ပြည်နယ်နှင့်တိုင်း ၁၀ ခုတွင် သောက်သုံးရေရှားပါးမှု ပြဿနာနှင့် ရင်ဆိုင်ကြုံတွေ့ နေရကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန၊ ကျေးလက်ရေရရှိရေး ဌာနက ဧရာဝတီသို့ ပြောသည်။
ရေရှားပါးမှုကို ကယားပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ စစ်ကိုင်းတိုင်း၊ ပဲခူးတိုင်း၊ မကွေး တိုင်း၊ မန္တလေး တိုင်း၊ ဧရာဝတီတိုင်းနှင့် နေပြည်တော်ရှိ မြို့နယ်ပေါင်း ၉၃ မြို့နယ်၊ ကျေးရွာပေါင်း ၂၀၈ ရွာ၊ အိမ်ခြေ ၁၄၉၅၅ မှ လူဦးရေ ၆၃၄၅၂ က ကြုံတွေ့ နေရခြင်း ဖြစ်သည်။
ကျေးလက် ရေပေးဝေရေးဌာနမှ မမူယာအေး က “မကွေးတိုင်း၊ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း သူတို့က အပူပိုင်းဇုံ ဖြစ်တဲ့အတွက် ရေလိုအပ်ချက်ရှိမယ်။ မကွေးတိုင်းကတော့ ရေပိုပြီး ပေးဝေနေရတယ်” ဟု ဆိုသည်။
မိုးလေဝသနှင့် ဇလဗေဒပညာရှင် ဒေါက်တာ ထွန်းလွင် ကလည်း “အခုရေရှားပါးတာကို ကြည့်ရင် ဧရိယာ အားဖြင့်လည်း ကျယ်လာတယ်။ အချိန်အားဖြင့်လည်း စောလာတယ်” ဟု ပြောသည်။
ထို့အပြင် မြန်မာနိုင်ငံတွင် သောက်သုံးရေ ရှားပါးမှုမှာ ယခင်က နွေရာသီတွင်သာ ဖြစ်ပေါ်လေ့ရှိသော်လည်း ယခုအခါ ဆောင်းရာသီတွင်လည်း ရေရှားနေမှုဖြစ်ပွားလာသည်ဟု ဆိုသည်။
အလားတူ ယခင်က မြန်မာနိုင်ငံ အလယ်ပိုင်းတခုသာ ရေရှားပါးမှုကို ကြုံရသော်လည်း ယခုအခါ မြစ်ဝကျွန်းပေါ် ဒေသနှင့် ရှမ်းပြည်နယ် တို့တွင်လည်း ရေရှားမှုများ ဖြစ်ပွားနေသည်ဟု ဒေါက်တာ ထွန်းလွင် က ထောက်ပြသည်။
ဦးထွန်းလွင် က “မြန်မာပြည်မှာက ရေရှားပါးနိုင်တဲ့ အကြောင်း တရား နှစ်ခုရှိတယ်။ အပူချိန်က မြင့်တက် နေတယ်။ နောက် သစ်တောပြုန်းတီးနေတယ်။ အဲဒီနှစ်ခုက ရေရှားပါးမှုကို ဖြစ်စေ နိုင်တယ်။ အရင်က အရှေ့ တောင်အာရှမှာလည်း မြေအောက်ရေ ကြွယ်ဝမှု မြန်မာနိုင်ငံက အဆင့် ၄ ရှိတယ်။ အခုအဲ့ဒီအဆင့်လည်း မရှိတော့ဘူး” ဟု သုံးသပ်ထားသည်။
ရှမ်းပြည်နယ် တောင်ပိုင်း ပင်းတယမြို့နယ်ရှိ ကုန်းသာ၊ ကြိမ်တော၊ ကျောက်ကြား၊ ဝါးတရာ၊ ဆားပြား၊ ရေချမ်းစင်တို့ဖြစ်ပြီး ကလောမြို့နယ်တွင် သဲကုန်း၊ နောက်လွယ်၊ ဖောင်းတော၊ လေးကျောင်းတိုက်၊ သစ်ယားပင်၊ မိုးကောင်းတောင်၊ မြေခြားတောင် တောင်မြေခြား၊ ညောင်ရွှေမြို့နယ်၊ ဝါးကြီးမြောင်၊ ရေချမ်းကုန်း၊ ကျောက်ငှက်၊ စိန်တောင်တို့တွင်လည်း ရေရှားပါးမှုပြဿနာ ကြုံနေရသည်။
၎င်းမြို့နယ်များသို့ ရေအကူအညီ ပေးနေသည့် တောင်ရိုး လူမှုအထောက်အကူပြု အဖွဲ့ မှ ကိုအောင်ဆန်း က “ဒီရွာတွေက လွန်ခဲ့တဲ့ ၅ နှစ်လောက်ကတည်းက ရေရှားပါးမှုဖြစ်နေတဲ့ရွာတွေဖြစ်တယ်။ အဓိက သစ်တော ပြုန်းတီးမှုကြောင့် ဖြစ်လာတယ်။ နောက် ရေအရင်းအမြစ်ကို မထိန်းသိမ်းကြဘူး။ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းမှု အားနည်းနေတာကြောင့် ခြောက်သွေ့မှုကမြန်ဆန်လွန်းနေတယ်” ဟု ပြောသည်။
ထို့အပြင် ရှမ်းပြည်နယ် တောင်ပိုင်းတွင် ရေအကူအညီပေးနေသည့် ကမ္ဘောဇအနာဂတ် အလင်းတန်းမြန်မာ ဖောင်ဒေးရှင်းမှ ဦးခင်အောင်ကလည်း “ဒီနှစ်က ပိုပူတဲ့နှစ်၊ ရာသီဥတုကလည်း ပိုပြီး ပူပြင်းတော့ ရေရှား တယ်။ နောက် ရေခမ်းတာမြန်လာတယ်။ အခုဟာက မြေသားရေလှောင်ကန် ရှိတဲ့နေရာတွေဆို ရေခမ်း တာကြောင့် ရေနည်းသွားတော့ ရေမလောက်ငဘူး ဖြစ်သွားတယ်” ဟု ပြောသည်။
ရှမ်းပြည်နယ်တောင်ပိုင်း မိုးနဲမြို့နယ် လားဟူတိုင်းရင်းသားဒေသ ဝမ်ရေးရွာသည် အိမ်ထောင်စု ၂၀၀ လူဦးရေ ၁၀၁၉ ဦးတို့ နေထိုင်လျက်ရှိပြီး ဒေသခံပြည်သူများ သောက်သုံးရေခက်ခဲမှု ပြသနာနှင့် ရင်ဆိုင်နေကြရသည်။
ရန်ကုန်မြို့ရှိ ရေရရှိရေးနှင့် ရေပေးဝေရေးလုပ်ငန်းတာဝန်ခံအဖွဲ့က ရာသီဥတုပူပြင်းခြောက်သွေ့၍ ရေသုံးစွဲမှု များပြားလာခြင်း၊ လျှပ်စစ်ဓါတ်အား ပြတ်တောက်မှုဖြစ်ပေါ်ခြင်းတို့ကြောင့် ရေဖိအားလျော့နည်း ကျဆင်းမှုများ လတ်တလောဖြစ်ပေါ်လျှက်ရှိသည့်အတွက် ရေချွေတာစုဆောင်းအသုံးပြုကြရန်နှင့် ရေလို အပ်ချက် ရှိပါက ဆက်သွယ်တောင်းခံနိုင်ကြောင်း အသိပေးထုတ်ပြန်ထားသည်။
လူမှုဝန် ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဌာနကလည်း ပြည်သူ လူထုအနေဖြင့် သောက်သုံးရေ လိုအပ်ချက်များနှင့်ပတ်သက်၍ ဖွင့်လှစ်ထားသည့် Hot-line သို့ ဆက်သွယ်အကူအညီ တောင်းခံနိုင်ကြောင်း အသိပေးထားသည်။
အစိုးရအနေဖြင့် ရေလိုအပ်သည့်နေရာများသို့ ကျေးရွာများအထိ ရေကားများဖြင့် ရေပေးဝေခြင်းကို မတ်လမှ စပြီး ဧပြီ ၂၄ ရက်နေ့ အထိ ရေဂါလံပေါင်း ၃၂၉၆၇၀ ပေးဝေထားပြီးဖြစ်သကဲ့သို့ ယခင် ၂၀၁၈ ခုနစ်တွင်လည်း မတ်လမှ စတင်ပြီး ဇွန်လအထိ ရေဂါလံပေါင်း ၇၈၂၈၁၅ ပေးဝေထားသည်ဟု သိရသည်။