သတင်း

ပလက်၀ ဒေသ ဖွံ့ဖြိုးရေး အဟန့်အတားမလုပ်ဖို့ AAကို ချင်းအရပ်ဖက်အဖွဲ့များ တောင်းဆို

Want create site? Find Free WordPress Themes and plugins.

ချင်းပြည်နယ် ပလက်ဝမြို့နယ်၌ အခြေစိုက် စစ်ရေးလှုပ်ရှားမှုများ ဆောင်ရွက်နေသည့် ရက္ခိုင်တပ်မတော်(AA) အနေဖြင့် ဒေသ တည်ငြိမ်အေးချမ်းရေးနှင့် ဒေသ ဖွံ့ဖြိုးရေး လုပ်ငန်းများကို အဟန့်အတား ဖြစ်စေသည့် လုပ်ရပ်များ လုံး၀ မပြုလုပ် ရန် ချင်း အရပ်ဖက် လူမှုအဖွဲ့အစည်းများကွန်ရက်က ယမန်နေ့က ကြေညာချက်ထုတ် တောင်းဆိုသည်။

ချင်းအရပ်ဖက် လူမှု အဖွဲ့အစည်းများ ကွန်ရက် ပူးတွဲတာဝန်ခံ ဦးဇကုတ်ထန်းက AA အနေဖြင့် ရခိုင်အမျိုးသား အရေးကို ချင်းပြည်နယ်အတွင်း အခြေစိုက်ကာ လှုပ်ရှားနေခြင်းဖြစ်ကြောင်း၊ ဒေသ တည်ငြိမ်ရေး အေးချမ်းရေးနှင့် ဖွံ့ဖြိုးရေး လုပ်ငန်း များကို အဟန့်အတားဖြစ်စေသည့် လုပ်ရပ်များ မလုပ်ဖို့ တောင်းဆိုခြင်း ဖြစ်ကြောင်း ဧရာဝတီသို့ ပြောသည်။

“ချင်း အမျိုးသားရေးကို ချင်းအမျိုးသား တပ်ဦးက တာဝန်ယူထားတယ်။ ချင်းအမျိုးသား တပ်ဦးက အပစ်အခတ် ရပ်စဲရေး သဘောတူ စာချုပ်လည်း ချုပ်ပြီးပြီ။ ငြိမ်းချမ်းရေးပိုင်းမှာ လည်း ထဲထဲဝင်ဝင် ပါဝင်ဆွေးနွေးတယ်။ ဒါကြောင့် အစိုးရ ဖက် ကလည်း ချင်းပြည်နယ် ဖွံ့ဖြိုးရေး စီမံကိန်းကို ကောင်းကောင်းမွန်မွန် စီမံဆောင်ရွက်ထားတယ်။ အဲဒီလို လုပ်ထားတာတွေ ကို AA ရဲ့ပလက်ဝနယ်ထဲမှာ လှုပ်ရှားမှုတွေကြောင့် တိုက်ပွဲတွေ ဖြစ်တယ်၊ ဖွံ့ဖြိုးရေး စီမံကိန်းတွေ အဟန့်အတားဖြစ်အေ အောင် လုပ်တယ်ဆိုတော့ ဒါက မဖြစ်သင့်ပါဘူး”ဟု ၎င်းက ဆိုသည်။

AA လက်နက်ကိုင် အဖွဲ့အနေဖြင့် ၂၀၁၅ ခုနှစ်က စတင်ကာ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၌အခြေစိုက်ကာ နိုင်ငံရေး ရည်မှန်းချက်ကို စစ်ရေး နည်းလမ်းဖြင့် ပုံဖော်ခဲ့ကြောင်း၊ ချင်းနှင့် ရခိုင်တိုင်းရင်းသားများမှာ ရှေးယခင်ကပင် ချစ်ခင် ရင်းနှီးစွာ အတူတကွ ယှဉ်တွဲနေထိုင်ကြသည်ကို ချင်းတိုင်းရင်းသားများအနေဖြင့် အသိအမှတ်ပြုကာ ပလက်၀ မြို့နယ် တွင် AA အဖွဲ့၏ လုပ်ရပ်များကို နားလည်သည်းခံခဲ့ကြကြောင်း အဆိုပါ ချင်းအရပ်ဖက်လူမှုအဖွဲ့အစည်းများ ကွန်ရက်၏ ထုတ်ပြန် ချက်တွင် ဖော်ပြထားသည်။

ပြီးခဲ့သည့် မတ်လတွင် ပလက်ဝမြို့နယ်၌ တည်ဆောက်လျှက်ရှိသော ကုလားတန် မြစ်ကူးတံတား စီမံကိန်းတွင် အသုံးပြု မည့် ဆောက်လုပ်ရေး ပစ္စည်းများ သယ်ဆောင်နေသော ရေယာဉ်ကို ပစ်ခတ် တိုက်ခိုက်ခြင်း၊ ကုလားတန် ဘက်စုံ ဖွံ့ဖြိုး တိုးတက်ရေး စီမံကိန်းတွင် တာဝန်ထမ်းနေသူမျာကို ထောက်လှမ်းရေးဟု စွပ်စွဲ ဖမ်းဆီးခြင်း၊ လုပ်ငန်းသုံး မော်တော်ယာဉ် များကို မီးရှို့ ဖျက်ဆီးခြင်းများ လုပ်ဆောင်ခဲ့ မှုကြောင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်၏ တည်ငြိမ်အေးချမ်းရေးနှင့် ဒေသ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ယာယီရပ်ဆိုင်းခဲ့ကြောင်းလည်း ရေးသားထားသည်။

ထို့ကြောင့် AA အဖွဲ့နေဖြင့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၏ တည်ငြိမ်အေးချမ်းရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ် ငန်းများ အဟန့်အတားဖြစ်စေသောလုပ်ရပ်များကို လုံးဝမပြုလုပ်ရန်၊ နိုင်ငံတော်အစိုးရအနေဖြင့် ပလက်၀ မြို့နယ်၏ ဒေသ တည်ငြိမ် အေးချမ်းရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆက်လက်ကြိုးပမ်း ဆောင်ရွက် ပေးရန်၊ တိုက်ပွဲ ရှောင် ပြည်သူများ စားဝတ်နေရေး အခက်အခဲများ ကြုံတွေ့နေရ သဖြင့် ကူညီပံ့ပိုးပေးသော အဖွဲ့အစည်းများမှ လူသားချင်း စာနာ ထောက်ထားမှု အားဖြင့် ဆက်လက် ကူညီထောက်ပံ့ ပေးကြရန် စသည့် အချက် ၃ ချက်ကို ချင်းအရပ်ဖက် လူမှု အဖွဲ့ အစည်းများကွန်ရက်မှ တောင်းဆိုခဲ့သည်။

“ကျနော်တို့က သူတို့ (AA အဖွဲ့) ကို ချင်းပြည်နယ်မှာ မနေနဲ့လို့ ပြောတာ မဟုတ်ဘူး။ ချင်းပြည်နယ်ဟာ ဖွံ့ဖြိုးမှု အနှေး ကွေးဆုံး ပြည်နယ်လည်း ဖြစ်တော့ သူတို့အနေနဲ့ ဒေသ ဖွံ့ဖြိုး တိုးတက်ရေး စီမံကိန်းတွေကို အဟန့်အတား ဖြစ်စေတဲ့ လုပ်ရပ်တွေ လုံး၀ မလုပ်ဖို့ တောင်းဆိုတာပါ။ သူတို့ လုပ်လို့ ဖွံ့ဖြိုး တိုးတက်ရေး စီမံကိန်းတွေ ကြန့်ကြာနေတာ၊ ရပ်ကုန် တာ၊ နောက ်ပြန်လှည့်တာတေ ွဖြစ်ကုန်ရင် ချင်းပြည်နယ် တိုးတက်ရေးက ပိုပြီး အလှမ်းဝေးသွားနိုင်ပါတယ်” ဟု ဦးဇကုတ်ထန်းက ပြောသည်။

AA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်က တပ်မတော် အမြှောက်ကြီးများ တင်ဆောင်လာသည့်သင်္ဘောများ ဝင်ရောက် လာမည့် သတင်းကြားသည့်အတွက် အဆိုပါ သင်္ဘောများကို မြှုပ်ပစ်ရန် ညွှန်ကြားခဲ့ခြင်းဖြစ်ကြောင်း၊ ပလက်ဝမြို့နယ်နှင့် အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်သို့ ကားလမ်းဖောက်လုပ်နေသည့် ဆုထူးစံကုမ္ပဏီမှ အင်ဂျင်နီယာနှင့် ဝန်ထမ်းများကို ဖမ်းဆီးခြင်းမှာလည်း တပ်မတော်ထောက်လှမ်းရေးအဖွဲ့ဝင်ဟောင်းများ ဖြစ်နေသည့်အတွက် ထိမ်းသိမ်းခဲ့ခြင်းဖြစ်ကြောင်း ဧရာဝတီနှင့် သီးသန့်အင်တာဗျူးတွင် ပြောထားသည်။

တပ်မတော်အနေဖြင့် အရေးကြီးစစ်လက်နက်ကြီးများသယ်ဆောင်ရန် ရေယာဉ်များအလုံအလောက်ရှိပြီး စစ်လက်နက် ကြီးများကို လုံခြုံရေးအစောင့်အရှောက်မပါဘဲ ကုမ္ပဏီသဘောၤဖြင့် သယ်လေ့မရှိကြောင်း၊ ဆုထူးစံ ကုမ္ပဏီဝန်ထမ်းများ တွင် လည်း စစ်ထောက်လှမ်းရေးများ ပါဝင်သည်ဆိုခြင်းမှာလည်း မဟုတ်မှန်ကြောင်း တပ်မတော်သတင်းမှန်ပြန်ကြား ရေး အဖွဲ့ကဆိုသည်။

ချင်းပြည်နယ်တွင် တိုက်ပွဲများဖြစ်ပွားပြီး စီမံကိန်းများ ရပ်ဆိုင်းခဲ့ခြင်းမှာ တပ်မတော်၏ဖိနှိပ်အုပ်ချုပ်မှုများကြောင့် ဖြစ်ပြီး ယခုလို မိမိတို့ AA အဖွဲ့ကြောင့်ဟု ကြေညာချက် ထုတ်ပြန်ခြင်းမှာ တဖတ်သတ်ဆန်နေကြောင်း AA ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက ပြောသည်။

“ဗမာစစ်တပ်၊ ဗမာအစိုးရရဲ့နှစ်ပေါင်း ၇၀ ကျော် အုပ်ချုပ်မှုအောက်မှာ ချင်းလူမျိုးတွေဟာ မည်သည့်ခေတ်နဲ့မှ မတူအောင် အဆင်းရဲဆုံး လူမျိုး ဖြစ်သွားတယ်။ ရခိုင်လူမျိုးလည်း ဒီအတိုင်းပဲ။ အဆင်းရဲဆုံးဖြစ်သွားတာ ပထမနဲ့ ဒုတိယပဲ ကွာတယ်။ ဖိနှိပ် အုပ်ချုပ်မှုဒဏ်ကို မခံနိုင်လွန်းလို့ ကျနော်တို့ရဲ့ဆုံးရှုံးနေတဲ့ အခွင့်အရေးတွေအတွက် တိုက်ပွဲဝင်နေကြတာ။ ချင်း တွေမှာလည်း ဒီလိုအလားတူ တိုက်ပွဲဝင်သူတွေ ရှိတာပဲ။ ညီနောင်တိုင်းရင်းသား အချင်းချင်း ကိုယ်ချင်းစာပြီး နားလည် ပေးဖို့ လိုပါတယ်”ဟု ဦးခိုင်သုခက ပြောသည်။

တပ်မတော်က ဖိနှိပ်သည်ဟုယူဆလျှင် တပ်မတော်ဖြင့်သာ တိုက်ခိုက်ရန်လိုအပ်ပြီး ဒေသခံ ကျေးရွာသားများနှင့် ကျောင်းသူကျောင်းသားများကို ဖမ်းဆီးခေါ်ဆောင်သွားခြင်း၊ ပလက်ဝဒေသမှ သံတောင်စခန်းမှူးနှင့် အုပ်ချုပ် ရေးမှူးကို ဖမ်းဆီးခေါ်ဆောင်ခြင်း၊ စစ်ရေးပစ်မှတ် မဟုတ်သော ကုလားတန်စီမံကိန်းပစ္စည်းသယ်သည့် သင်္ဘော၊ မော်တော်ယာဉ်များ ကို ဖျက်ဆီးခြင်းနှင့် ဝန်ထမ်းများကို ဖမ်းဆီးခေါ်ဆောင်သွားခြင်းများ လုပ်ဆောင်ရန်မလိုကြောင်း၊ AA အဖွဲ့၏အဆိုပါ လုပ်ရပ်များကြောင့် ပလက်ဝဒေသ တည်ငြိမ်မှုပျက်ပြားကာ ဖွံ့ဖြိုးတိုးတက်ရေး ထိခိုက်ရကြောင်း အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောသည်။

“တပ်ကဖိနှိပ်တယ်လို့ ယူဆရင် တပ်နဲ့တိုက်ပေါ့ဗျာ။ တပ်ရဲ့စစ်ရေးဆိုင်ရာပစ်မှတ်တွေကို တိုက်ပေါ့။ စစ်ရေးဆိုင်ရာ ပစ်မှတ်တွေမဟုတ်တဲ့ နယ်မြေလုံခြုံရေးဆောင်ရွက်ပေးနေတဲ့ သံတောင်ရဲစခန်းလိုဟာမျိုး၊ ဒေသဖွံ့ဖြိုးရေးလုပ်နေတဲ့ ပလက်၀ စီမံကိန်းလိုဟာမျိုးကို မတိုက်သင့်ဘူးလို့ ထင်ပါတယ်။ ဒါနဲ့တပ်နဲ့လည်း ဘာမှ မပတ်သတ်ပါဘူး”ဟု ၎င်းကဆိုသည်။

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်အတွင်း ၂၀၁၉ ခုနှစ် နှစ်ဆန်းပိုင်းကာလတွင် တိုက်ပွဲများဖြစ်ပွားမှုကြောင့် ပလက်၀ ဒေသ ခံများ၏ ကုန်စည် ကူးသန်း ရောင်းဝယ်ရေးနှင့် ဆက်သွယ် သွားလာရေး ထိခိုက်နေဆဲဖြစ်ပြီး စစ်ပွဲကြောင့် ပေါ်ပေါက်လာ သည့် စစ်ဘေးဒုက္ခ ၂၆၀၀ ကျော်ရှိနေကြောင်း ပလက်ဝမြို့နယ်၊ လူမှုကူညီရေး ပရဟိတအဖွဲ့ထံမှ သိရသည်။

“တိုက်ပွဲဖြစ်ခဲ့တဲ့အကျိုးဆက်က လက်ရှိအချိန်အထိ စီးပွားရေးနဲ့ လမ်းပန်းဆက်သွယ် သွားလာရေးမှာ ထိခိုက်မှုတွေ ရှိနေဆဲဖြစ်တယ်။ လူတွေကလည်း စိုးရိမ်စိတ်အပြည့်နဲ့ပဲ သွားလာနေထိုင်နေရတယ်။ စစ်ဘေးဒုက္ခသည်ဆိုရင်လည်း ရွာမပြန်ရဲလို့ ရှောင်နေရတဲ့သူတွေ၊ နှစ်ဘက်တပ်ဖွဲ့တွေကြားမှာ ဘယ်မှသွားမရဘဲ ပိတ်မိနေသူတွေလည်း ရှိနေတုန်းပဲ။ အဲတော့ စစ်ဘေးကြောင့် သူတို့တွေ တောင်ယာမခုတ်အားတော့ စားနပ်ရိက္ခာတွေ၊ အဓိကတော့ ဆန်တွေ လိုအပ်နေပါ တယ်။ ကူညီပေးနိုင်သူတွေ လာရောက်ကူညီကြဖို့လည်း တိုက်တွန်းပါတယ်”ဟု ပလက်ဝမြို့နယ်၊ လူမှုကူညီရေး ပရဟိတအဖွဲ့ ဥက္ကဋ္ဌ ဦးဝေထန်းက ပြောသည်။

ပလက်ဝမြို့နယ်မှာ ချင်းပြည်နယ်၏တောင်ပိုင်ဆုံးအပိုင်း၊ ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ် နယ်စပ်ဒေသတွင် တည်ရှိပြီး ၂၀၁၄ ခုနှစ်၊ မြန်မာနိုင်ငံ ပြည်လုံးကျွတ်သန်းခေါင်စာရင်းကောက်ခံမှု စာရင်းများအရ လူဦးရေ ၆၄၀၀၀ ကျော် နေထိုင်သည့်မြို့နယ်တစ်ခုဖြစ်ကြောင်း သိရသည်။

ဆက်စပ်ဖတ်ရှု့ရန် – ဆုထူးစံ လုပ်ငန်းခွင်မှ ဖမ်းထားသူ ၈ ဦးအား ပြန်မလွတ်သေးဟု AA ပြော

ဆုထူးစံ ကုမ္ပဏီ ဝန်ထမ်းတချို့ ထောက်လှမ်းရေးဟောင်းများ ဖြစ်၍ ဖမ်းဟု AA ပြော

အိန္ဒိယနှင့် မြန်မာ ပူးပေါင်းပြီး AA ကို စစ်ဆင်ခဲ့

Did you find apk for android? You can find new Free Android Games and apps.
Loading