သတင်း

ခွေးကိုက်ခံ လူနာ ကုသရေး ဌာနများ ရန်ကုန်တွင် စတင် ဖွင့်လှစ်မည်

Want create site? Find Free WordPress Themes and plugins.

ခွေးကိုက်ခံရသည့် လူနာများအား ဆေးကုသမှု ပေးမည့် ဌာန (Dog Bite Center) များကို ရန်ကုန်မြို့ရှိ ဆေးရုံများ တွင် မေလမှ စ၍ ဖွင့်လှစ် သွားရန် စီစဉ်နေကြောင်း ကျန်းမာရေးနှင့် အားကစား ဝန်ကြီး ဌာနက သိရသည်။

ကျန်းမာရေးနှင့် အားကစား ဝန်ကြီး ဌာနက ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ မြင့်ထွေးက“လောလောဆယ်က ရန်ကုန် ဆေးရုံကြီးရယ်၊ အင်းစိန်၊ မြောက်ဥက္ကလာ၊ သင်္ဃန်းကျွန်း တို့မှာ လုပ်မယ်။ တဖြည်းဖြည်း အကုန် တိုးချဲ့ သွား မယ်။ အဲဒါ ပြီးရင် မန္တလေးတို့ မော်လမြိုင်တို့ မြို့ကြီးတွေကို သွားမယ်။ ခွေးကိုက် ခံရမှု အများဆုံး ဖြစ်တဲ့ တိုင်းနဲ့ ပြည် နယ်၊ မြို့တွေ မှာလည်း လုပ်မယ်”ဟု နေပြည်တော်တွင် သတင်း မီဒီယာများကို ပြောဆိုသည်။

ထို့ပြင် ခွေးရူးပြန် ရောဂါ ကာကွယ် ဆေးထိုးနှံပေးရာ၌ ယခင်က အသားထဲ ထိုးနှံသည့် စနစ်ကို အသုံးပြုသော်လည်း ယခုအခါ ကမ္ဘာ့ ကျန်းမာရေး အဖွဲ့(WHO)၏ သုတေသန တွေ့ရှိချက်၊ အကြံပြုချက် အရ အသားထဲထိုးသည့် စနစ်နှင့် အရေပြားထဲ ထိုးသည့် စနစ် နှစ်ခုတွင် အာနိသင် အတူတူ ဖြစ်၍ ဆေးကုန်ကျမှု ထက်ဝက် သက်သာသော အရေပြား ထဲ ထိုးနှံသည့် စနစ်ကို ပြောင်းလဲ အသုံးပြုမည် ဖြစ်ကြောင်း သိရသည်။

ဒေါက်တာ မြင့်ထွေးက“ဒီဆေးတွေ တနေ့ တယောက်ပဲ လာတယ် ဆိုရင် ကျန်တဲ့ဆေးတွေက လွှင့်ပစ်လိုက်ရ တယ်။ စင်တာမှာ ကျတော့ လူက သုံးလေးယောက် လာမယ်။ ဆေးက ၆ နာရီလောက် ခံတယ်။ တဝက် ကျန်တာ နောက် တယောက်ကို ထိုးလို့ရတယ်။ ထိုးတဲ့အခါမှာလည်း အရင်လို အသားထဲ ထိုးတာ မဟုတ်တော့ဘူး။ အရေပြား ပေါ် ရှပ်ပြီး ထိုးတာ။ ဆေး ထက်ဝက်ကျော် သက်သာတယ်။ အရင်က ဆေးတလုံးကို တယောက်ပဲ ထိုးလို့ ရရင် အခု ၂ ယောက် ထိုးလို့ ရတယ်”ဟု ရှင်းပြသည်။

ယင်း ဌာနများကို ခွေးကိုက်ခံရမှု များပြားသော ဒေသများရှိ အများပြည်သူ သွားလာရ လွယ်ကူသော ဆေးရုံများ၌ ဖွင့်လှစ် သွားမည် ဖြစ်ကာ ယင်းသို့ ဖွင့်လှစ်နိုင်ပါက ဆေး အလေအလွင့် နည်းပါးစွာဖြင့် လူနာများကို ကုသမှုပေးနိုင် မည် ဖြစ်ကြောင်း ကျန်းမာရေး ဝန်ကြီးဌာန၊ ဗဟို ကူးစက်ရောဂါ တိုက်ဖျက်ရေး ဌာနမှ ညွှန်ကြားရေမှူး ဒေါက်တာ ထွန်းတင်က ပြောသည်။

ယင်းသို့ ဌာန ဖွင့်လှစ်ခြင်းဖြင့် ဆေးရုံများတွင် ခွေးရူးပြန် ကာကွယ်ဆေး ပြတ်တောက်ခြင်းနှင့် မလုံလောက်သည့် ပြဿနာ များကို လျော့ကျသွားစေမည်ဟုလည်း ၎င်းက ဆိုသည်။

ထို့ပြင် Dog Bite Center တွင် ခွေးရူးပြန် ရောဂါ ကာကွယ်ဆေးကို ယခင်အတိုင်း အခမဲ့ ထိုးနှံပေးမည် ဖြစ်ပြီး အထူး ဌာန တခု အနေနှင့် အခြား လိုအပ်သည့် ကုသမှုများကိုလည်း ဆောင်ရွက်ပေးနိုင်မည် ဟု ဒေါက်တာ ထွန်းတင်က ရှင်းပြ သည်။

အခြေခံ လူတန်းစားများ အနေဖြင့် ခွေးကိုက်ခံရပါက ကာကွယ်ဆေး မထိုးလျှင် အသက်အန္တရာယ် စိုးရိမ်ရ သကဲ့သို့ ထိုးနှံ ပါက ကုန်ကျစရိတ် များသည့် အတွက် အခက်အခဲ ဖြစ်ကြရကြောင်း၊ နိုင်ငံတော်မှ လုံလုံလောက်လောက် အခမဲ့ ထိုးနှံပေး နိုင်မည် ဆိုလျှင် အဆင်ပြေကြောင်း မင်းလှ မဲဆန္ဒနယ်မှ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ သန်းအောင်စိုးက ပြောသည်။

“တိရစ္ဆာန် ကျန်းမာရေး အပိုင်း ဆိုရင်လည်း စနစ်တကျ ထိန်းသိမ်းတာ၊ သင်းကွပ်တာ၊ ဂေဟာ ဖွင့်တာတွေ စနစ်တကျ စီမံချက် ချပြီးလုပ်ရင် ခွေးတွေ နည်းသွားမယ်။ ခွေးတွေ နည်းသွားရင် အကိုက်ခံရတာလည်း နည်းသွားမယ်။ ဆေးထိုး ရ တာလည်း နည်းသွားမယ်။ ဆေးဖိုး ကုန်ကျစရိတ်လည်း သက်သာမယ်။ ခွေးတွေကို စနစ်တကျ ထိန်းသိမ်း စောင့် ရှောက် လိုက်ရင် ပိုပြီး သက်သာမှာပေါ့”ဟုလည်း ၎င်းက အကြံပြုသည်။

လမ်းဘေးခွေး ပေါများသည့် ရန်ကုန်မြို့တွင် လမ်းဘေးခွေးများ လျော့သွားခြင်း မရှိသကဲ့သို့ နေ့စဉ်နှင့် အမျှ ခွေးကိုက် ခံရ သည့် ဖြစ်စဉ်များ ရှိနေကြောင်း ရန်ကုန်မြို့နေ ပညာရေး ဝန်ကြီးဌာနမှ အရာရှိတဦး ဖြစ်သူ ဒေါ်သန်းသန်းဌေးက ပြောသည်။

“စမ်းချောင်း ဝေဠုဝန် လမ်းကျယ်ထဲမှာ လမ်းဘေး အိပ်နေတဲ့ ခွေး ကိုက်ခံရတာ။ ဆေးရုံကြီးကို သွားတော့ ကာကွယ် ဆေး မရှိဘူး။ မရှိတော့ အနောက်ပိုင်း ဆေးရုံကို သွားတယ် မရှိဘူးတဲ့။ အဲဒါနဲ့ အထူးကု ဆေးရုံမှာ ထိုးလိုက်ရတယ်။ ၇ သောင်း လောက် ကုန်သွားတယ်။ မစားရက် မသောက်ရက် ကုန်ရော”ဟု ဒေါ်သန်းသန်းဌေးက ဆိုသည်။

မြန်မာနိုင်ငံတွင် ခွေးကိုက်ခံရသည့် အရေအတွက်မှာ တဖြည်းဖြည်း ပိုမို များပြားလာပြီး ကျန်းမာရေး ဝန်ကြီးဌာန စာရင်း ဇယားများ အရ ၂၀၁၈ ခုနှစ်တွင် ၁ သိန်း ၉ သောင်း ကျော် ရှိကာ ယခုနှစ်တွင်လည်း ခွေးကိုက်ခံရသူ ဦးရေ များပြားကြောင်း သိရှိရသည်။

ဝန်ကြီး ဌာန အနေဖြင့် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် အတွက် ခွေးရူးပြန် ရောဂါ ကာကွယ်ဆေးနှင့် ခွေးရူးပြန် ရောဂါ ကုသမှု ပဋိဇီဝ ပစ္စည်းများကို ကျပ် ၅ ဒသမ ၄ ဘီလီယံခန့် အသုံးပြု ဝယ်ယူခဲ့ကြောင်း ထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံတွင် ခွေးကောင်ရေ ၃ ဒသမ ၈ သန်းခန့် ရှိကြောင်း ကမ္ဘာ့ ကျန်းမာရေးအဖွဲ့၏ အချက်အလက်များကို ကိုး ကား၍ ဒေါက်တာ သန်းအောင်စိုးက လွှတ်တော်တွင် ဆွေးနွေးသွားသည်။

ခွေးကိုက်ခံရ၍ ခွေးရူးရောဂါ ဖြစ်ပွားလျှင် ကုသ၍မရဘဲ ဝေဒနာ ပြင်းထန်စွာ ခံစားရပြီး အသက် ဆုံးရှုံးရကြောင်း၊ ခွေးရူး ရောဂါကို တိရစ္ဆာန်မှ လူသို့ ကူးစက်တတ်သော အရေးကြီးဆုံး ရောဂါ သုံးမျိုး အနက် ပထမ အရေးကြီးဆုံး အဖြစ် ထည့်သွင်းထားကြောင်း ကမ္ဘာ့ကျန်းမာရေး အဖွဲ့ (WHO)၊ ကမ္ဘာ့ တိရစ္ဆာန် ကျန်းမာရေး အဖွဲ့ (OIE) တို့က ဆိုထား သည်။

ခွေးရူး ရောဂါကြောင့် လူသေဆုံးမှု အများဆုံး နိုင်ငံများ စာရင်းတွင် အိန္ဒိယ၊ ပါကစ္စတန်၊ တရုတ်၊ ဗီယက်နမ်၊ ဘင်္ဂလား ဒေ့ရှ်၊ မြန်မာ၊ ဖိလစ်ပိုင်၊ သီရိလင်္ကာ၊ အင်ဒိုနီးရှားတို့ ပါဝင်ကြောင်း သိရသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading