အမေရိကန်သည် နျူးကလီးယား အရေး ဆွေးနွေးမှုတွင် လှည့်ဖြား လိုသည့် ရည်ရွယ်ချက် ရှိကြောင်း ခေါင်းဆောင်ကြီး ကင်ဂျုံအန်းက ပြောကြားလိုက်ကြောင်း မြောက်ကိုရီးယားအစိုးရမီဒီယာက သောကြာနေ့သတင်းတွင် ဖော်ပြသည်။
မြောက်ကိုရီးယားခေါင်းဆောင်သည် သမ္မတဗလာဒီမာပူတင်နှင့် ပထမဆုံး တွေ့ဆုံခဲ့ပြီး ရုရှားမှအပြန်တွင် ယင်းကဲ့သို့ ထုတ်ဖော်ပြောကြားလိုက်ခြင်းဖြစ်သည်။
အမေရိကန်နှင့် ဆွေးနွေးရာတွင် မြောက်ကိုရီးယား အတွက် လုံခြုံရေး အာမခံချက်များ လိုအပ်ကြောင်း သမ္မတ ပူတင်နှင့် ညှိနှိုှုင်းခဲ့ ပြီးနောက် တရက်အကြာ ကင်ဂျုံအန်း၏ သံချပ်ကာ မီးရထားသည် ရုရှား အရှေ့ဖျားဆိပ်ကမ်းမြို့ဖြစ်သည့် ဗလာဒီဗော့စတော့မြို့မှ ပြန်လည်ထွက်ခွာလာခဲ့သည်။
ပြီးခဲ့သည့်နှစ်လအကြာက ဟနွိုင်တွင် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့် ထိပ်သီးအစည်းအဝေး၌ အမေရိကန် အနေ ဖြင့် လှည့်ဖြားလိုသည့် ရည်ရွယ်ချက်ဖြင့် တဖက်သတ် ရပ်တည်နေကြောင်း ခေါင်းဆောင်ကြီး ကင်ဂျုံအန်းက သမ္မတ ပူတင်ကို ပြောကြားခဲ့သည်ဟု မြောက်ကိုရီးယားဗဟိုသတင်းဌာန(KCNA) က ဆိုသည်။
“ကိုရီးယား ကျွန်းဆယ် ငြိမ်းချမ်းရေးနှင့် လုံခြုံရေးသည် အမေရိကန် အနာဂတ်ရပ်တည်ချက်အပေါ် လုံးလုံးလျားလျား တည်မှီ နေမည်ဖြစ်ကြောင်း၊ မြောက်ကိုရီးယားသည် ဖြစ်နိုင်ချေ ရှိသည့် အခြေအနေတိုင်း အတွက် အသင့် ပြင်ဆင် ထားရမည် ဖြစ်ကြောင်း” ခေါင်းဆောင်ကြီး ကင်၏ပြောကြားချက်ကို ကိုးကား၍ သတင်းရေးသားသည်။
ပြုံယမ်းက ၎င်းအပေါ် ပိတ်ဆို့ ဒဏ်ခတ်မှုများ ချက်ချင်းဖြေလျော့ပေးရန် တောင်းဆို ညှိနှိုင်းခဲ့သော်လည်း ပြီးခဲ့သည့် ဖေဖော်ဝါရီလ ကင်မ်-ထရမ့် ထိပ်သီး တွေ့ဆုံမှုသည် သဘောတူညီချက် တရပ်ထွက်ပေါ်လာခြင်းမရှိဘဲ တုံ့ဆိုင်း သွားခဲ့ သည်။ သို့သော် မြောက်ကိုရီးယား နောက်ကြောင်း ပြန်လှည့်ရန် ပြင်ဆင်ခြင်းအပေါ် နှစ်ဘက်စလုံးက သဘော မတူခဲ့ ကြပေ။
မြောက်ကိုရီးယားအပေါ် ချမှတ်ထားသော ပိတ်ဆို့မှုများ ဖြေလျော့ပေးရန် ရုရှားက တိုက်တွန်းလိုက်ပြီး ပြုံယမ်းနှင့် ပတ်သက်၍ အချို့ အစီအမံ ပေးနေကြောင်း အမေရိကန်စွပ်စွဲချက်ကိုလည်း မော်စကိုက ပယ်ချခဲ့သည်။
ပြီးခဲ့သည့် ရက်သတ္တတပတ်က ရပ်တန့်နေသော နျူကလီးယား ဆွေးနွေးမှုနှင့် စပ်လျဉ်း၍ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပီယို၏ ဖယ်ရှားပေးရေး အချက်ကို ပြုံယမ်းက တောင်းဆိုခဲ့ပြီး မိုက်ပွန်ပီယို အနေဖြင့် ဆွေးနွေးမှုလုပ်ငန်းစဉ် လွဲချော်အောင်လုပ်နေကြောင်း စွပ်စွဲခဲ့သည်။
