ကချင်ပြည်နယ် ဖားကန့်ဒေသအတွင်း လူ ၅၀ ကျော် သေဆုံးသော နွံကန်ကျိုးပေါက်မှု ဖြစ်ပွားအပြီး ထပ်မံ၍ နွံကန် ပေါက်ကျမှု၊ မြေပြိုမှုများ ဆက်တိုက် ဖြစ်ပေါ်နေပြီး သေဆုံးမှုစာရင်း တိုးလာကြောင်း ကချင်ပြည်နယ် ရဲတပ်ဖွဲ့ထံမှ စုံစမ်း သိရှိရသည်။
ဧပြီ ၂၂ ရက်တွင် နွံကန် ကျိုးပေါက်မှုကြောင့် ကုမ္ပဏီ ၂ ခုမှ လုပ်သားဝန်ထမ်း ၅၄ ဦး နွံရေများနှင့်အတူ နစ်မြုပ်သွားသည့် ဖြစ်စဉ်အပြီး ဧပြီ ၂၃ ရက်နှင့် ၂၅ ရက်တွင် ထပ်မံဖြစ်ပွားသည့် ဖြစ်စဉ်များကြောင့် လူ ၄ ဦး ထပ်မံသေဆုံးခဲ့ကြောင်း ကချင် ပြည်နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး လွင်မောင်သိန်းက ဧရာဝတီကို ယနေ့ နံနက်ပိုင်းက အတည်ပြု ပြောသည်။
ပျောက်ဆုံးသွားသည့် ဝန်ထမ်း ၅၄ ဦးနှင့် စက်ယန္တရားများ ရှာဖွေ ကယ်ဆယ်ရေး ဆောင်ရွက်နေစဉ် ဧပြီ ၂၃ ရက် နံနက် ၆ နာရီခွဲတွင် ဖားကန့်မြို့၊ လုံးခင်းကျေးရွာအုပ်စု၊ ကထန်ကျေးရွာအနီး One Brother (နိုင်ငံတော်နှင့်အကျိုးတူ) လုပ်ကွက် အတွင်း အမြင့်ပေ ၈၀ ခန့်မှ မြေစာပြိုကျမှုကြောင့် လုပ်ငန်းဆောင်ရွက်နေသည့် ကျောက်စက်တစီးပေါ် မြေစာများ ကျ ရောက်ခဲ့ပြီး ယာဉ်မောင်းတဦး သေဆုံးသွားခဲ့ကြောင်း ၎င်းက ပြောသည်။
ထိုနေ့ ည ၈ နာရီခွဲခန့်တွင် ထပ်မံ၍ ဖားကန့်မြို့နယ်၊ အေးမြသာယာရပ်ကွက်၊ မော်မောင်းလယန်ရွာအနီး မော်မောင်း အကျိူးတူ လုပ်ကွက်ရှိ ကချင်တိုင်းရင်းသားများဖွံ့ဖြိုးတိုးရေးကုမ္ပဏီ(KNDPC) ဝန်းထဲ၌ အလျား ပေ ၁၅၀၊ အနံ ပေ ၁၀၀ ကျော်၊ အမြင့် ပေ ၆၀ ကျော်ရှိ စွန့်ပစ်မြေစာပုံဟောင်း မြေလွှာလျှောကျမှု ဖြစ်ပွားကာ ဘတ်ဟိုးယာဉ်မောင်းနှင့် လုပ်ငန်း ကြီးကြပ်သူ ၂ ဦး မြေစာထဲ ပါသွားခဲ့ပြန်သည်။
ယနေ့ နံနက် ၄ နာရီကျော်တွင်လည်း ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စု သာယာကုန်းကျေးရွာအနီး Jade Power ကုမ္ပဏီ လုပ်ကွက်အတွင်း ရေမဆေးကျောက် ရှာဖွေနေသည့် ဦးထွန်းမြင့်အပေါ် အမြင့်ပေ ၅၀၀ ခန့်ရှိ မြေသားနံရံပေါ်မှ မောက်တုံးပြုတ်ကျမှုကြောင့် အခင်းဖြစ်နေရာတွင် သေဆုံးသွားကြောင်း၊ ရဲတပ်ဖွဲ့မှ သေမှုသေခင်း ဖွင့်ထားပြီး ဓမ္မတာ အတိုင်း သေဆုံးခြင်း ဟုတ်မဟုတ် စိစစ်နေကြောင်း ရဲမှူးကြီး လွင်မောင်သိန်းက ပြောသည်။
