သွားရောက် တွေ့ဆုံခဲ့ရာတွင် ၎င်း အနေဖြင့် ဖြေဆိုခွင့် မရှိကြောင်း၊ အစိုးရအဖွဲ့နှင့် ကျန်းမာရေး ဦးစီးဌာနမှ ပြည်နယ် ကျန်းမာရေးမှူးထံသာ မေးမြန်းရန် လမ်းညွန်သည်။
ရခိုင်ပြည်နယ် ကျန်းမာရေး ဦးစီးဌာနမှ ပြည်နယ် ကျန်းမာရေးမှူး ဒေါက်တာ ကြည်လွင်အား သွားရောက် တွေ့ဆုံ မေးမြန်း ရာတွင်လည်း အဆိုပါ ကိစ္စရပ်များနှင့် ပတ်သက်ပြီး ၎င်းတို့အနေဖြင့် ထုတ်ဖော် ဖြေဆိုခွင့် မရှိကြောင်း၊ သက်ဆိုင်ရာ အဖွဲ့အစည်းများထံသာ မေးမြန်းရန် လမ်းညွန်သည်။
မြောက်ဦးမဲဆန္ဒနယ်မှ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းသာစိန်ကမူ ဖမ်းဆီးခံထားရသည့် လက္ကာ ရွာသား များတွင် တချို့ သေဆုံးသွားသည်ကို သတင်းကြားရပြီး မိသားစုများ၏ ဆန္ဒအတိုင်း လူအခွင့်အရေး ကော်မရှင်ထံ တိုင်ကြား သွားမည်ဟု ပြောသည်။
ဦးထွန်းသာစိန်က“ကျနော်တို့ တချို့သေဆုံးသွားပြီလို့တော့ ကြားတယ်။ ဘယ်လို သေဆုံးတယ်ဆိုတာ မသိရဘူး။ မိသားစု ဝင်တွေကတော့ အဖြစ်မှန် ပေါ်ပေါက်ဖို့ လူ့အခွင့်ရေး ကော်မရှင်သို့ တိုင်မယ်လို့ ပြောတယ်။ ကျနော်ကတော့ သူတို့ ဆန္ဒအတိုင်း လိုအပ်တာတွေကို အကြံဉာဏ်ပေးတယ်။ ကူညီ ဆောင်ရွက် ပေးသွားမယ်ပေါ့”ဟု ပြောဆိုသည်။
မြောက်ဦးမြို့နယ် အတွင်းက အမှတ် ၃၁ ရဲတပ်ရင်းနှင့် လေးမြို့ မြစ်ကမ်းဘေး လေညှင်းတောင် အနီး တပ်မတော် ယာယီစခန်းတခုကို AA က ဧပြီလ ၉ ရက် ညအချိန်တိုက်ခိုက်ခဲ့ရာ အရာရှိစစ်သည်တချို့ ထိခိုက်ကျဆုံးမှု ရှိခဲ့ကြောင်း တပ်မတော် သတင်းမှန် ပြန်ကြားရေး အဖွဲ့က အတည်ပြုသည်။
တိုက်ခိုက်မှုသည် ထိုနေ့ ည ၉ နာရီကျော်မှနေ နောက်နေ့မနက် အထိ တညလုံးလို တိုက်ခိုက်ခဲ့ကြပြီး နောက်ဆုတ် သွားသည့် AA တပ်ဖွဲ့ဝင်များကို ဧပြီလ ၁၀ ရက်နေ့ နံနက်ပိုင်းတွင် တပ်မတော် ဖိုက်တာ ဂျက် လေယာဉ်များ၊ တိုက် ခိုက်ရေး ရဟတ်ယာဉ်များဖြင့် တိုက်ခိုက်ခဲ့ကြောင်း ကြားသိရသည်။
မြောက်ဦးမြို့နယ် အတွင်း ဖြစ်ပွားခဲ့သော တိုက်ပွဲအတွင်း ရဲတပ်ဖွဲ့ မိသားစုဝင် ၇ ဦး ဖမ်းဆီးခံခဲ့ရကာ ဧပြီလ ၁၁ ရက် နေ့ ညနေပိုင်းတွင် AA က ၎င်းတို့ကို ပြန်ပို့ပေးခဲ့သည်။
ထိုနေ့ညက စစ်ကူလာသော တပ်မတော် စစ်ကြောင်းများကို မြောက်ဦးမြို့နယ်အတွင်း လက္ကာရွာ အနီးတွင် AA အဖွဲ့ က ဖြတ်တိုက်ခဲ့သည့် အတွက် နှစ်ဖက် တိုက်ပွဲများ ဖြစ်ပွားခဲ့ကြောင်းလည်း သိရသည်။
ထိုတိုက်ခိုက်မှုနောက်ပိုင်း ဧပြီလ ၁၀ ရက်နေ့တွင် AA တပ်ဖွဲ့ဝင်များကို လိုက်လံ ရှင်းလင်းရာတွင် လက္ကာ ရွာအတွင်း အရပ် ဝတ်ဖြင့် AA အဖွဲ့ဝင် ၂၃ ဦးကို ဖမ်းဆီးရမိကြောင်း တပ်မတော်က သတင်း ထုတ်ပြန်သည်။
သို့သော် အဆိုပါ တပ်မတော်က ဖမ်းဆီးသွားသူများမှာ ဒေသခံရွာသားများ ဖြစ်ပြီး တချို့မှာ အနီးဝန်းကျင် ရွာများမှ အလုပ် လုပ်ရန် ရောက်ရှိနေသူများသာ ဖြစ်ကြောင်း ရွာသားများက ပြောကြားသည်။
တပ်မတော်က AA ဖွဲ့စည်းပုံ စာရင်း စာရွက်များ ရရှိထားသည် ဆိုခြင်းမှာလည်း ဒေသအတွင်း မတည်ငြိမ်မှုများကြောင့် ကျေးရွာ အုပ်ချုပ်ရေး အဖွဲ့ဝင်များနှင့်တိုင်ပင်ကာ ကျေးရွာအတွင်း အလှည့်ကျ ကင်းစောင့်ရန် ဖွဲ့စည်း ထားသည့် စာရွက် များသာ ဖြစ်ကြောင်းလည်း လက္ကာ ရွာသားများက ပြောဆိုကြသည်။