သတင်း

တတိယ လွတ်ငြိမ်းတွင် နိုင်ငံရေးဖြင့် ဆက်နွယ်ပြီး ကျနေသူများ ပါမည်ဟု သမ္မတရုံးပြော

Want create site? Find Free WordPress Themes and plugins.

နိုင်ငံတော် သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် မကြာမီတွင် တတိယ အကြိမ်လွတ်ငြိမ်းချမ်းသာခွင့် တခု ထပ်လာမည် ဖြစ်ပြီး အဆိုပါ အကြိမ်တွင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းဖြင့် ဆက်နွယ်၍ အကျဉ်းကျနေသူများ၊ နိုင်ငံရေးဖြင့် ဆက်နွယ်၍ အကျဉ်းကျ နေသူများ ပါဝင်မည်ဖြစ်ကြောင်း သမ္မတရုံးက အတည်ပြုသည်။

လက်နက်ကိုင်အဖွဲ့များဖြင့် ဆက်နွယ်၍ ကျနေပြီး ပြန်လွှတ်ပေးမည့် အထဲတွင် ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS/SSA)၊ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA)နှင့် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) တို့မှဖြစ်ကြောင်း သမ္မတ ရုံးမှ ပြောရေး ဆိုခွင့် ရှိသူ ဦးဇော်ဌေးက ပြောသည်။

ဦးဇော်ဌေး က “လက်နက်ကိုင် ၃ ဖွဲ့က အားလုံးပေါင်း ကျနော်တို့ မှန်းတာက လူ ၂၀ ကျော်လောက်ရှိတယ်။ ပြန်ပြီး လေ့လာသုံး သပ်ပြီးတော့ ပြည်ထဲရေး ဝန်ကြီးဌာနက တဆင့် သမ္မတဆီတင်မှာ ဖြစ်ပါတယ်” ဟု သောကြာနေ့ ညနေပိုင်းက နေပြည်တော်တွင် သတင်းထောက်များကို ပြောသည်။

ABSDF နှင့် RCSS/SSA တို့သည် အစိုးရနှင့် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) ကို ၂၀၁၅ ခုနှစ်က လက်မှတ်ရေးထိုးထားသော အဖွဲ့များဖြစ်ပြီး SSPP/SSA သည် NCA ရေးထိုးနိုင်ရန် အစိုးရနှင့် ညှိနှိုင်းနေဆဲ အဖွဲ့ဖြစ်သည်။

ယခုလာမည့် တတိယ အကြိမ်တွင် နိုင်ငံရေးအကျဉ်းသားများ အခွင့်အရေးကို အဓိကထား ဆောင်ရွက်နေသည့် နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်လျှောက်ရေး အဖွဲ့ (AAPP) က စုစောင်းထားသည့် နိုင်ငံရေးဖြင့် ဆက်နွယ် အကျဉ်းကျနေသည့် အကျဉ်းသား စာရင်းများကိုလည်း အစိုးရအနေဖြင့် သုံးသပ်လျှက်ရှိကြောင်း သိရသည်။

ဦးဇော်ဌေး က “အထူးသဖြင့် AAPP ပေါ့နော်။ အဲ့စာရင်းတွေ ရှိတယ်။ ဒါတွေလည်း ကျနော်တို့ ပြန်သုံးသပ်လျှက် ရှိပါတယ်။ လူကြီးတွေလည်း ဒါကို အလေးထားဆောင်ရွက်နေတာ ရှိပါတယ်။ ရှိတော့ကြတော့ တချို့ မြန်မာလူ့အဖွဲ့အစည်း ကြားထဲမှာ တော်တော်များများ ကြီးကြီးမားမား ဖြစ်သွားတဲ့ လူတွေရှိတယ်။ အဲဒါတွေကိုလည်း ကျနော်တို့ နောက်အသုတ်ကြရင်တော့ ပါလာဖို့ မှန်းပါတယ်” ဟု ပြောသည်။

Reuters သတင်းထောက် ၂ ဦးဖြစ်သည့် ကိုကျော်စိုးဦးနှင့် ကိုဝလုံး တို့ ပါလာမည်လားဆိုသည့် မေးမြန်းမှုကိုတော့ “လောလောဆယ် ကျနော်တို့ ပြောဖို့မရှိသေးပါဘူး” ဟု ဦးဇော်ဌေး က ဖြေကြားသွားသည်။

ယခင်လွှတ်ပေးခဲ့သည့် ၂ ကြိမ်တွင် မူးယစ်ဆေးဝါးဖြင့် ထောင်ကျနေသူများသာ အများစုလွတ်မြောက်ခဲ့ပြီး နိုင်ငံရေး ယုံကြည်ချက် ကြောင့် အကျဉ်းကျနေသည့် အကျဉ်းသား လွတ်မြောက်လာမှုမှာ နည်းပါးလွန်းသဖြင့် အစိုးရ၏ လွတ်ငြိမ်းချမ်းသာခွင့် အပေါ် ဝေဖန်မှုများ ရှိခဲ့သည်။

AAPP ပြောရေးဆိုခွင့် ရှိသူ ဦးအောင်မျိုးကျော် က “နိုင်ငံရေး အကျဉ်းသားတွေဟာ ချို့ယွင်းချက်မရှိ အမြန်ဆုံး လွတ်ပေးသင့်တဲ့ ကိစ္စ ဖြစ်ပါတယ်။ တတိယ အကြိမ် လွတ်ငြိမ်းချမ်းသာခွင့်မှာ ကျန်ခဲ့တဲ့ နိုင်ငံရေး အကျဉ်းသားတွေကို လွတ်ပေးဘို့ မျှော်လင့် ပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။

နိုင်ငံတော်သမ္မတ၏ နှစ်သစ်ကူး လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ဧပြီ ၂၆ ရက်နေ့က ဒုတိယ အကြိမ်အဖြစ် ကချင် ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ စစ်ကိုင်းတိုင်း ဒေသကြီး၊ တန င်္သာရီတိုင်းဒေသကြီး၊ ပဲခူး တိုင်းဒေသကြီး ၊ မကွေးတိုင်း ဒေသကြီး အကျဉ်းထောင်များမှ အကျဉ်းသား ၆၉၄၈ ဦးကို ရာဇဝတ် ကျင့်ထုံး ဥပဒေပုဒ်မ ၄၀၁၊ ပုဒ်မခွဲ (၁) အရ စည်းကမ်းချက် မထားဘဲ လွှတ်ပေးခဲ့သည်။

ယခုနှစ် မြန်မာ့ ရိုးရာ မဟာသြင်္ကန်အပြီး နှစ်ဆန်း ၁ ရက်နေ့ (ဧပြီ ၁၇) ကလည်း သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် အကျဉ်းထောင် အသီးသီးမှ အကျဉ်းသား ၉၅၃၅ ဦးကို ရာဇဝတ် ကျင့်ထုံး ဥပဒေပုဒ်မ ၄၀၁၊ ပုဒ်မခွဲ (၁) အရ စည်းကမ်းချက် မထားဘဲ လွှတ်ပေးခဲ့သည်။ ထိုပုဒ်မဖြင့်ပင် နိုင်ငံခြားသား အကျဉ်းသား ၁၆ ဦးကို ယင်းနေ့တွင် လွှတ်ပေးခဲ့သည်။

ယင်းသို့ မြန်မာနှစ်သစ်ကူးကာလအပြီး လွှတ်ပေးသည့် ၂ ကြိမ်လုံးတွင် နိုင်ငံရေးဖြင့် ဆက်နွယ် အကျဉ်းကျနေသည့် အကျဉ်းသား နည်းပါးခဲ့ပြီး မူးယစ်ဆေးသုံးစွဲမှု၊ လက်ဝယ်တွေ့ရှိမှုဖြင့် အကျဉ်းကျနေသူ အများစုကို ဦးစားပေး၍ လွှတ်ပေးခဲ့ခြင်း ဖြစ်ကြောင်း အစိုးရဘက်က အတည်ပြုသည်။

