ကချင် ပြည်နယ် မေခနှင့် မေလိခ မြစ်တို့ ဆုံစည်းရာ ဧရာဝတီ မြစ်ဆုံ စီမံကိန်း စာချုပ်ကို ပြည်သူ လူထုကို အသိ မပေးဘဲ တရုတ် အစိုးရနှင့် လျှို့ဝှက် လက်မှတ် ရေးထိုးခြင်းမျိုး လုပ်ဆောင်မည် မဟုတ်ဟု သမ္မတရုံး ညွှန်ကြား ရေးမှူးချုပ် ဦးဇော်ဌေးက ပြောသည်။
ယနေ့ နေပြည်တော်တွင် ပြုလုပ်သည့် ကချင် လူမှုရေး အသင်းအဖွဲ့များနှင့် အစိုးရတို့ ကချင် ဒုက္ခသည်များ နေရပ် ပြန်နိုင်ရေး ဆွေးနွေးပွဲ အပြီး ဧရာဝတီ သတင်း ဌာန၏ မေးမြန်းချက်ကို ပြန်လည် ဖြေကြားခြင်း ဖြစ်သည်။
ဦးဇော်ဌေးက“အစိုးရချင်း တိတ်တိတ်လေး လက်မှတ် ထိုးတာမျိုး ကျနော်တို့ မလုပ်ပါဘူး။ လုပ်မယ် ဆိုရင်လည်း ပွင့်လင်း မြင်သာမှု ရှိရှိ ပြည်သူ လူထုကို ဘယ်လို လုပ်မယ်။ ဒီကိစ္စနဲ့ ပတ်သက်လို့ ဘယ်လို ဖြေရှင်းမယ်ဆိုတာ ချပြဖို့ ရှိပါတယ်”ဟု ပြောသည်။
လက်ရှိ အချိန်တွင် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် တရုတ်-မြန်မာ စီးပွားရေး စြင်္ကံ လမ်း စီမံကိန်း အရေး ဆွေးနွေးရန် တရုတ် နိုင်ငံသို့ ရောက်ရှိနေချိန် ပြည်သူလူထုက မြစ်ဆုံ ဆည်အရေး စိုးရိမ် ကြ လျက် ရှိရာ ယခု ခရီးစဉ်တွင် မြစ်ဆုံနှင့် ပတ်သက်၍ သီးသန့် ဆွေးနွေးရန် မရှိကြောင်းလည်း သမ္မတရုံးက ပြောဆို သည်။
တရုတ်နှင့် မြန်မာ ၂ နိုင်ငံကြား စီးပွားရေး စြင်္ကံလမ်း၊ နယ်စပ်ဒေသ တည်ငြိမ် အေးချမ်းရေး၊ ဆန်တင်ပို့နိုင်ရေး၊ ၂၀၂၀ တွင် တရုတ်-မြန်မာ သံတမန် ဆက်ဆံရေး နှစ် ၇၀ ပြည့် နှင့်၂ နိုင်ငံကြား နည်းပညာ ပူးပေါင်း ဆောင်ရွက်ရေးတို့ အတွက် နားလည်မှု စာချွန်လွှာ ၂ စောင် သဘောတူညီချက် တစောင် ရေးထိုးမည် ဖြစ်ကြောင်း သိရသည်။
ဦးဇော်ဌေးက“ကျနော်တို့ တရားဝင် ထုတ်ပြန်ထားပြီး ဖြစ်ပါတယ်။ အဲဒီ ကိစ္စတွေပဲ ဆွေးနွေးတာ ဖြစ်ပါတယ်။ ကျနော်တို့ သိသလောက်ကတော့ မြစ်ဆုံ ကိစ္စ မပါပါဘူး”ဟု ပြောသည်။
ကချင် ပြည်နယ်တွင် အငြင်းပွား ဖွယ်ရာ မြစ်ဆုံရေအား လျှပ်စစ် စီမံကိန်း အပါအဝင် စီမံကိန်းများ၌ တရုတ်နိုင်ငံက အနည်းဆုံး အမေရိကန် ဒေါ်လာ ၆ ဘီလီယံ ရင်းနှီးမြုုပ်နှံထားရာ ဒေါ်လာ ၃ ဒသမ ၆ ဘီလီယံ တန်သည့် စီမံကိန်းကို ဆည်၏ လူမှုဘဝ နှင့် သဘာဝ ပတ်ဝန်းကျင် ဆိုင်ရာ သက်ရောက်မှုများနှင့် ပတ်သက်၍ စိုးရိမ်သည့် ပြည်သူလူထု၏ ဆန့်ကျင် ကန့်ကွက်မှုများကြောင့် ၂၀၁၁ ခုနှစ်တွင် သမ္မတ ဦးသိန်းစိန်က စီမံကိန်းကို ရွှေ့ဆိုင်းခဲ့သည်။
လက်ရှိ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အစိုးရ လက်ထက်တွင် ယင်း စီမံကိန်း အပါအဝင် တပ်မတော် အစိုးရ လက်ထက်က ပြုလုပ်ခဲ့သည့် စီမံကိန်းများကို မိမိတို့ မူဝါဒနှင့် မကိုက်ညီဟုဆိုကာ ဖျက်သိမ်းမည် ဆိုပါက မိမိတို့ နိုင်ငံ ကို မည်သူကမျှ အယုံအကြည် ရှိတော့မည် မဟုတ်ကြောင်း အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က စစ်ကိုင်း တိုင်း ခရီးစဉ် တခုအတွင်း ပြောဆိုမှုကြောင့် ပြည်သူများ ပြန်လည် စိတ်ပူခဲ့ကြသည်။
ထို့ကြောင့် NLD အစိုးရ လက်ထက်တွင် ပြည်သူက ပို၍ ပြောဆိုမှုများ ရှိလာပြီး လုံးဝ ရပ်ဆိုင်း ပေးရန် သဘောထား ရှိကြောင်း ထုတ်ဖော်မှု တချို့လည်း ရှိသလို တချို့ကလည်း မြစ်ဆုံ စီမံကိန်း စတင်ခဲ့သူများကို တရားစွဲရန်၊ တချို့က လည်း စာချုပ်ပါ တန်ဖိုး အတိုင်း တွက်ချက်၍ လျော်ကြေးပေးရန် ပြည်သူ လူထုထံမှ တဒေါ်လာ ကောက်ယူရေး အစီ အမံများ ရေးဆွဲလျက် ရှိကြောင်း သိရသည်။
ပြည်သူ့ လွှတ်တော်၊ သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဆိုင်ရာ ကော်မတီ ဥက္ကဋ္ဌ ဦးစိုးသူရထွန်းက ယင်းစီမံကိန်းကို နဂိုကတည်းကပင် ကန့်ကွက်ခဲ့ရာ ယခုလည်း အခြား ကိစ္စရပ်များထက် ဒေသခံ ပြည်သူများ တန်ဖိုး ထား၊ မြတ်နိုးသည့် နေရာတခု ဖြစ်နေသောကြောင့် အလျော်ပေး၍ ရသည့် ပြဿနာ မဟုတ်ကြောင်း ဧရာဝတီသို့ ပြော သည်။
မြစ်ဆုံတွင် အခြား ကိစ္စရပ်များဖြစ်သည့် ငလျင်ဒဏ် ခံနိုင်ရေး၊ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ကိစ္စရပ်များသည် လုပ်ဆောင်၍ ရကြောင်း၊ သို့သော် ယခုနေရာတွင် မဟုတ်လည်း မြစ်ညှာဘက်သို့ တက်၍ ပတ်ဝန်းကျင် စနစ်တကျ လေ့လာ ဆန်းစစ်ပြီး ဆည် အသေးလေးများကို အဆင့်ဆင့် ဆောင်ရွက်၍ ရကြောင်း ၎င်းက ဆိုသည်။
NLD ပါတီမှ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်လည်း ဖြစ်သူ ဦးစိုးသူရထွန်း က“အရင်တုန်းက ဗီတို အာဏာနဲ့ ကာ ကွယ်ပေးဖို့ အတွက် ပိုက်လိုင်းကြီးကို ပေးခဲ့ရတာ ရှိတယ်။ တို့ခေါင်းဆောင်ကတော့ အဲဒီလိုမျိုး အလဲအထပ် လုပ်မယ့် သူမျိုး မဟုတ်ဘူးလို့ ယုံကြည်တယ်။ လုပ်သင့်လို့ လုပ်ရင်လည်း ဒီနေရာမှာ မဟုတ်ဘဲနဲ့ ခုနက ပြောသလို သင့်တော် တဲ့ နေရာ တခုခုကို ရွှေ့ပြောင်းပြီးတော့ စဉ်းစားနိုင်တယ်”ဟုလည်း ပြောသည်။
သမ္မတ ဦးသိန်းစိန် တာဝန်ယူသည့် ကာလတွင် ကြံ့ခိုင်ရေး ပါတီ ခေါင်းဆောင်များကို အသိမပေးဘဲ ဆုံးဖြတ်ချက်၂ ခု ချမှတ်ခဲ့ရာ တခုမှာ ဧရာဝတီ မြစ်ဆုံ စီမံကိန်းကို ရပ်ဆိုင်းရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ကြောင်း၊ စီမံကိန်း ရပ်ဆိုင်းခဲ့သော် လည်း နောက် ဆက်လက် ဆောင်ရွက်ရမည့် ကိစ္စရပ်များကိုမူ အောင်မြင်စွာ မဆောင်ရွက်နိုင်ခဲ့ကြောင်း ပြန်ကြားရေး ဝန်ကြီးဟောင်း ဦးရဲထွဋ်က ၎င်း၏ လူမှုကွန်ရက်တွင် ဧပြီလ ၂၂ ရက်နေ့က ရေးသားခဲ့သည်။
မြစ်ဆုံကိစ္စကို အစိုးရက စဉ်းစားရာတွင် နံပါတ် ၁ ပြည်သူ လူထု၏ သဘောထား၊ နံပါတ် ၂ မြန်မာနိုင်ငံ၏ အကျိုး စီးပွား၊ နံပါတ် ၃ မြန်မာနှင့် တရုတ် နိုင်ငံကြား ချုပ်ဆိုခဲ့သည့် သဘောတူညီချက်များ စသည့် အချက် ၃ ချက်ကို အလေးထားပြီး နောက်ဆုံး အချက်တွင် တရုတ်-မြန်မာ ဆက်ဆံရေးကို ထည့်သွင်း စဉ်းစားကြောင်း သမ္မတရုံး ညွှန်ချုပ် ဦးဇော်ဌေးက ပြောသည်။
၎င်းက“ဒီကိစ္စက အစိုးရ အနေနဲ့ အရမ်းအလေးထားတဲ့ ကိစ္စ ဖြစ်တယ်။ နောက် ပြည်သူလူထုရဲ့ သဘောထားကို အလေးထားသလို တရုတ်နိုင်ငံနဲ့ သဘောတူညီချက်တွေ ကတိကဝတ်တွေကိုလည်း အလေးထားရတယ်။ အစိုးရ အနေနဲ့ သေသေချာချာ လေးလေးနက်နက် စဉ်းစား သုံးသပ်ပြီးတော့ ညှိနှိုင်းဆောင်ရွက်သွားမှာ ဖြစ်တယ်”ဟုလည်း ပြောဆိုသည်။
သမ္မတရုံး ဝန်ကြီးဟောင်း ဦးစိုးသိန်းကမူ တိုင်းရင်းသား စည်းလုံး ညီညွှတ်ရေးကို ထိခိုက်နိုင်သဖြင့် ဧရာဝတီမြစ်ဆုံ စီမံကိန်းကို ဆက်မလုပ်သင့်ကြောင်း ၂၀၁၉ ခုနှစ် နှစ်ဆန်းပိုင်းက အကြံပြု ပြောဆိုခဲ့ဖူးသည်။
ယင်း စီမံကိန်းကို မြစ်ဆုံနေရာတွင် မလုပ်သင့်ဘဲ မေခ၊ မေလိခ အထက်ပိုင်း နေရာများတွင် ပြုလုပ်နိုင်ကြောင်း၊ သို့မဟုတ် အောက်သို့ ဆင်း၍ အသေးစား ဆည်ပုံစံမျိုး ပြုလုပ်နိုင်ကြောင်း၊ တိုင်းပြည်အတွက် လိုအပ်ပါက အလျော် အစား လုပ်ပေးရမည် ဖြစ်ကြောင်းလည်း ၎င်းက ဆိုသည်။
ကချင်ပြည်နယ် မြစ်ဆုံ ဒေသတွင် ပြုလုပ်ရန် ရှိသည့် ရေအား လျှပ်စစ် စီမံကိန်းများကို ဆက်လက် ဆောင်ရွက်ရန် သင့်၊ မသင့်နှင့် ပတ်သက်၍ ဖွဲ့စည်းထားသည့် ဧရာဝတီ မြစ်ဆုံ၊ မြစ်ညှာ၊ မြစ်ဝှမ်း ရေအားလျှပ်စစ် စီမံကိန်းများ လေ့လာ သုံးသပ်ရေး ကော်မရှင်၏ အစီရင်ခံစာကို နိုင်ငံတော် သမ္မတရုံးသို့ တင်ပြထားသည်မှာ တနှစ်ကျော် ရှိပြီ ဖြစ် ကြောင်း သိရသည်။
ယင်းကော်မရှင်တွင် လက်ရှိ ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ ဦးတီခွန်မြတ်က ကော်မရှင် ဥက္ကဋ္ဌ အဖြစ် တာဝန်ယူထားပြီး နိုင်ငံတော် အတိုင်ပင်ခံရုံး ဝန်ကြီး ဦးကျော်တင့်ဆွေက ဒုတိယ ဥက္ကဋ္ဌနှင့် အစိုးရ ဝန်ကြီးများ၊ ကချင်ပြည်နယ် ဝန်ကြီး ချုပ် တို့မှာ အဖွဲ့ဝင်များ ဖြစ်ကြပြီး ရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌ ဦးဝင်းသိမ်းက အတွင်းရေးမှူး အဖြစ် တာဝန်ယူထားရာ မည် ကဲ့သို့ အကြံပြုထားသည်ကို ပြည်သူလူထုက သိခွင့် မရှိသေးပါ။