တရုတ်နိုင်ငံက အထပ်သားစက်ရုံတွင် အလုပ်လုပ်ရမည်ဟုဆိုကာ တရုတ်နိုင်ငံသို့ ခေါ်ယူသွားကာ တရုတ် နိုင်ငံသားများနှင့် အဓမ္မ လက်ထပ်ရန် စီစဉ်ဆောင်ရွက်ခဲ့သူ ၂ ဦးကို လူကုန်ကူးမှုဥပဒေဖြင့် တရားစွဲဆိုလိုက်ကြောင်း ရန်ကုန်တိုင်း၊ လူကုန်ကူးမှုရဲတပ်ဖွဲ့မှ သိရသည်။
တိုက်ကြီးမြို့နယ်တွင် နေထိုင်သော မဖြူဖြူလှိုင်နှင့် မန္တလေးတွင်နေသည့် မဝင်းမာဆိုသူတို့က တိုက်ကြီးမြို့နယ်မှ အမျိုးသမီး ၄ ဦးကို တရုတ်နိုင်ငံရှိ အထပ်သားစက်ရုံတွင် အလုပ်လုပ်ရမည်၊ တနှစ်လျှင် ကျပ်သိန်း ၂၀ ခန့်စုမိမှာဖြစ်ပြီး တနှစ်ပြည့်သည်နှင့် ပြန်လာရမည်ဖြစ်ကြောင်း စည်းရုံးခေါ်ယူပြီး တရုတ်အမျိုးသားများနှင့် လက်ထပ်ရန် စီစဉ်ခဲ့ကြောင်း ရန်ကုန်တိုင်း၊ လူကုန်ကူူးမှု တိုက်ဖျက်ရေးအဖွဲ့မှ ရဲမှူး ခင်မောင်ကြွယ်က ပြောသည်။
ရဲမှူး ခင်မောင်ကြွယ် က “ကျနော်တို့ကို တိုက်ကြီးနယ်ခံ တဦးဖြစ်တဲ့သူကိုလည်း ဖမ်းနိုင်ခဲ့တယ်။ မူဆယ်မှာလည်း မန္တလေးက တဦးကို ဖမ်းပြီး အမှုဖွင့်ထားနိုင်ခဲ့တယ်။ သူတို့ကို လူကုန်ကူးတာ ဘယ်လောက်ရှိပြီလဲဆိုတာတော့ စစ်ဆေးရဦးမှာပေါ့” ဟု ဆိုသည်။
မန္တလေးမြို့နေ မဝင်းမာဆိုသူကို မူဆယ်ရဲစခန်းမှ (ပ) ၃၄၃/ ၂၀၁၉၊ လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဥပဒေပုဒ်မ ၂၈(က)/ ၃၂ တို့ဖြင့် အမှုဖွင့်ထားသလို တိုက်ကြီးမြို့နယ်နေ မဖြူဖြူလှိုင်ကိုလည်း တိုက်ကြီးရဲစခန်းတွင် (ပ) ၅၉၄/ ၂၀၁၉၊ လူကုန်ကူးမှု တားဆီးကာကွယ်ရေးဥပဒေ ၂၄/ ၃၂ တို့ဖြင့် အမှုဖွင့်ထားကြောင်း ရန်ကုန်တိုင်း၊ လူကုန်တားအဖွဲ့၏ မှတ်တမ်းများအရ သိရသည်။
အဆိုပါဖြစ်စဉ်တွင် လူကုန်ကူးခံရသည့် အမျိုးသမီး ၂ ဦးကတော့ လက်မထပ်ဖြစ်ပဲ မြန်မာနိုင်ငံသို့ ပြန်ရောက်ခဲ့ သော်လည်း တဦးက ၃ လခန့် လက်ထပ်ပြီးမှ ပြန်ရောက်ခဲ့သည်။ ကျန်တဦးကတော့ တနှစ်ပြည့်မှသာ ပြန်လာခွင့်ရမည့် အခြေအနေရှိကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် ၂၀၁၇ ခုနှစ်က လူကုန်ကူးမှု ၂၂၇ မှု ဖော်ထုတ်နိုင်ခဲ့ပြီး ၂၀၁၈ ခုနှစ်တွင် ၂၀၆ မှု ဖော်ထုတ်နိုင်ခဲ့သည်။ လူကုန်ကူးမှုဖြစ်စဉ်များ၏ ၇၅ ရာခိုင်နှုန်းကျော်သည် တရုတ်နိုင်ငံသားများနှင့် အဓမ္မ လက်ထပ်ခြင်းများဖြစ်ကြောင်း မြန်မာနိုင်ငံ လူကုန်တားရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်များအရသိရသည်။