ကြာသပတေးနေ့က အစည်းအဝေးတွင် သမ္မတ ပူတင်သည် ဝါရှင်တန်ကဲ့သို့ပင် ပြောကြားလာခဲ့ပြီး တင်းမာမှု လျော့ကျ စေရေးနှင့် နျူကလီးယား ပဋိပက္ခမှ တားဆီးရေးတို့အတွက် မော်စကိုက ပံ့ပိုးပေးပါကြောင်း ဆိုသည်။
ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့ မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန်းသည် နယ်စပ်ကို မီးရထားဖြင့် ဖြတ်ကျော်ကာ ရုရှား အရှေ့ဖျားမှ ဗလာဒီဗော့စတော့မြို့ကို ရောက်ရှိလာခြင်းဖြစ်ပြီး၊ ကြာသာပတေးနေ့တွင် ရုရှားသမ္မတ ပူတင်နှင့် ရပ်စကီကျွန်းပေါ်တွင် တွေ့ဆုံခဲ့ခြင်းဖြစ်သည်။
၁၈နှစ်ကြာမှ ရုရှားသို့ ပထမဆုံး ရောက်ရှိခဲ့သည့် မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန်းက ရုရှားသမ္မတ ပူတင်ကို မြောက်ကိုရီးယား သို့ လာလည်ရန် ဖိတ်ခေါ်ခဲ့ရာ သမ္မတ ပူတင်ကလည်း လက်ခံခဲ့သည်ဟု သိရသည်။
ယခု သမိုင်းဝင် တွေ့ဆုံမှုတွင် နှစ်နိုင်ငံ ဆက်ဆံရေး တိုးတက်လာခြင်း အပြင် ကိုရီးယားကျွန်းဆွယ် နျူကလီးယား ကင်းစင် ရေးအတွက် ရင်ဆိုင်ရသောအကျပ်အတည်းများကို အဓိကထား ဆွေးနွေးခဲ့ကြပြီး၊ ကုန်သွယ်ရေး၊ စီးပွားရေး၊ သိပ္ပံနှင့် နည်းပညာတို့ အပြန်အလှန် ချဲ့ထွင်သွားရေး အပြင် အဆင့်မြင့်ခေါင်းဆောင်ပိုင်း ခရီးစဉ်အပါအဝင် ထိပ်တန်းဆက်ဆံရေး ကိစ္စရပ်များ နားလည်မှုရယူနိုင်ခဲ့ကြောင်း မြောက်ကိုရီးယားသတင်းဌာနက ဖော်ပြသည်။
ကင်ဂျုံအန်းကဲ့သို့ ငယ်ရွယ်သော ခေါင်းဆောင် တဦးအတွက် ရုရှားသို့ ပထမဆုံး လာရောက်ခြင်းမှာ သမိုင်းဝင် ခရီးစဉ် အသီးသီး ရှိခဲ့ဖူးသည့် ဘိုးအေနှင့် ဖခင်၏ ခြေရာကို နင်းခြင်းပင်ဖြစ်သည်။
၂၀၀၁ ခုနှစ်က မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအီ၏ ခရီးစဉ်မှာ ၉ ရက်ကြာမြင့်ခဲ့ပြီး ရှည်လျားလှသော ဆိုက်ဘေး ရီးယား ရထားကွန်ရက်ကို လေ့လာခဲ့ကာ ရုရှားအစိုးရ စီစဉ်ပေးသော ပုံမှန်ခရီးစဉ်များအတိုင်း လည်ပတ်ခဲ့ သည်။
ထိုစဉ်က မြောက်ကိုရီးယား၏ ဒုံးကျည်အစီအစဉ်မှာ ပြန်လည် အရှိန်အဟုန်မြှင့် လာချိန်ဖြစ်သည်၊ထို့နောက် ရုရှားသမ္မတ ပူတင်ကလည်း ပြုံယမ်းသို့ တပြန်တလှည့် အလည်အပတ်ရောက်ရှိခဲ့သည်။
ထိုသို့ ၁၈နှစ်ကြာပြီးမှာ ကင်ဂျုံအန်း လာရောက်သည့် ခရီးစဉ်မှာ သမိုင်းထပ်ဟပ်မှုများရှိလင့်ကစား အခြေအနေများ ကတော့ များစွာကွဲပြားခြားနားသွားခဲ့ပြီဖြစ်၏။
ဆက်စပ်ဖတ်ရှု့ရန် – မြောက်ကိုရီးယားခေါင်းဆောင် ရုရှား ဗလာဒီဗော့စတော့ သို့ ရောက်ရှိ