သတင်း

တနှစ်ကိုးလအရွယ် ကလေးအား ညှဉ်းပန်းနှိပ်စက်သူများကို အရေးယူ

Want create site? Find Free WordPress Themes and plugins.

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ်၊ ဆေးကျောင်း (၂) အနီး ခခွေးဈေးနားတွင် ဖြစ်ပွားခဲ့သည့် တနှစ်ကိုးလ အရွယ် ကလေး (ယောကျ်ားလေး) အား ညှဉ်းပန်းနှိပ်စက်သူများကို အမှုဖွင့် အရေးယူထားပြီဖြစ်ပြီး ကလေးကိုလည်း ရန် ကုန်တိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာနမှ ခေါ်ယူစောင့်ရှောက် ထားပြီဖြစ်ကြောင်း သိရသည်။

ကလေးငယ်အား ညှဉ်းပန်းနှိပ်စက်သည့် အဖွားနှင့် အဒေါ်ဖြစ်သူတို့အား အမှုအမှတ် (ပ)၇၁၇/၁၉ ကလေးသူငယ်ဥပဒေ ပုဒ်မ ၆၆(ဃ) ဖြင့် မြောက်ဥက္ကလာပ ရဲစခန်းတွင် အမှုဖွင့် အရေးယူထားကြောင်း စခန်းတာဝန်မှူးက ယနေ့ နံနက်ပိုင်းက ဧရာဝတီကို အတည်ပြု ပြောဆိုသည်။

“အဖွားနဲ့ အဒေါ် နှစ်ယောက်စလုံး။ တရားလို ဒေါ်နိုင်နိုင်မော်က တိုင်ထားတဲ့အတွက် မြောက်ဥက္ကလာ ရဲစခန်းမှာ ဧပြီ ၂၁ ရက်ကတည်းက ကလေးသူငယ် ဥပဒေ ပုဒ်မနဲ့ ဒီအမျိုးသမီး နှစ်ယောက်ကို အမှုဖွင့် အရေးယူထားတယ်။ အခု ရဲတွေက ရဲလုပ်ငန်း ကုန်စင်စွာ ဆောင်ရွက်ပြီးလို့ တရားစွဲတင်ဖို့ ဆောင်ရွက်နေတယ်” ဟု ၎င်းက ပြောသည်။

တရားလို ဒေါ်နိုင်နိုင်မော်သည် ကလေးအား ညှင်းပန်းနှိပ်စက်သည်ဟု စွပ်စွဲခံရသူတို့၏ နေအိမ်တွင် ငှားရမ်းနေထိုင်သူ ဖြစ် ကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်၍ ရပ်/ကျေး အုပ်ချုပ်ရေးမှူးက လူမှုဝန်ထမ်းဦးစီးဌာနမှ ဖွင့်လှစ်ထားသည့် အရှေ့ပိုင်း ခရိုင်ရုံးမှ ဖြစ်ရပ်စီမံခန့်ခွဲသူ (Case Manager) ထံ ဧပြီ ၂၁ ရက် နေ့လယ် ၃ နာရီခန့်တွင် ဖုန်းဆက် ပြောပြခဲ့သဖြင့် Case Manager က ၂၃ ရက်နေ့တွင် သွားရောက် ဆွေးနွေးခဲ့ကြောင်း ရန်ကုန်တိုင်း လူမှုဝန်ထမ်းရုံးမှ ညွှန်ကြားရေးမှူးက ပြောသည်။

ထိုအချိန်က ကလေးကို အဖွားနှင့် မိသားစုသာ ပြန်လည်စောင့်ရှောက်ရန်၊ ရပ်/ကျေး အုပ်ချုပ်ရေးအပါအဝင် ပတ်ဝန်းကျင်က အခြေအနေကို စောင့်ကြည့် ကြပ်မတ်ပေးရန် သဘောတူညီပြီး ကလေးကို မခေါ်ခဲ့သေးကြောင်း၊ သို့သော် ဧပြီ ၂၅ တွင် ယင်းဖြစ်စဉ်သည် လူမှုကွန်ရက် စာမျက်နှာ၌ ပျံ့နှံ့သွားခဲ့ရာ တိုင်းရုံးအနေဖြင့် ယင်းကလေးငယ်သည် ယာယီကာကွယ် စောင့်ရှောက်မှု လိုအပ်သည်ဟုဆိုကာ ညတွင်းချင်း ကလေးငယ်ကို သွားရောက်ခေါ်ယူခဲ့ကြောင်း ၎င်းက ရှင်းပြသည်။

ညွှန်ကြားရေးမှူး က “အခု ရွှေဂုံတိုင်ကလေးပြုစုရေးဌာနမှာ စောင့်ရှောက်ထားပြီ။ ဒီကလေးအတွက် ကျန်းမာရေး စစ်ဆေးမှု ကိုလည်း ဒီမနက်မှာ ရန်ကင်းကလေးဆေးရုံက ဆရာဝန်ကလည်း ရောက်ရှိနေပြီဖြစ်လို့ ကလေးရဲ့ ကျန်းမာရေးပါ အကုန် လုံး စစ်ဆေးနေပါတယ်။ ပြီးရင်တော့ လိုအပ်တာတွေကို ဆက်လက် လုပ်ပေးသွားမှာပါ” ဟု ဆိုသည်။

ကလေးကို ရန်ကုန်တိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာနမှ ခေါ်ယူစောင့်ရှောက် ထားပြီဖြစ်သည် (ဓာတ်ပုံ – Min Myat Mg Mg)

ဆက်လက်၍ ၎င်းက ကလေးငယ်၏ ကျန်းမာရေး၊ အာဟာရဆိုင်ရာများသာမက တနှစ်ကိုးလနှင့်ညီသည့် စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှုပိုင်းကိုလည်း ဆန်းစစ်ခိုင်းထားကြောင်း၊ မည်သည့်အချိန်ထိ ခေါ်ယူ စောင့်ရှောက် ထားမည် မသတ်မှတ်ထားဘဲ လိုအပ်ချက်ပေါ် မူတည်ကာ စောင့်ရှောက် ပေးသွားမည်ဖြစ်ကြောင်း ပြောဆိုသည်။

ကိုဖိုးဇော် က “ရဲစခန်းကို လာတိုင်လိုက်ပြီ။ ဒီအိမ်ကလည်း ကလေးကို နှိပ်စက်တယ်ဆိုရင် အရင်ဆုံး ကလေးကို ရဲစခန်းက ခေါ်ထားရမယ်။ ပြီးမှ သက်ဆိုင်ရာ လူကယ်ပြန်ဌာနကို ဆက်သွယ်ပြီး ပို့ရမယ်။ သူ့မိဘလည်း ရှိတယ်ဆို ဒီပြဿနာတွေ အားလုံးပြီး တော့မှ မိဘလက်ထဲကို ပြန်အပ်ရင်အပ်။ ဒီလိုမဟုတ်ဘဲ နှိပ်စက်ခံထားရပါတယ်ဆိုမှ ဒီလူတွေ လက်ထဲကို ကလေးကို ပြန် ထည့်ပေးလိုက်တော့ ဒါက အဲဒီ နေရာမှာရှိတဲ့ လူကြီးတွေရဲ့ ဆင်ခြင်တုံတရား အားနည်းမှုလို့ ပွင့်ပွင့်လင်းလင်း ပြောချင် တယ်” ဟု မှတ်ချက်ပြုသည်။

ကိုဖိုးဇော်သည် ကလေးသူငယ် အရေးကိစ္စများနှင့် ပတ်သက်၍ ကူညီ ဆောင်ရွက်နေသူ တဦးဖြစ်ပြီး ယခု ဖြစ်စဉ်နှင့် ပတ် သက်သည့် ဓာတ်ပုံ၊ ဗီဒီယိုဖိုင်များကို ၎င်း၏ လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားဖော်ပြခြင်း၊ အရေးယူ ဆောင်ရွက်စေရေး ကလေး၏ အိမ်နီးချင်းများနှင့်အတူ ပူးပေါင်းဆောင်ရွက်ခြင်းများ ပြုလုပ်ခဲ့သူ ဖြစ်သည်။

အဆိုပါ ကလေးသည် နှိပ်စက်ခံရသည်မှာ ကြာပြီဖြစ်ပြီး အိမ်နီးချင်းများက မခံရပ်နိုင်သဖြင့် ဓာတ်ပုံ၊ ဗီဒီယိုများ ရိုက်ကူး ကာ သက်သေယူခြင်း၊ ၁၉၉ သို့ ဖုန်းဆက် အကူညီ တောင်းခံခြင်းတို့ကြောင့်သာ ယခုကဲ့သို့ ကယ်ဆယ်လိုက်နိုင်ခြင်း ဖြစ် ကြောင်း ကိုဖိုးဇော်က ရှင်းပြသည်။

ဆက်လက်၍ ၎င်းက အိမ်နီးနားချင်းများ၏ ပြောပြချက်အရ ကလေး၏ မိဘများမှာ ကွဲနေပြီး ဖခင်သည် နောက်အိမ်ထောင် ထပ်ပြုထားကြောင်း၊ ချွေးမဖြစ်သည့် ကလေး၏ မိခင်ကို အရေးယူခံထားရသည့် အဖွားနှင့် အဒေါ်တို့က နှင်ချထားကြောင်း သိရသည်ဟုလည်း ပြောသည်။

ကိုဖိုးဇော်က “လက်ပူးလက်ကြပ် ဗီဒီယိုဖိုင်ကြီးနဲ့ ကလေးတယောက်ကို ရေနှစ်နေတာကြီး တွေ့ပါလျက်နဲ့ ဒါကို ကျီစားတာ ပါ။ ဆွေမျိုးသားချင်းအချင်းချင်း စနောက်တာပါဆိုတဲ့ပုံစံမျိုး ပြောင်းလဲလိုက်ရင် ပြောင်းလဲတဲ့သူက အလွန်တရာမှ ဆင်ခြင် တုံတရား အားနည်းပြီး ကိုယ်ချင်းစာတရား မရှိဘူးလို့ပဲ ပြောလို့ရပါတယ်” ဟု ပြောဆိုသည်။

ယခုဖြစ်ရပ်သည် သေကြောင်းကြံစည်မှုသာ ဖြစ်ကြောင်း၊ ကိုယ်ထိလက်ရောက် သတ်မှ ပြစ်မှုမြောက်ခြင်း မဟုတ်ဘဲ လူ တယောက်ကို သေစေချင်သည့် စိတ်ဖြင့် ကြံစည်ပြီး လုပ်ပါက ပြစ်မှုကြီးနေပြီ ဖြစ်ကြောင်း၊ ပြစ်ဒဏ်ကြီးသည့် ပုဒ်မများ တပ်၍ရပြီး အာမခံမပေးသင့် ကြောင့်လည်း ၎င်းက ဖြည့်စွက်ပြောသည်။

ကလေးသူငယ်ဥပဒေ (၁၉၉၃) ပုဒ်မ ၆၆(ဃ) အရ မိဘ၊ ဆရာ သို့မဟုတ် အုပ်ထိန်းခွင့်ရှိသူက လိမ္မာစေရန် ဆုံးမခြင်းမျိုးမှ တပါး ကလေးသူငယ်အား တမင်နှိပ်စက်ညှဉ်းပန်းခြင်း ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူအား ထောင် ဒဏ် ၂ နှစ်အထိ ဖြစ်စေ၊ ငွေဒဏ် ကျပ် ၁၀၀၀၀ အထိဖြစ်စေ၊ ဒဏ်နှစ်ရပ်စလုံး ဖြစ်စေ ချမှတ်ခံရမည် ဖြစ်သည်။

Did you find apk for android? You can find new Free Android Games and apps.
Loading