ယခုနှစ် မတ်လတလအတွင်းပင် လူကုန်ကူးမှု ၂၂ မှု ဖော်ထုတ်နိုင်ခဲ့ရာတွင် ၁၉ မှုသည် တရုတ်နိုင်ငံသားများနှင့် အဓမ္မ လက်ထပ်ခြင်းပင်ဖြစ်ကြောင်း သိရသည်။
ရန်ကုန်တိုင်းအတွင်း ၂၀၁၇ ခုနှစ်က လူကုန်ကူးမှု ၆၀ ကို ဖော်ထုတ်ခဲ့ပြီး ၂၀၁၈ ခုနှစ်တွင် ၅၅ မှု ကိုဖော်ထုတ်နိုင်ခဲ့သည်။ တိုင်းနှင့် ပြည်နယ်အလိုက် ယှဉ်ကြည့်လျှင် ရန်ကုန်တိုင်းသည် လူကုန်ကူးမှုဖြစ်စဉ် အများဆုံးအဖြစ် ၂ နှစ်ဆက်တိုက် ရှိလာသည်။
ရဲမှူး ခင်မောင်ကြွယ် က “အရင်က လူကုန်ကူးတယ်ဆိုတာ တရုတ်နိုင်ငံက ပွဲစားတွေနဲ့ ဒီကလူတွေ ချိတ်ဆက်ပြီး ကူးခဲ့တာ။ အခုနောက်ပိုင်းမှာ တရုတ်တွေက ဒီထဲအထိ ဆင်းလာပြီးမှ တောင်းရမ်း လက်ထပ်တဲ့ ပုံစံမျိုးနဲ့ လာခေါ်နေကြပြီ။ နောက်ပြီး WeChat ကနေ ချိတ်ဆက်ပြီးတော့ လူကုန်ကူးကြတာမျိုးတွေလည်း ဖြစ်လာပြီ” ဟု ဆိုတယ်။
တိုက်ကြီးမြို့နယ်တွင် လူကုန်ကူးမှုဖြင့် အဖမ်းခံရသည့် အမျိုးသမီးသည် ယခင်အချိန်ကတည်းက လူကုန်ကူးနေသည့် အနေအထားမျိုး ဖြစ်ကြောင်း သတင်းရသည့်အတွက် စောင့်ကြည့်နေခဲ့ပြီး လူကုန်တားရဲတပ်ဖွဲ့သို့ သတင်းပေးနိုင်ခဲ့သည့်အတွက် အခုလို ဖော်ထုတ်ဖမ်းမိနိုင်ခဲ့ခြင်းကို ကျေနပ်မိကြောင်း တိုက်ကြီးမြို့နယ်က လူကုန်ကူးမှုနှင့် ပက်သက်ပြီး လူကုန်တားရဲတပ်ဖွဲ့ကို ချိတ်ဆက်ခဲ့သည့် မြို့ခံတဦးက ပြောသည်။
“သူတို့တွေ လုပ်နေတာ ကျနော်အရင်ထဲက သတင်းရတယ်။ အဲ့ဒါကြောင့်လည်း စောင့်ကြည့်ခဲ့တယ်။ အခုတခေါက်မှာတော့ ဖမ်းမိလိုက်တဲ့အတွက် ဘာဖြစ်ဖြစ် ကိုယ့်ပတ်ဝန်းကျင်မှာ ဒီလိုမြန်မာမိန်းကလေးတွေကို မတရားလုပ်နေတဲ့သူတွေကို ဖော်ထုတ်ဖမ်းနိုင်ခဲ့လို့ ကျေနပ်ပါတယ်” ဟု သူက ဆိုသည်။
ဆက်စပ်ဖတ်ရှူရန် – ဘဝကို ကုန်ပစ္စည်းသဖွယ် တရုတ်လက်ထဲ ထိုးအပ်ခံနေရတဲ့ အမျိုးသမီးလေးများ