သတင်း

အကြွေးဝယ်ကတ် အတိုး၂၀ ရာခိုင်နှုန်း ဗဟိုဘဏ် သတ်မှတ်

Want create site? Find Free WordPress Themes and plugins.

ပုဂ္ဂလိက ဘဏ်များ ဝန်ဆောင်မှု ပေးနေသော အကြွေးဝယ်ကတ် (Credit Card) များ၏ အမြင့်ဆုံး အတိုးနှုန်းကို တနှစ် လျှင် ၂၀ ရာခိုင်နှုန်းသာ ကောက်ခံရမည် ဖြစ်ကြောင်း ဗဟိုဘဏ်က ဧပြီလ ၂၄ ရက်တွင် ထုတ်ပြန်လိုက်သည်။
လက်ရှိ အချိန်တွင် ပုဂ္ဂလိက ဘဏ်များက အကြွေးကတ် အပေါ် ကောက်ခံနေသည့် အတိုးနှုန်းများသည် ဘဏ်တခုနှင့် တခု တူညီမှု မရှိခြင်းကို ဘဏ် အားလုံး တပြေးညီ ဖြစ်စေရန် အတွက် ယင်းသို့ သတ်မှတ်လိုက်ခြင်း ဖြစ်ကြောင်း ဗဟို ဘဏ်၏ အကြီးတန်း အရာရှိတဦးက ဧရာဝတီသို့ ပြောသည်။

“အခုလို မသတ်မှတ်လိုက်ရင် များတဲ့သူများ နည်းတဲ့သူက နည်းနေတဲ့ သဘော ဖြစ်နေတယ်။ အဓိကက ဘဏ်တွေ အတွက်လည်း တပြေးညီ ဖြစ်အောင်ရယ် သုံးစွဲသူတွေ အတွက် သက်သာအောင်ပါ”ဟု ၎င်းက ဆိုသည်။
Credit Card ကို အသုံးပြုမည် ဆိုပါက လစာ သို့မဟုတ် ပုံမှန် ဝင်ငွေ ရှိနေသော သူများက ဘဏ်များတွင် လျှောက်ထား အသုံးပြုနိုင်ပြီး ဝင်ငွေ အလိုက် ချေးယူနိုင်သည့် ငွေကြေးပမာဏ ကိုလည်း ခွဲခြားထားသည်။

အကြွေးဝယ် ကတ်များကို လစာကဲ့သို့ ပုံမှန် ဝင်ငွေ၏ ၁ ဆမှ ၃ ဆ အထိ ရယူနိုင်ပြီး ငွေကျပ် ၅ သိန်းမှ ၁၀ သိန်း အထိ အသုံးပြုနိုင်သည့် Classic Card၊ ကျပ် ၁၀ သိန်းမှ ၄၀ သိန်း အထိ အသုံးပြုနိုင်သည့် Gold Card နှင့် ကျပ် သိန်း ၅၀ နှင့် အထက် အသုံးပြုနိုင်သည့် Platinum Card ဟူ၍ အမျိုးအစား သုံးမျိုးနှင့် ဝန်ဆောင်မှု ပေးလျက် ရှိကြောင်း သိရသည်။

အကြွေးဝယ်ကတ်များ၏ တနှစ် အတိုးနှုန်းကို ယခင်က ၁၃ ရာခိုင်နှုန်း ကောက်ခံခဲ့ပြီး ဗဟိုဘဏ်၏ အာမခံ ပစ္စည်းမဲ့ ချေး ငွေ အပေါ်တွင် အတိုးနှုန်း ၁၆ ရာခိုင်နှုန်း အထိ ကောက်ခံခွင့်ကို ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်မှ စတင်ကာ ခွင့်ပြုခဲ့ ခြင်းကြောင့် ပုဂ္ဂလိက ဘဏ်များ၏ အကြွေးဝယ်ကတ် အပေါ် အတိုးနှုန်း ကောက်ခံမှုသည် မတ်လ ၁ ရက်နေ့မှ စတင်ကာ ၁၆ ရာခိုင်နှုန်းသို့ တိုးမြင့်သွားခဲ့သည်။

လက်ရှိ အသုံးပြုနေသော Credit Card တချို့

လက်ရှိ အကြွေးဝယ်ကတ် ဝန်ဆောင်မှု ပေးနေသော ပုဂ္ဂလိက ဘဏ်များသည် ချေးငွေအပေါ် ကောက်ခံသည့် အတိုးနှုန်း သည် ဘဏ်အလိုက် မတူညီကြပြီး တနှစ်လျှင် ၁၃ ရာခိုင်နှုန်း၊ ၁၆ ရာခိုင်နှုန်း စသဖြင့် အသီးသီး ကောက်ခံလျက် ရှိသော် လည်း အခြား အထွေထွေ ဝန်ဆောင်ခများ နှင့် နောက်ကျကြေး အပေါ် ကောက်ခံသည့် အတိုးများ အားလုံး ပေါင်းပါက တနှစ်လျှင် ကောက်ခံသည့် အတိုးနှုန်းသည် ၂၆ ရာခိုင်နှုန်း ဝန်းကျင် အထိ ရှိကြောင်း သိရသည်။

ယခုအချိန်၌ အကြွေး ဝယ်ကတ်နှင့် ဝယ်ယူနိုင်ရန် စားသောက်ဆိုင်များ၊ ဈေးဝယ် စင်တာများ၊ အွန်လိုင်း ငွေပေးချေမှုများ အပါအဝင် ဘဏ်များနှင့် ချိတ်ဆက် ထားသော ဝန်ဆောင်မှု လုပ်ငန်းများတွင် ငွေပေးချေမှုများ လုပ်ဆောင် နိုင်သည့် အပြင် ATM စက်များမှ ငွေသားလည်း ထုတ်ယူနိုင်ရန် ဝန်ဆောင်မှု ပေးထားလျက်ရှိသည်။

Myanmar Payment Union (MPU) ၏ အမှုဆောင် အရာရှိချုပ် ဦးဇော်လင်းထွဋ်က“အခု နှုန်းထားကတော့ အခြား နိုင်ငံ တွေထက် နည်းတယ်လို့ ပြောကြသလို ကိုယ့်နိုင်ငံ အနေအထား ကျတော့လည်း များတယ်ဆိုပြီး ပြောကြဆိုကြတာတော့ ရှိတာပေါ့။ ဒါပေမယ့်လည်း တကယ် ပြန်ကြည့်မယ် ဆိုရင် ဒီလိုနှုန်း သတ်မှတ်လိုက်တာက သုံးစွဲသူတွေ အတွက် ပိုကောင်းပါတယ်”ဟု ဧရာဝတီသို့ ပြောသည်။

ယခုသတ်မှတ်လိုက်သည့် အတိုးနှုန်းသည် အများပြည်သူများ ငွေအသုံး လိုသည့်အခါ ပြင်ပ၌ ငွေချေးသူများ ထံမှ ချေးယူ ရသည့် အတိုးနှုန်းထက် နည်းပါးကြောင်းလည်း ၎င်းက ဆိုသည်။

လတ်တလောတွင် အမေရိကန် အခြေစိုက် အီလက်ထရွန်နစ် နည်းပညာ ကုမ္ပဏီ VISA နှင့် ပူးပေါင်းပြီး KBZ ၊ CB နှင့် AYA ဘဏ်များ အပါအဝင် ပုဂ္ဂလိကဘဏ် ၅ ခုခန့် အကြွေးဝယ်ကတ် (Credit Card) ဝန်ဆောင်မှုကို လုပ်ကိုင်လျက် ရှိသည်။

လက်ရှိ အသုံးပြုနေသော Credit Card တချို့

ဗဟိုဘဏ်က၂၀၁၇ ဇန်နဝါရီလ အတွင်းတွင် နိုင်ငံတကာ ငွေပေးချေရေး ကတ်များကို ကျပ်ငွေဖြင့် ပြည်တွင်း၊ ပြည်ပ ငွေ ပေးချေမှု ခွင့်ပြုခဲ့ပြီးနောက် အကြွေးဝယ်ကတ်များ အပါအဝင် အီလက်ထရွန်နစ် ငွေပေးချေမှုကတ် ဝန်ဆောင်မှုများကို ပုဂ္ဂလိက ဘဏ်များက စတင် လုပ်ဆောင်လာကြသည်။
ထိုသို့ အတိုးနှုန်း ၂၀ ရာခိုင်နှုန်း သတ်မှတ်မှု အပေါ် သုံးစွဲသူများကြား များပြားသည်ဟု ဝေဖန်မှုများလည်း ပေါ်ထွက်လာ ခဲ့သည်။

Credit Card အသုံးပြုသူ ကိုထိပ်တင်အောင်က“Debit ကတ်က အခုကျ saving နဲ့ ချိတ်ထားတော့ မသုံးဖြစ်ရင် အတိုးရ နေတယ်။ အခု Credit က ကျတော့ တကယ် သုံးရင် တန်တယ်။ မသုံးတဲ့ သူကျတော့ အဆင်မပြေဘူး။ ကတ်သုံးစွဲသူ တိုးလာပြီး ငွေသား သုံးမှု လျှော့ချဖို့ ရည်မှန်းထားရင်တော့ ၂၀ ရာခိုင်နှုန်း အထိ ယူရင် များသလားလို့ပါ။ ဒါပေမယ့် အများဆုံး အဖြစ်လို့ ဗဟိုဘဏ်က ဆိုထားတော့ ပြိုင်ဆိုင်မှု ဘယ်လိုနေမလဲတော့ မသိဘူး။ စောင့်ကြည့်ရပါမယ်”ဟု ပြောဆိုသည်။

တခြားနိုင်ငံများတွင် အကြွေးဝယ်ကတ်များ၏ ချေးငွေအပေါ် ကောက်ခံသည့် အတိုးနှုန်းသည် နိုင်ငံနှင့် ဘဏ်များ အပေါ် မူတည်ပြီး တနှစ်လျှင် ၂၄ ရာခိုင်နှုန်းမှ ၃၀ ရာခိုင်နှုန်းအထိ ကောက်ခံလျက် ရှိကြောင်း သိရသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading