ဇွဲကပင်တောင် မီးလောင်မှု မငြိမ်းနိုင်သေး
ကရင်ပြည်နယ်ရှိ ဇွဲကပင်ဆံတော်ရှင်စေတီ တည်ရှိရာ ဇွဲကပင်တောင်တွင် ဧပြီ ၂၅ ရက် မွန်လွဲပိုင်းက မီးလောင်မှု စတင်ဖြစ်ပွားခဲ့ရာ ဧပြီ ၂၆ ရက်နေ့ ညနေပိုင်းအထိ မငြိမ်းသေးကြောင်း ဘားအံမြို့နယ်ရှိ ဒေသခံများထံမှ စုံစမ်းသိရှိရသည်။
ကရင်ပြည်နယ် လူမှုကယ်ဆယ်ရေးအဖွဲ့မှ ကိုဟိန်းနောင် က “နှစ်စဉ် လောင်နေကျဆိုပေမယ့် ဒီနှစ်ကတော့ နည်းနည်းပိုများသွားတာပေါ့ဗျာ၊ အခုတော့ မီးတော့ မြင်နေရသေးတယ်၊ မီးခိုးတွေထွက်ပြီးတော့ မီးကတော့ ဆက်လောင်စဲပဲ” ဟု ပြောသည်။
မီးလောင်မှုဖြစ်ပွားရခြင်းမှာ လေတိုက်မှုကြောင့် ဝါးပင်များပွတ်တိုက်ရာမှ မီးလောင်ခြင်းဖြစ်နိုင်သလို တောင်ပေါ်ရှိ မြောက်များက ကျောက်များကို ပွတ်တိုက် ဆော့ကစားရာမှ မီးလောင်တက်ကြောင်း ဒေသခံများကို ကိုးကား၍ ဘားအံခရိုင်မီးသတ် ဦးစီးမှူး ဦးသန့်ဇင်ဝင်းက ပြောသည်။
ဇွဲကပင်တောင်၏ တောင်အလယ်တွင် မီးလောင်နေခြင်းဖြစ်ပြီး အဆိုပါ နေရာမှာ တောင်ပေါ်မှ ပေ ၁၀၀၀ ကျော်၊ အောက်မှ ပေ ၁၀၀၀ ကျော်ကွာဝေးကြောင်းနှင့် ဇွဲကပင်တောင်မှာ မတ်စောက်သဖြင့် မီးလောင်ရာနေရာသို့ သွားမည့်လမ်းမရှိသဖြင့် မီးငြိမ်းသတ်ရန် အခတ်အခဲရှိကြောင်း ၎င်းက ရှင်းပြသည်။
ဦးသန့်ဇင်ဝင်း က “တောင်ပေါ်က မီးပွား အောက်ကို ကျတဲ့အခါကျရင် အောက်မှာရှိတဲ့ အဆောက်အဦးတွေ ရာဘာပင်တွေ မလောင်အောင်ပေါ့ ကျနော်တို့က စောင့်ကြည့်တာပေါ့၊ အဲ့တာက ညကပေါ့၊ ဒီမနက်နဲ့ နေ့လယ်လည်း မီးသတ်ကားနဲ့ တပ်ဖွဲ့ဝင်တွေနဲ့ပေါ့၊ တောင်ခြေနား ကပ်လာတဲ့ မီလောင်တဲ့ အပင်တွေကို သတ်လို့ရသလောက် ငြိမ်းသတ်နေတယ်” ဟု ရှင်းပြသည်။
လက်ရှိတွင် မီလောင်နေသည့် ဇွဲကပင်တောင် အရှေ့ဘက်ခြမ်း ရေတံခွန်နေရာသို့ မီးသတ်အဖွဲ့ဝင်များက သွားရောက် မီးငြိမ်းသတ်နေသည်ဟု သိရသည်။
ဇွဲကပင်ဆံတော်ရှင် စေတီသို့သွားရာ အရှေ့ဘက် တောင်တက်လမ်းနှင့် အနောက်ဘက် တောင်တက်လမ်းမှာ မီးလောင်သည့် ဧရိယာနှင့် ဝေးကွားနေသေး၍ အန္တရာယ်မရှိကြောင်း ဧပြီ ၂၅ ရက် ညပိုင်းက တောင်ပေါ်က ဆင်းလာသည့် သံဃာတော်များက ပြောပြသည်ဟု ကိုဟိန်းနောင်က ဧရာဝတီသို့ တဆင့် ပြောပြသည်။
ဦးသန့်ဇင်ဝင်း က “တောင်ကြီးက အကျယ်ကြီး ပတ်ပတ်လယ်ဆိုတော့ အချို့နေရာတွေက ကားသွားလို့ မရတဲ့နေရာတွေရှိတယ်၊ ဒါပေမယ့် ဘယ်နေရာကပဲဖြစ်ဖြစ်ပေါ့ ကျနော်တို့ လုပ်လို့ရသလောက်တော့ လုပ်လို့ရအောင် ချိတ်ဆက်ထားတယ်၊ တောင်ခြေအောက်မှာ ရွာမရှိဘူးဗျ၊ တောင်ခြေအောက်မှာ ရော်ဘာပင်တွေ ရှိတဲ့နေရာတော့ ရှိတာပေါ့”ဟု ဆိုသည်။
တောင်အောက်သို့ မီးပွားများလွင့်၍ မီးလောင်မှုမဖြစ်စေရန် တောင်ခြေတွင် မီးသတ်ကား အသင့်အနေထားဖြင့် မီးသတ်တပ်ဖွဲ့ဝင်များနှင့် ကျေးရွာဒေသခံများက မီးလောင်မှု အခြေအနေကို စောင့်ကြည့်နေပြီး တောင်ခြေသို့ မီးပွားကျပါက ၅ မိနစ်အတွင်း လာရောက် မီးငြိမ်းသတ်နိုင်ရန် အနီးဆုံး မီးသတ်စခန်းများတွင်လည်း အသင့်အနေထား ပြင်ဆင်ထားကြောင်း ဦးသန့်ဇင်ဝင်းက ဆိုသည်။
ဦးသန့်ဇင်ဝင်း က “ညကလည်း ကျနော်တို့ တပ်ဖွဲ့ဝင် ၁၅ ဦး၊ မီးသတ်ကား ၂ စီးနဲ့ စောင့်ကြည့်တယ်ပေါ့၊ အဓိကတော့ အဲ့ဒီ တောင်ပေါ်က မီးပွားတွေ အောက်ကို လွင့်လာပြီးတော့ အောက်မှာရှိတဲ့ ရာဘာခြံတွေ မီးလောင်မှာ စိုးတဲ့အတွက် စောင့်ကြည့်နေတာပေါ့”ဟု ရှင်းပြသည်။
ဇွဲကပင်တောင်မှာ မတ်စောက်သော အနေအထားရှိပြီး ခြေလျှင်သွားရသော တောင်တက်လမ်းသာရှိသေးသဖြင့် ဘုရားဖူး လာရောက်သူများမှာ တောင်ခြေမှာ တောင်ပေါ်သို့ ၂ နာရီဝန်းကျင်ကြာ လမ်းလျှောက်တက်ရသည်။