ရုရှားနိုင်ငံ၏ စစ်လက်နက် ပစ္စည်းများသည် ကမ္ဘာပေါ်တွင် အင်မတန် အဆင့်မြင့်သည့် စက်လက်နက် ပစ္စည်းများ ဖြစ်သလို နည်းပညာအားဖြင့်လည်း မြင့်မားသဖြင့် မြန်မာ့ တပ်မတော်အတွက် အလွန်အသုံးဝင်ကြောင်း တပ်မတော် ကာကွယ်ရေး ဦး စီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ယခု ရုရှားနိုင်ငံ ခရီးစဉ်အတွင်း ရုရှား နိုင်ငံ အခြေစိုက် ရေဒီယို၊ ရုပ်မြင်သံကြား အစီအစဉ်များနှင့် စုပေါင်း အင်တာဗျူးတရပ် ပြုလုပ်စဉ် တပ်ချုပ်က အထက်ပါအတိုင်း ပြောဆိုလိုက်ခြင်း ဖြစ်သည်။
“မြန်မာနိုင်ငံ၊ မြန်မာ့ တပ်မတော် အတွက်လည်း အင်မတန် အသုံးဝင်တဲ့ စစ်လက်နက် ပစ္စည်းတွေ ဖြစ်တယ်။ ရုရှားနိုင်ငံရဲ့ စစ်လက်နက် ပစ္စည်းတွေကို မြန်မာနိုင်ငံအတွက် လိုအပ်ချက် ရှိတဲ့နေရာတွေမှာ တိုးချဲ့ အသုံးပြုသွားမယ်လို့ ကျနော် ပြောလိုပါတယ်” ဟု ၎င်းက ရုရှား သတင်းထောက်များကို ပြောသည်။
ရုရှားနိုင်ငံက မြန်မာနှင့် ၂၀၁၈ ခုနှစ်တွင် သဘောတူညီချက်များအရ Su – 30 SM အမျိုးအစား တိုက်လေယာဉ် ၆ စီးကို စတင် တပ်ဆင်နေပြီဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ရုရှားနိုင်ငံတွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတခုတွင် ရုရှား စပွတ်နစ် သတင်းဌာနကို ပြောဆိုကြောင်း သိရသည်။
“(လေယာဉ်)တွေက အခု ထုတ်လုပ်တဲ့ စက်ရုံမှာပဲ ရှိနေတယ်။ သဘောတူညီချက်အတိုင်း အကောင်အထည်ဖော်သွားမယ်”ဟု ဗိုလ်ချုပ်မှူးကြီးက ပြောဆိုကြောင်း ရုရှားသတင်းက ဖော်ပြသည်။
ရုရှားနှင့် မြန်မာတို့သည် Su – 30 SM ၆ စီးစာအတွက် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလတွင် သဘောတူစာချုပ် လက်မှတ်ရေးထိုးခဲ့ပြီး Su – 30 SM သည် 4 Generation (စတုတ္ထမျိုးဆက်)၊ လူ ၂ ယောက်စီး ထိုင်ခုံပါပြီး ဝေဟင် အချင်းချင်းနှင့် ဝေဟင်မှ မြေပြင်သို့ ပစ်နိုင်သည့် တိုက်ခိုက်ရေးယာဉ် အမျိုးအစား ဖြစ်သည်။
ရုရှားနိုင်ငံ Sukhoi ကုမ္ပဏီက ထုတ်လုပ်ခြင်း ဖြစ်ပြီး Su – 30 SM တစီးလျှင် အမေရိကန် ဒေါ်လာ သန်း ၃၀ ကျော် တန်ဖိုးရှိ ကြောင်း စစ်ဘက် ဝက်ဆိုဒ်များ၏ သတင်းအချက်အလက်များအရ သိရသည်။
ယခု ရုရှားနိုင်ငံထုတ် Su – 30 SM သည် မြန်မာနိုင်ငံတွင် ရှိပြီး ဖြစ်သည် MiG – 29 တိုက်လေယာဉ်နှင့် မောင်းပုံ မောင်းနည်း တူညီသကဲ့သို့ ယခု Su – 30 SM က ထိန်းချုပ်မှု ပိုကောင်းသဖြင့် မြန်မာလေသူရဲများအတွက် အခက်အခဲ မရှိကြောင်း တပ်မတော် အဆင့်မြင့် အရာရှိတဦးက ဧရာဝတီသို့ ပြောသည်။
“သူ့ပုံစံက ဘယ်လိုလဲဆိုတော့ အင်ဂျင်နောက်ပေါက်က ရွေ့ လို့ရတယ်။ တည့်တည့် ပျံနေရင်းကနေ စောင်းတာကွေ့တာတို့ အထက်ကို ထိုးတက်တာတို့ ပိုပြီးတော့ လုပ်နိုင်တယ်။ ပြောရရင်တော့ မြန်မာလို ပြောရရင် ခုန်လို့ရတယ်ပေါ့။ အိတ်ဇောကနေ ထွက်တဲ့ တွန်းကန်အား လုပ်တဲ့ဟာကြီးက နောက်မြီးမှာတင် လှုပ်ရှားလို့ ရတယ်။ အဲဒီတွန်းအားကို အမျိုးမျိုး ရွေ့နိုင်အောင် လှုပ်ရှားလို့ ရတယ်”ဟု ၎င်းက ရှင်းပြသည်။
၎င်းက ဆက်၍ “အဓိကကတော့ MiG – 29 ရှိတယ်။ Yak – 130 တို့ ရှိတယ်။ အဲဒါတွေက နောက်ပိုင်းမှ ရှရှားဆီက ဝယ်ထားတာ ရှိတယ်။ ကျနော်တို့ တရုတ်က ဝယ်ထားတဲ့ F – 7 ဆိုတာလည်း ရုရှား နည်းပညာပါပဲ။ A – 5 ဆိုတာလည်း ရုရှား နည်းပညာပဲ။ တရုတ် လေယာဉ် ဆိုပေမယ့် ရုရှား နည်းပညာတွေပဲ။ အခု တကယ် မြေပြင်တိုက်ပွဲတွေမှာ သုံးနေတာတွေ ရှိတယ်။ ဥပမာ MiG – 29 ဆိုရင် ဟိုတခေါက်က ရခိုင်မှာ ညဖက်ကြီး စစ်ဆင်ရေး လုပ်တော့ ကျနော်တို့ MiG – 29 သုံးသွားတာ”ဟု ပြောသည်။
မြန်မာ့ တပ်မတော်သည် ၁၉၈၈ ခုနှစ်၊ စစ်အာဏာ သိမ်းပြီးစတွင် တရုတ်နိုင်ငံမှ လက်နက်များကို အလုံးအရင်းနှင့် ဒေါ်လာ ၁.၂ ဘီလီယံ တန်ဖိုးအထိ ဝယ်ယူခဲ့ဖူးသော်လည်း သတင်းများအရ တပ်မတော်က အရည်အသွေးပိုင်းကို သဘောမကျကြောင်း၊ နောက်ပိုင်းတွင် တခြား Source များကို ပြောင်းလဲ စဉ်းစားသည့်သဘောမျိုး တွေ့ရကြောင်း မဟာဗျူဟာနှင့် မူဝါဒ လေ့လာရေးအဖွဲ့မှ ဒါရိုက်တာ တဦးဖြစ်သူ ဦးအောင်သူငြိမ်းက ပြောသည်။
“အနောက်အုပ်စုဆီကတော့ ဝယ်လို့ မရနိုင်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ အီးယူတို့ ကျန်တဲ့ နိုင်ငံတွေက Everything but arms policy ဆိုတဲ့ မူဝါဒ ရှိတယ်။ လက်နက်ကလွဲပြီးတော့ ကျန်တာတော့ ရမယ်။ လက်နက်တော့ မရဘူးဆိုတာ ရှိတယ်။ အနောက်နိုင်ငံတွေကို အားကိုးလို့ မရတော့ ရုရှားတို့ ယူကရိန်းတို့ဘက်ကို လှည့်သွားတာပေါ့”ဟု ၎င်းက ပြောသည်။
၎င်းက ဆက်၍ “အခု ရုရှားက ဝယ်မယ့်ဟာတွေက စတုတ္ထမျိုးဆက်ထဲမှာ ပါသွားတယ်။ မြန်မာစစ်တပ်ဘက်က ကြည့်မယ် ဆိုရင်လည်း နည်းပညာ မြှင့်ချင်တဲ့ကာလပေါ့။ ပြောမယ်ဆိုရင် ဒေသတွင်းမှာ လက်နက်ပြိုင်ဆိုင်မှုက ရှိနေတာပေါ့။ အဲတော့ စတုတ္ထ မျိုးဆက် ဖိုက်တာတွေ ကျနော်တို့ဆီမှာ ၆ စီးလောက် ရလာရင် ဒေသတွင်း နည်းနည်း ခန့်ညားမယ့် သဘောမျိုး ရှိတာပေါ့ဗျာ”ဟု ပြောသည်။
မြန်မာနိုင်ငံတွင် စစ်ဘက်-အရပ်ဘက် ဆက်ဆံရေး၌ ပြဿနာ များစွာရှိနေပြီး အရပ်ဘက်က အခြား ပညာရေး၊ ကျန်းမာရေး အသုံးစရိတ်များ တိုးမြင့်သုံးစွဲနိုင်ရန် စစ်အသုံးစရိတ် လျော့ချချင်နေချိန် တပ်မတော်ကမူ ဘင်္ဂလားဒေ့ရှ် အပါအဝင် အိမ်နီးချင်း တိုင်းပြည်များကို ကြည့်၍ စစ်လက်နက် အရည်အသွေးကို တိုးမြင့်လိုပုံရကြောင်း စစ်ရေး၊ နိုင်ငံရေး လေ့လာသူများက သုံးသပ်သည်။
တပ်မတော် အသုံးစရိတ်များနှင့် ယခုလို စစ်လက်နက် ပစ္စည်း ဝယ်ယူသည့် ကိစ္စရပ်များကို သမ္မတ ဦးဆောင်သည့် ဘဏ္ဍာရေး ကော်မရှင်၏ လုပ်ငန်းစဉ်အတိုင်း စိစစ်မှုများ ရှိပြီး အများစုကို ခွင့်ပြုချက် ပေးနေကြောင်း သမ္မတရုံး အသိုင်းအဝိုင်းက ပြောသည်။
၂၀၁၈ နှစ်ဆန်းပိုင်းတွင် ရုရှား ကာကွယ်ရေး ဝန်ကြီး လာရောက်လည်ပတ်စဉ် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် တွေ့ဆုံပြီး ရုရှားထုတ် Su – 30 SM ၆ စီး ရောင်းပေးမည်ဟု ကတိပြုခဲ့ပြီး ဖြစ်ရာ ယခုအခါ ယင်းလုပ်ငန်းစဉ်ကို ဆက်လက် အကောင်အထည် ဖော်ခြင်း ဖြစ်ကြောင်း၊ ယခု တပ်ချုပ်၏ ရှရှား ခရီးစဉ်အတွင်း ယင်းလေယာဉ်ထုတ်လုပ်မှုများကို သွားရောက်ကြည့်ရှု့ ခဲ့သည့် အနေ အထား တွေ့ရကြောင်း သေနင်္ဂဗျူဟာ အင်စတီကျူမှ ဒါရိုက်တာ ဦးနိုင်ဆွေဦးက ပြောသည်။
“ကျနော်တို့ဆီမှာ အရင်က ကိုယ့်နိုင်ငံ ကာကွယ်ရေးအတွက်လောက်ပဲ လုံလောက်တဲ့ အနေအထား ရှိတယ်။ အမြဲတန်း မိတ်ဆွေ၊ အမြဲတန်း ရန်သူဆိုတာ မရှိဘူးဆိုတဲ့အတိုင်းပဲ လေကြောင်းမှာ အလေးသာဖို့ တာဝေးကို ထိုးဖောက် တိုက်ခိုက်နိုင်မယ့် လေယာဉ်ပျံ မျိုးတွေက လိုနေတာ။ သွားတိုက်ခိုက်ဖို့ မဟုတ်ဘဲ ကိုယ့်မှာ ရှိတယ်ဆိုတဲ့ အဟန့် ရှိနေဖို့ လိုတယ်”ဟု ၎င်းက ပြောသည်။
ရုရှားနိုင်ငံကမူ မြန်မာနိုင်ငံကို ယုံကြည်ရသည့် မဟာမိတ် နိုင်ငံတခု အနေဖြင့် အရှေ့တောင်အာရှနှင့် အာရှ-ပစိဖိတ် ဒေသဆိုင်ရာ မဟာမိတ် အဖြစ် စဉ်းစားထားသည်ဟု ရုရှား ကာကွယ်ရေးဝန်ကြီး Sergey Shoygy က တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရှရှားနိုင်ငံကို ရောက်ရှိနေချိန်တွင် ပြောဆိုခဲ့သေးသည်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ရှရှားကာကွယ်ရေး ဝန်ကြီးနှင့် ရုရှား-မြန်မာ စစ် ဘက် နည်းပညာ ပူးပေါင်းဆောင်ရွက်ရေး ကော်မတီ၏ ဖိတ်ကြားချက်အရ ဧပြီလ ၂၀ ရက်နေ့တွင် ၎င်း၏ ခရီးစဉ်ကို စတင်ခဲ့ပြီး ခရီးစဉ် အတွင်း ၈ ကြိမ်မြောက် မော်စကို နိုင်ငံတကာလုံခြုံရေးဆိုင်ရာ ညီလာခံသို့ တက်ရောက်ခြင်း၊ ရုရှား ဖက်ဒရေးရှင်းနိုင်ငံ အစိုးရနှင့် တပ်မတော်မှ အကြီးအကဲများနှင့် တွေ့ဆုံဆွေးနွေးခြင်း၊ စက်ရုံ၊ အလုပ်ရုံများနှင့်အထင်ကရ နေရာများအား လှည့်လည် ကြည့်ရှုလေ့လာခြင်းများ ဆောင်ရွက်မည်ဟု သတင်းထုတ်ပြန်ထားသည်။