ဧပြီ ၂၂ ရက် ည ၁၂ နာရီ မိနစ် ၂၀ ခန့်က ဖားကန့်မြို့နယ်၊ မော်ဝမ်းရပ်ကွက်၊ မော်ဝမ်းကလေး ကျေးရွာအနီး ယူနတီ ကျောက်မျက်ကုမ္ပဏီ လုပ်ကွက်နှင့် နဂါးကိုးကောင် ကျောက်မျက်ကုမ္ပဏီ လုပ်ကွက်အကြား အနက် ပေ ၁၀၀၊ ဧရိယာ ၅ ဧကခန့်ရှိ နွံကန်ကျိုးပေါက်မှု ဖြစ်ပွားခဲ့မှုတွင် လူ ၅၄ ဦး နွံအိုင်အောက်တွင် နစ်မြှုပ်ခဲ့ရသည်။
ရှာဖွေရေး ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ ဧပြီ ၂၅ ရက်ထိ နဂါးကိုးကောင်ကုမ္ပဏီမှ အထွေထွေ ဝန်ထမ်း ချင်းလူမျိုး ငွန်ဇာကမ်(၁၉ နှစ်) ဟားခါးဇာတိ၊ မြန်မာသူရကုမ္ပဏီမှ ဘတ်ဟိုးယာဉ်မောင်း လှိုင်မိုးမင်း(၂၃ နှစ်) စစ်ကိုင်း တိုင်းနှင့် ဝင်းထွန်းဦး ကျောက်ဆည်၊ မန္တလေးတိုင်း ဇာတိတို့၏ ရုပ်အလောင်း ၃ ခုကို ရှာဖွေ တွေ့ရှိပြီဖြစ်ကြောင်း ရဲမှူးကြီး လွင်မောင်သိန်းက အတည်ပြုသည်။
ရဲမှူးကြီး လွင်မောင်သိန်းက “ကယ်ဆယ်ရေးက ဆက်တော့လုပ်နေတယ်။ ရပ်တော့ မရပ်ဘူး။ လုပ်လို့ရသလောက် လုပ်နေတယ်။ နွံကန်ကြီးက ၅ ဧက လောက် ကျယ်ပြီး အနက် ပေ ၁၀၀-၁၅၀ ဖြစ်တဲ့အခါကျတော့ လွယ်လွယ်ကူကူနဲ့ ဒီမြေ ကြီးတွေ ဖယ်လို့ မလွယ်ဘူး” ဟု အခြေအနေကို ရှင်းပြသည်။
ရုပ်အလောင်း ၃ လောင်းသာ ပြန်လည် တွေ့ရှိထားပြီး ကျန်ရှိ ပျောက်ဆုံးနေသူ ၅၁ ဦးကိုလည်း အသက်ရှင်လျက် ပြန်တွေ့ ရန် မဖြစ်နိုင်တော့သဖြင့် ယင်းဖြစ်ရပ်တွင် ၅၄ ဦး သေဆုံးသည်ဟု အာဏာပိုင်များက အတည်ပြုထားသည်။
ဖားကန့်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတင့်စိုး က “အဓိကက နီးနီးနားနား လွယ်လွယ်ကူကူ နွံတွေကို စွန့်ပစ် ကြတယ်။ တူးထားပြီးသား ကျင်းဟောင်းတွေမှာ သွားပြီး မြေစာတွေကို သွန်တဲ့အခါ ရေနဲ့မြေစာတွေရောပြီး နွံကန်ဖြစ်သွား တာပေါ့။ ရေချည်းပဲဆိုရင် ကိစ္စမရှိဘူး။ ရေနဲ့မြေစာတွေ ရောတဲ့ အခါ ဝိတ်က မတူတော့ဘူး။ အဲဒီဖိအားဒဏ်ကို သာမန်မြေ သားအနေနဲ့ ကိစ္စမရှိပေမယ့် မြေစာနဲ့ရေ ရောသွားတဲ့အခါ ဖိအားဒဏ်မခံနိုင်ဘဲ ကွဲအက်ပြီးမှ ဖြစ်လာတဲ့ အနေအထားမျုးပါ” ဟု မှတ်ချက်ပြုသည်။
ဆက်လက်၍ ၎င်းက မြန်မာသူရကုမ္ပဏီမှ သေဆုံးသွားသည့် ၎င်း၏ဝန်ထမ်း ၂၈ ဦးအတွက် တဦးလျှင် ငွေကျပ် သိန်း ၃၀၀ စီ ထောက်ပံ့ပေးမည်ဖြစ်ကြောင်း၊ နဂါးကိုးကောင်ကုမ္ပဏီအနေဖြင့်လည်း ၎င်း၏ဝန်ထမ်း ၂၆ ဦးအတွက် ထောက်ပံ့ပေးမည် ဖြစ်ရာ ၎င်းအား ညှိနှိုင်းဆောင်ရွက်ပေးရန် ဖိတ်ခေါ်သဖြင့် သွားနေကြောင်း ဧရာဝတီကို ပြောသည်။
ယခုရက်ပိုင်းအတွင်း နွံကန်ကျိုးပေါက်မှု၊ မြေပြိုမှုများနှင့် ပတ်သက်၍လည်း ဦးတင့်စိုး က “ကုမ္ပဏီကလည်း စည်းကမ်းမ လိုက်နာသလို ဒါတွေကို ကြီးကြပ်ကြည့်ရှု လုပ်ဆောင်ပေးရမယ့် တာဝန်ရှိတဲ့ ဝန်ထမ်းအဖွဲ့ အစည်းကလည်းပဲ သူတို့ရဲ့ ကြီးကြပ်မှု အားနည်းတယ်လို့ ပြောလို့ရတယ်” ဟု ဆိုသည်။
မကြာခဏ ဆိုသလို ဖြစ်ပွားနေသည့် ဖားကန့်ဒေသကို အဓိကတာဝန်ရှိသည့် ဝန်ကြီးဌာနနှင့် သက်ဆိုင်ရာဌာန အဖွဲ့အ စည်းများက ကြပ်မတ်စွာ ဆောင်ရွက်ပြီး နောက်နောင် ထပ်မဖြစ်စေရန် ဂရုစိုက်သင့်ကြောင်း၊ ကုမ္ပဏီများဘက်မှလည်း စည်းကမ်း၊ ဥပဒေ၊ ညွှန်ကြားချက်များကို လိုက်နာဆောင်ရွက်ရန် လိုအပ်ကြောင်း ၎င်းက အကြံပြုသည်။
ဦးတင့်စိုး က “တကယ်တမ်း ပြောရရင် ဒီတူးဖော်ရေး ကိစ္စတွေနဲ့ ပတ်သက်လို့ ပြည်နယ် သယံဇာတ ဝန်ကြီးဌာနအနေနဲ့ ကြီးကြပ်နိုင်မှု အားနည်းတယ်။ လုပ်ပိုင်ခွင့်မှာ တော်တော်လေး အားနည်းတယ်။ ဒါတွေက ဖွဲ့စည်းပုံအခြေခံဥပဒေအရလည်း ပြည်ထောင် စုကပဲ တိုက်ရိုက် ညွှန်ကြားဆောင်ရွက်တဲ့ အနေအထားမျိုး တွေ့ရတယ်။ သူတို့(ပြည်နယ်အစိုးရ)အနေနဲ့ ဒါကို ကြပ်ကြပ် မတ်မတ် လုပ်ပိုင်ခွင့်ပေးထားတာမျိုး မရှိတော့ လုပ်ရကိုင်ရခက်တဲ့ အနေအထားမျိုးရှိပါတယ်” ဟု ရှင်းပြသည်။
ဖားကန့်တွင် မြေပြိုမှု မကြာခဏ ဖြစ်ပွားသော်လည်း ဧပြီ ၂၂ ရက် ဖြစ်စဉ်သည် လူ အသေအပျောက် အများဆုံး ဖြစ် ကြောင်း၊ တခါတရံ အဖြစ်အပျက်ကို မတော်တဆမှုဟု ဆိုနိုင်သော်လည်း ယခုကဲ့သို့ မကြာခဏဆိုသလို ပြည်သူလူထု၏ အသက်အိုးအိမ် ဆုံးရှုံးမှုများ ဖြစ်ပေါ်နေခြင်းကို အစိုးရအနေဖြင့် တာဝန်ယူ ထိန်းကျောင်းသင့်ကျောင်း ဖားကန့်အခြေစိုက် Green Land သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး အဖွဲ့ ဥက္ကဋ္ဌ ဦးယိန်းခေါက တောင်းဆိုသည်။
ယခုနှစ် ဖေဖော်ဝါရီ လကလည်း ဖားကန့်ဒေသတွင် ၃၀ ဒသမ ၅ မီတာအမြင့်ရှိ မြေစာပုံပြိုကျခဲ့ရာ ရေမဆေးကျောက် ရှာဖွေသူ ၆ ဦးသေဆုံးပြီး တဦးဒဏ်ရာရခဲ့သည်။
အလားတူ ၂၀၁၈ ခုနှစ် ဇူလိုင်လကလည်း ကျောက်စိမ်းမှော်တခုတွင် မြေစာပုံပြိုကျမှုကြောင့် အနည်းဆုံး လူ ၂၇ ဦးသေဆုံးခဲ့ပြီး ယင်းနှစ် မေလကလည်း ဝှေခါကျေးရွာရှိ ကျောက်စိမ်းလုပ်ကွက် မြေပြိုကျမှုတွင် ရေမဆေးကျောက် ရှာဖွေသူများမြေပိ၍ အလောင်း ၁၅ လောင်းရှာဖွေ တွေ့ရှိပြီး ၆ ဦးဒဏ်ရာရရှိခဲ့သည်။
၂၀၁၅ ခုနှစ်၊ နိုဝင်ဘာလက ယင်းဒေသ၌ မြေစာပုံပြိုကျမှု အကြီးအကျယ်ဖြစ်ပွားခဲ့ရာ ရေမဆေးကျောက်ရှာသူ အနည်းဆုံး ၁၁၆ ဦးသေဆုံးပြီး ၁၀၀ ဦး ခန့် ပျောက်ဆုံးခဲ့သည်။
ဆက်စပ်ဖတ်ရှုရန်
ဖားကန့် နွံကန်ကျိုးပေါက်မှု ရုပ်အလောင်း ၂ လောင်း ရှာတွေ့၊ ၅၀ ကျော် ပျောက်နေဆဲ