သတင်း

ရသေ့တောင် လက်နက်ကြီး ပေါက်ကွဲမှု ကလေး ၁ ဦးသေ၊ ၂ ဦး ဒဏ်ရာရ

Want create site? Find Free WordPress Themes and plugins.

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ ခရုချောင်း ကျေးရွာအတွင်း ဧပြီလ ၂၈ ရက်နေ့ က လက်နက်ကြီး ကျည်တလုံး ပေါက်ကွဲခဲ့ရာ အရပ်သား ၁ ဦးသေ ဆုံးပြီး ၂ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သတင်း ရရှိသည်။

အဆိုပါ ပေါက်ကွဲမှုကြောင့် အသက် ၁၅ နှစ်အရွယ် မောင်အောင်မျိုးလှိုင်မှာ သေဆုံးခဲ့ပြီး ၎င်း၏ ညီဖြစ်သူ အသက် ၁၃ နှစ်အရွယ် မောင်အောင်မျိုးဝင်းနှင့် အသက် ၄ နှစ်အရွယ် မိန်းကလေးငယ် မသိန်းမေဦးတို့ မှာလည်း ထိခိုက် ဒဏ်ရာများ ရရှိခဲ့သည်။

အဆိုပါ ကလေး ၃ ဦးသည် ခြံထဲတွင် သရက်သီးခွဲစားနေချိန်တွင် အကိုဖြစ်သူ အောင်မျိုးလှိုင်မှာ ခြံပြင်ထွက်၍ အပေါ့သွားရန် ခြံစည်းရိုးကျော်နေစဉ် ပေါက်ကွဲမှု ဖြစ်သွားခြင်း ဖြစ်ကြောင်း ဒဏ်ရာရရှိခဲ့သူ မောင်အောင်မျိုးဝင်းက ပြန်ပြောပြသည်။

မောင်အောင်မျိုးဝင်း က “အဲဒီ (ပေါက်ကွဲမှုဖြစ်ပွားသည့်) နေရာနဲ့ ဆို ကျနော်တို့နဲ့ (လက်) ၅ တောင်လောက် ဝေးတယ်။ ဂျိမ်းဆိုတာနဲ့ ကျနော့် အကိုက တခြားနေရာကို လွင့်သွားတယ်” ဟု ဧရာဝတီသို့ ပြောသည်။

ပေါက်ကွဲမှုကြောင့် မောင်အောင်မျိုးလှိုင်မှာ ဘုန်းကြီးကျောင်း အနောက်ဘက် ချောင်း စပ်အနီး သို့ လွင့်စဉ်းကာ ထိုနေရာတွင် သေဆုံးသွားခဲ့ပြီး မောင်အောင်မျိုးဝင်းနှင့် မိန်းကလေးငယ်တို့မှာ ခြေထောက် ၊ တင်းပါးနှင့် ဝမ်းဗိုက် တို့တွင် လက်နက်ကြီး အစ ထိမှန်သည့် အတွက် ယမန်နေ့ ညနေပိုင်း က ရသေ့တောင်ဆေးရုံမှတဆင့် စစ်တွေပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပြီး ကုသမှုများ ခံယူနေရသည်။

လက်ရှိအချိန်တွင် အဆိုပါ ကလေးငယ် ၂ ဦးမှာ အခြေအနေ ကောင်း မွန်ပြီး ၎င်းတို့ ဖြစ်ပျက်ခဲ့သည့် အခြေအနေကိုလည်း ဧရာဝတီသို့ ပြန်ပြောပြနိုင်သည်။

လက်နက်ကြီး အစမှန်၍ ဒဏ်ရာရရှိသူ အသက် ၄ နှစ်အရွယ် မိန်းကလေးငယ်၏ မိခင်ဖြစ်သူ ဒေါ်တင်သိန်းနု ကတော့ ပေါက်ကွဲသံကိုသာ ကြားရပြီး မည်သို့ ဖြစ်သည်ကို မသိလိုက် ကြောင်း ဧရာဝတီသို့ ပြောသည်။

ဒေါ် တင်သိန်းနု က “ဘုန်းကြီးကျောင်းနောက်က ချောင်းကမ်း စပ်ကနေ လှေထဲက စပါးထုတ်များကို သယ်နေကြတာ။ အောင်မျိုးလှိုင်တို့ ညီကို နှစ်ယောက်ကလည်း ကူပြီး စပါးထုတ်တွေကို သယ်ပေးတယ်။ စပါးထုတ်တွေက လေးတဲ့အတွက် ညီမလေးကို ကြည့်ရင်းရဲ့ ခဏနား ခိုင်းထားတဲ့တာ။ ကျမ စပါးထုတ်သယ်ဖို့ သွားလိုက်တာနဲ့ ပေါက်သံပဲကြားလိုက်ရတယ်။ ကျမအသံကြားလို့ ပြန်ပြေးလာတော့ ကလေး ၂ ယောက်က မြေထဲမှာ လူ့လွန့်ပြီး သွေးတွေထွက်နေတယ်။ တယောက်က ချောင်းနားဘက်ကို လွင့်စဉ်ပြီး သွေးတွေနဲ့ လဲနေတယ်” ဟု ရှင်းပြသည်။

ပေါက်ကွဲမှု ဖြစ်ပွားသည့်နေ့က အဆိုပါ ခရုချောင်းကျေးရွာ အနီးတွင် တိုက်ပွဲဖြစ်ပွားမှုများ မရှိသလို ယခု ကျရောက်ပေါက်ကွဲသည့် လက်နက်ကြီး ကျည်ဆန် တလုံး မှအပ နောက်ထပ် ပစ်ခတ်သည့် လက်နက်ကြီး အသံများကိုလည်း မကြားရကြောင်း ကျေးရွာသားများက ပြောသည်။

ရခိုင်ပြည်နယ်အတွင်း မြန်မာ့တပ်မတော်နှင့် ရခိုင်စစ်တပ် (AA) တို့ နှစ်ဘက် တိုက်ပွဲများ ပြင်ထန်စွာ ဖြစ်ပွားနေသော ကြောင့် စစ်ဘေးဒုက္ခသည် ၃၄၀၀၀ ကျော်အထိ ရှိလာပြီဖြစ်ကာ ကျန်းမာရေး စောင့်ရှောက်မှုနှင့်အတူ နေထိုင်စား သောက်ရေး များအတွက် ကူညီကယ်ဆယ်ရေးများလည်း လိုအပ်လျှက် ရှိကြောင်း သိရသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading