အစိုးရက ချမှတ်ထားသည့် တင်ဒါ စည်းမျဉ်း စည်းကမ်းများ အတိုင်း လိုက်နာ ဆောင်ရွက်ခြင်း မရှိပါက ပြင်းပြင်းထန်ထန် အရေးယူ ဆောင်ရွက်မည် ဖြစ်ကြောင်း သမ္မတ ဦးဝင်းမြင့် က သတိပေးလိုက်ကြောင်း သိရှိရသည်။
သမ္မတ ဦးဝင်းမြင့်က“သတ်မှတ်ထားသည့် လုပ်ထုံး လုပ်နည်းနှင့် မညီညွတ်သည့် တင်ဒါ ခေါ်ယူမှုများ၊ တင်ဒါ စည်းမျဉ်း များ အတွင်း လက်တလုံးခြား လုပ်ကိုင် ဆောင်ရွက်မှုများကို ပြင်းပြင်းထန်ထန် အရေးယူ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ကို ထပ်မံ သတိပေးလိုပါတယ်”ဟု ဘဏ္ဍာရေး ကော်မရှင် အစည်းအဝေးတွင် ပြောကြားခြင်း ဖြစ်သည်။
ယခု ဧပြီ လဆန်းတွင် ပြုလုပ်သည့် ဘဏ္ဍာရေး ကော်မရှင် အစည်းအဝေး ( ၁/၂၀၁၉ )တွင်လည်း အဆိုပါ အကြောင်း အရာကို သမ္မတ သတိပေး ပြောကြားခဲ့ပြီး ဧပြီ ၂၄ ရက်က ကျင်းပသည့် အစည်းအဝေးတွင်လည်း ထပ်မံ သတိပေး ပြောကြားလိုက်ခြင်း ဖြစ်သည်။
ကျပ် ၁၀ သန်းမှ ကျပ် သန်း ၁၀၀ အထိ တည်ဆောက်ခြင်း၊ ပစ္စည်း ဝယ်ယူခြင်းနှင့် ဝန်ဆောင်မှု ရယူခြင်း လုပ်ငန်းများ အတွက် အိတ်ဖွင့် တင်ဒါ ခေါ်ယူရာတွင် သက်ဆိုင်ရာ ဝန်ကြီးဌာန၊ ကြော်ငြာ သင်ပုန်း၊ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊ ခရိုင် အုပ်ချုပ်ရေးမှူးရုံးနှင့် မြို့နယ် အုပ်ချုပ်ရေးမှူး ရုံးများ၏ ကြော်ငြာ သင်ပုန်းတွင် တင်ဒါ ဖွင့်လှစ်ရန် သတ်မှတ်ရက် ထက်၂ ပတ် (၁၄) ရက် ကြိုတင်၍ သိသာထင်ရှားစွာ ကြေညာရမည် အစရှိသည်များ ညွှန်ကြားချက် ၁/၂၀၁၇ တွင် ထုတ်ပြန် ပါရှိသည်။
ထို့ပြင် ကျပ်သန်း ၁၀၀ အထက် တည်ဆောက်ခြင်း၊ ပစ္စည်း ဝယ်ယူခြင်းနှင့် ဝန်ဆောင်မှု ရယူခြင်းအတွက် ဆောင်ရွက် မည့် လုပ်ငန်း အမျိုးစားကို ရှင်းလင်းစွာ ဖော်ပြပြီး အိတ်ဖွင့် တင်ဒါ ဖွင့်လှစ်ရန် သတ်မှတ်ရက်ထက် ၁ လကြိုတင်ပြီး နိုင်ငံ ပိုင် သတင်းစာများတွင် အနည်းဆုံး ၂ ကြိမ် သိသာထင်ရှားစွာ ကြေညာ၍ တင်ဒါ ခေါ်ယူရမည်ကိုလည်း ဖော်ပြထားသည်။
အလားတူ ဝန်ကြီးဌာန Website တွင် ဖော်ပြထားသည့် ညွှန်ကြားချက်တွင်လည်း အနည်းဆုံး ၁ လ ကြိုတင် ကြေညာ ရမည်ဟု ပါရှိသည်။
တိုင်းဒေသကြီး၊ ပြည်နယ်များ အတွက် ထပ်မံ ခွင့်ပြုပေးမည့် ဖြည့်စွက် ငွေများကို ပြည်ထောင်စု လွှတ်တော်သို့ ၂၀၁၉ ခု နှစ် ဧပြီ ၃၀ ရက် မတိုင်မီ ပေးပို့ တင်ပြရမည် ဖြစ်သဖြင့် အချိန်မီ ပေးပို့နိုင်ရန်နှင့် ထိုသို့ တင်ပြ တောင်းခံရာတွင်လည်း ဒေသ အတွက် ဟန်ပြ ဖြစ်စေမည့် လုပ်ငန်းမျိုး မဖြစ်စေဘဲ၊ ဒေသခံ ပြည်သူများ အတွက် အကျိုးရှိ ထိရောက်သည့် လုပ်ငန်းများ တွင် အသုံးပြုကြရန် အတွက်သာ တင်ပြ တောင်းခံရန် သမ္မတ ဦးဝင်းမြင့် က သတိပေး ပြောကြားသည်။
ပျဉ်းမနားမြို့မှ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦသန်းစိုးအောင်က“တချို့ ပြည်နယ်နဲ့ တိုင်းမှာ လွဲတာတွေ ရှိနေတာ ကို သမ္မတကြီးက သိလို့ မလွဲအောင် မှန်မှန်ကန်ကန် လုပ်အောင် ပြတ်ပြတ်သားသား လုပ်ဖို့ ထပ်ပြီး သတိပေးတာ ဖြစ်ပါ တယ်။ လွဲခြင်းဆိုတာ မရှိအောင် သမ္မတကြီးက သတိပေးတဲ့ သဘောပါ”ဟု ပြောသည်။
တနင်္သာရီတိုင်း ဒေသကြီး အတွင်းရှိ ထားဝယ် လေယာဉ်ကွင်း ခြုံရှင်းသည့် ကိစ္စတွင်လည်း F22 Sunny Construction ကုမ္ပဏီအား တင်ဒါ ခေါ်ယူခြင်း မပြုဘဲ လုပ်ငန်း အပ်နှံမှု အပါအဝင် ဒေသ ဖွံ့ဖြိုးရေး လုပ်ငန်း အချို့ တင်ဒါ ခေါ်ယူမှုများ တွင် အဂတိ လိုက်စားမှုများ ရှိသည်ဟု ဆိုကာ ဒေသ အတွင်းရှိ ဆောက်လုပ်ရေး လုပ်ငန်းရှင်များက သမ္မတထံ တိုင်ကြား ခဲ့ဖူးသည်။
တချို့သော ဌာနများမှာ စီမံကိန်း အရ လတ်တလော မလိုအပ်သေးသည့် ဆောင်ရွက်နေသည့် ကိစ္စရပ်များ ရှိနေကြောင်း၊ အဆိုပါ ကိစ္စရပ်များတွင် အသုံးပြုထားသည့် ငွေပမာဏများ အလွန် များပြားကြောင်း၊ အကောင်အထည် မဖော်ဆောင် သေးသည့် အတွက် ဘတ်ဂျက်များကို ပြည်သူများ အမှန်တကယ် လိုအပ်သည့် လမ်းတံတား လုပ်ငန်းများ၊ သောက်သုံး ရေ ရရှိရေး လုပ်ငန်းများတွင် အသုံးပြုရန် အတွက် ပြောရကြောင်း ဒက္ခိဏ သီရိမြို့နယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စား လှယ် ဦးသန့်ဇင်ထွန်းက ဆိုသည်။
၎င်းက ဆက်လက်၍“နေပြည်တော်မှာ ရှိတာက ဌာနရဲ့ စီမံကိန်းတွေက လတ်တလော မလိုအပ်သေးဘဲ လုပ်တာမျိုးတွေ ရှိတယ်။ ပြည်သူ အတွက် မလိုအပ်သေးတဲ့ ရေ ပေးဝေရေး လုပ်ငန်းများနှင့် ပတ်သက်၍ ငွေက အများကြီး သုံးရတာ။ ဥပမာ- ဒက္ခိဏပေါ့။ လူလည်း နေတာ မဟုတ်ဘူး။ ဒါပေမယ့် စီမံကိန်းမှာကျတော့ ဘီလီယံနဲ့ ချီတယ်”ဟု ပြောသည်။
ပျဉ်းမနားမြို့မှ Boy NPT ကုမ္ပဏီမှ တင်ဒါ လုပ်ငန်းများ လုပ်ကိုင်နေသူ လုပ်ငန်းရှင် ဦးခင်မောင်တင့်က“ဆောက်လုပ်ရေး လုပ်ငန်းတွေကို ဦးစားပေးပြီး ဆောင်နေပါတယ်။ သမ္မတရုံး ကတော့ ၁/၂၀၁၇ ဆိုပြီးတော့ ထုတ်ပြန်ထားတော့ လုပ်ထုံး လုပ်နည်း အတိုင်းပဲ လုပ်ပါတယ်”ဟု ဆိုသည်။
၂၀၁၈-၂၀၁၉ ခုနှစ် ဘဏ္ဍာရေးနှစ် အတွက် ပြုပြင်ပြီး ခန့်မှန်းခြေ စာရင်း အရ ငွေကျပ်၂၁၈၆၈ ဘီလီယံ၊ သုံးငွေ ကျပ် ၂၇၁၈၈ ဘီလီယံ၊ ဂျီဒီပီ တန်ဖိုး ကျပ် ၁၀၅၇၂၆ ဘီလီယံ၊ အသားတင် လိုငွေ ကျပ် ၅၃၂၀ ဘီလီယံ ဖြစ်ပြီး လိုငွေနှင့် ဂျီဒီပီ အချိုးမှာ ၅ ဒသမ ၀၃ ရာခိုင်နှုန်း ဖြစ်ကြောင်း သိရသည်။
အဆိုပါ အစည်းအဝေးသို့ ဘဏ္ဍာရေး ကော်မရှင် ဒု ဥက္ကဋ္ဌ များ ဖြစ်ကြသည့် ဒုတိယ သမ္မတ ဦးမြင့်ဆွေ၊ ဦးဟင်နရီ ဗန်ထီး ယူ၊ ဘဏ္ဍာရေး ကော်မရှင် အတွင်းရေးမှူး၊ ပြည်ထောင်စု ဝန်ကြီး ဦးစိုးဝင်း၊ အဖွဲ့ဝင်များ ဖြစ်ကြသည့် ပြည်ထောင်စု ရှေ့ နေချုပ် ဦးထွန်းထွန်းဦး၊ ပြည်ထောင်စု စာရင်းစစ်ချုပ် ဦးမော်သန်း၊ နေပြည်တော် ကောင်စီ ဥက္ကဋ္ဌ၊ တိုင်းဒေသကြီး ပြည် နယ် ဝန်ကြီးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။