မူးယစ် ဥပဒေအဟောင်းအရ မူးယစ်ဆေး အပြား ၃၀ အောက် သုံးစွဲသူများလည်း မထိုက်တန်သည့် ပြစ်မှု၊ ပြစ်ဒဏ်များဖြင့် ထောင်ချ ခံထားရကြောင်း ထိုသို့သော မူးယစ်ဆေး သားကောင် အဆင့်များကို ပြင်ဆင်လိုက်သည့် မူးယစ် ဥပဒေအရ စိစစ်၍ လွှတ်ပေးခြင်း ဖြစ်ကြောင်း ဦးဇော်ဌေး က ပြောသည်။

ဦးဇော်ဌေး က “ပြင်လိုက်တဲ့ မူးယစ် ဥပဒေအရဆိုရင် မူးယစ်ဆေးဝါး သုံးစွဲတဲ့လူတွေက သားကောင်တွေဖြစ်တယ်။ သားကောင်တွေကို နောက်ပိုင်း ဥပဒေ ပြင်ဆင်ချက် အရဆိုရင် ပြစ်ဒဏ်မချဘူး။ သူတို့ကို ပြန်ပြီး ထူထောင်နိုင်ဖို့ဆိုတာကို အသားပေးတယ်။ အထူးသဖြင့် လူ့အဖွဲ့အစည်းနဲ့ ပြန်လည်ပေါင်းစည်းနိုင်ဖို့ဟာကို ပြန်လည်ထူထောင်ဖို့ အလေးထားပြီး ဥပဒေပြင်လိုက်တယ်” ဟု ပြောသည်။

၎င်းက ဆက်၍ “ဒီဥပဒေ မပြင်ခင်က ပုဒ်မအဟောင်းတွေနဲ့ ချမှတ်ထားတဲ့ လူငယ်တွေ အများကြီးကို ကျနော်တို့က ပြန်ကြည့်ပါတယ်။ အများကြီးထဲကလည်း အကယ်၍ လက်ဝယ် ကိုင်ဆောင်ထားတဲ့ဟာကလည်း ပမာဏ ဘယ်လောက်များလဲ၊ ပမာဏ များတဲ့သူတွေ ဆိုရင် ကျနော်တို့ ပြန်မလွှတ်ဘူး။ ပမာဏ နည်းနည်းလေးဖြစ်တယ်။ တနိုင်ငံလုံးမှာ ရှိတဲ့ အကျဉ်းထောင်တွေမှာ ဒီအမှုတွေက တော်တော်များတဲ့ အတွက် သမ္မတကြီးက စိစစ်ပြီးတော့ ပြန်လွှတ်ပေးတာပေါ့” ပြောသည်။

အကျဉ်းထောင်များတွင် ဝင်ဆံ့နိုင်သည့် အကျဉ်းသား ဦးရေထက် နှစ်ဆကျော် မြင့်မားနေမှုများ ရှိနေကြောင်း၊ အကျဉ်း ထောင် ဥပ ဒေ သည် လွန်ခဲ့သည့် နှစ်ပေါင်း ၁၀၀ ကျော်ကတည်းက ဥပဒေ ဖြစ်သည့် အတွက် နိုင်ငံတကာ စံနှုန်းများနှင့် ကိုက်ညီမှု မရှိ တော့ ကြောင်း ထောက်ပြမှုများရှိသည်။

ယခုနှစ် မတ်လ အတွင်းကတော့ လူ့အခွင့်အရေးနှင့် အကျဉ်းထောင် ပြုပြင် ပြောင်းလဲရေး အလားအလာနှင့် ပတ်သက်ပြီး အလုပ်ရုံ ဆွေးနွေးပွဲ တခုကို မြန်မာနိုင်ငံ လူ့အခွင့် အရေး ကော်မရှင်နှင့် နိုင်ငံရေး အကျဉ်းသားများ ကူညီ စောင့်ရှောက်ရေး အသင်း (AAPP) တို့က နေပြည်တော်ရှိ Man Myanmar ဟိုတယ်၌ ပြုလုပ်ခဲ့သေးသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading