၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် မန္တလေးတိုင်း စည်ပင် ဘတ်ဂျက်အား ပြည်ထောင်စု ဘဏ္ဍာရေး ကော်မရှင်က မဖြတ် တော့ဘဲ ပြန်လည် ခွင့်ပြုလိုက်ကြောင်း တိုင်း စီမံကိန်းနှင့် ဘဏ္ဍာရေး (စီမံ/ဘဏ္ဍာ) ဝန်ကြီး ဦးမြတ်သူက ဧရာဝတီကို ပြောသည်။
ဦးမြတ်သူက“ဘတ်ဂျက်ကို ဖြတ်တာတော့ မဟုတ်ပါဘူး။ ဘဏ္ဍာရေး လုပ်ထုံးလုပ်နည်းနဲ့ အညီ လျှော့ခိုင်းတာပါ။ ဒါကို စည်ပင် ဘက်ကလည်း မလျှော့စေချင်တဲ့ အမှန်တကယ် လိုအပ်တယ် ဆိုတဲ့ အကြောင်းပြချက် ပြန်ပေးတဲ့ အတွက် ပြန်ညှိနှိုင်းပြီးတော့ မဖြတ်တော့ဘဲ ခွင့်ပြုပေးလိုက်တာ”ဟု ရှင်းပြသည်။
မန္တလေးတိုင်း အစိုးရ အဖွဲ့က ယခု ဘဏ္ဍာရေးနှစ် အတွက် ဖြည့်စွက် ခွင့်ပြုငွေ မူကြမ်းအား တိုင်း လွှတ်တော်တွင် အဆို ပြုခဲ့ပြီး ပြည်ထောင်စု ဘဏ္ဍာရေး ကော်မရှင်သို့ တင်ပြခဲ့ရာ မူလက မန္တလေးတိုင်း စည်ပင်ဌာနက တင်ပြ တောင်း ခံ ထားသော ဘတ်ဂျက်ငွေ ကျပ် ၃၁ ဘီလီယံကျော်သည် တိုင်းဒေသကြီး၏ ပြည်တွင်း အသားတင် ထုတ် လုပ်မှု တန်ဖိုး (GDP) ထက် ၅ ရာခိုင်နှုန်း ကျော်လွန်နေသည်ဟု ဆိုသည်။
ထို့ပြင် ဘဏ္ဍာရေးနှစ်၏ မူလ ဘတ်ဂျက်တွင် မပါဝင်သော စီမံကိန်းများ အတွက် သုံးစွဲမည့် ငွေကြေး များအား ထည့် သွင်း တွက်ချက်ကာ တင်ပြထားခြင်းတို့ ပါဝင်နေသည်ဟုလည်း သိရသည်။
ထို့ကြောင့် ဘဏ္ဍာရေး လုပ်ထုံး လုပ်နည်းနှင့် မညီသဖြင့် ဖြတ်တောက်ရန် အကြောင်းကြား ခံရခြင်း ဖြစ်ကြောင်း တိုင်း စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန က ပြောသည်။
ဘဏ္ဍာရေး လုပ်ထုံး လုပ်နည်း အရ ဘဏ္ဍာရေးနှစ် တနှစ်၏ နှစ်လယ်တွင် တိုင်း၊ ပြည်နယ် အလိုက် ဖြည့်စွက် ခွင့်ပြု ငွေများအား တိုင်း၊ ပြည်နယ် အဆင့် လွှတ်တော်များက အဆိုပြု၍ မူကြမ်းအား ပြည်ထောင်စု ဘဏ္ဍာရေး ကော်မရှင် ထံ တင်ပြရပြီး ကော်မရှင်က ဘဏ္ဍာရေး ဆိုင်ရာ အခြေအနေများအား သုံးသပ် စိစစ်ကာ ဖြတ်တောက်ခြင်း (သို့ မဟုတ်) ပြည်ထောင်စုက ထောက်ပံ့ခြင်း စသည် တို့ကို ဆောင်ရွက်ရကြောင်း သိရသည်။
ဦးမြတ်သူက“အထူး အခွင့်အရေး ပေးတာတော့ မဟုတ်ပါဘူး။ မြို့တော်ဝန် ဘက်ကလည်း မြို့အတွက် အမှန် တကယ် သုံးဖို့ လိုတာတွေ တင်ပြတဲ့ အတွက်ကြောင့်လည်း ပါပါတယ်”ဟု ဆိုသည်။
ပြည်ထောင်စု ဘဏ္ဍာရေး ကော်မရှင် အနေဖြင့်လည်း စည်ပင် သာယာရေး ကော်မတီသည် မြို့အတွက် အရ အသုံး ဘတ်ဂျက်အား ကိုယ်တိုင် ရှာ၍ ကိုယ်တိုင် သုံးရခြင်း ဖြစ်သော်လည်း တဖက်တွင် ပိုမိုသုံးစွဲမည့် ငွေကြေး အလျောက် မြို့လူထုက ထမ်းဆောင်ရမည့် အခွန်အခများ ပိုများလာနိုင်မည်ကိုလည်း တွက်ဆသဖြင့် လျှော့ချရန် မူလ ညွှန်ကြား ခြင်း ဖြစ်နိုင်သည်ဟု ၎င်းက ပြောဆိုသည်။
မန္တလေးမြို့တော် စည်ပင် သာယာရေး ကော်မတီဝင် တဦး ဖြစ်သူ ဦးကျော်ဆန်းမြင့်က“မန္တလေးက Smart City ကို ဦးတည် သွားနေတဲ့အတွက် နောင်မှာ မြို့ဝန်ဆောင်မှု လုပ်ငန်း အများစုကို နည်းပညာ အခြေခံ ဆောင်ရွက်နိုင်ဖို့ ဦးစားပေး ရည်ရွယ်ထားတယ်။ အဲဒီအတွက် ပိုရှာဖို့ လုပ်သလို ပိုသုံးဖို့လည်း စီစဉ်ရတာ ဖြစ်ပါတယ်”ဟု ဧရာဝတီကို ပြောသည်။
ယခု ဘဏ္ဍာရေးနှစ် အပါအဝင် လာမည့်နှစ် အတွင်း အင်တာနက် အခြေခံသည့် နည်းပညာများနှင့် မြို့ဝန်ဆောင်မှု လုပ်ငန်းများတွင် အသုံးပြုရန် အတွက် ဘတ်ဂျက် လိုအပ်ချက် ပိုလာခြင်း၊ လမ်းမီးတိုင်များ အတွက် မီတာခနှုန်းထား များ ရှိခြင်း၊ ရေဆိုးသန့်စင်ခြင်း စသည့် လျှပ်စစ်ဓာတ်အား အသုံးပြုမှု ယခင်ထက် ပိုလာခြင်း တို့ကြောင့် စည်ပင် အသုံး စရိတ် ပိုလာခြင်း ဖြစ်သည်ဟု ဆိုသည်။
ဘဏ္ဍာရေး ကော်မရှင်နှင့် ပြန်လည် ညှိနှိုင်းပြီး ခွင့်ပြုပေးသော ဖြည့်စွက် ခွင့်ပြုငွေ မူကြမ်းအား ပြည်ထောင်စု လွှတ် တော်သို့ တင်ပြ အတည်ပြုချက် ရယူသွားမည်ဖြစ်ပြီး လာမည့် မေလဆန်းတွင် ကျင်းပမည့် မန္တလေးတိုင်း လွှတ်တော် တွင် “၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် မန္တလေးတိုင်း ဒေသကြီး နောက်ထပ် ဘဏ္ဍာငွေ ခွဲဝေ သုံးစွဲရေး ဥပဒေ”အား အတည်ပြု ပြဋ္ဌာန်းသွားမည် ဟုသိရသည်။
ယခုလအတွင်း ပြည်ထောင်စု ဘဏ္ဍာရေး ကော်မရှင်က စည်ပင် ဘတ်ဂျက်များအား ဖြတ်တောက်မည် ဆိုပါက မြို့ လူထု အတွက် လိုအပ်သည့် လုပ်ငန်းများ ဆောင်ရွက်နိုင်မည် မဟုတ်သဖြင့် မန္တလေး မြို့တော်ဝန်က နုတ်ထွက်ရန် အစီအစဉ် ရှိကြောင်း လူမှုကွန်ရက်၌ သတင်းများ ထွက်ပေါ်လျက် ရှိသည်။
ဒေသန္တရ စီမံအုပ်ချုပ်မှု စနစ်ကို လေ့လာနေသော မန္တလေး အခြေစိုက် “ယုံကြည်ရာ” အသိပညာ ပြန့်ပွားရေး အသင်း ၏ အမှုဆောင် ဒါရိုက်တာ ကိုတေဇစန်းက “၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေမှာ စည်ပင် သာယာရေး ကော်မတီ ဟာ ဇယား၂ ပါတိုင်းဒေသကြီး အစိုးရရဲ့ လုပ်ပိုင်ခွင့်ထဲမှာ ပါရှိပါတယ်။ အဲဒီလိုပဲ အရင်နှစ်တွေတုန်းက စည်ပင်နဲ့ ပတ်သက်ပြီး ပြည်ထောင်စု ဝင်ရောက်စွက်ဖက်မှု နည်းခဲ့ပါတယ်။ ဒါပေမယ့် အခုဒီနှစ် ဖြည့်စွက်ခွင့်ပြုငွေမှာ စည်ပင် ဘတ်ဂျက် အပေါ် ပြည်ထောင်စုက ဖြတ်တောက်တာမျိုးက စစ်မှန်တဲ့ ဖယ်ဒရယ်စနစ်ကို သွားချင်တဲ့ လက်ရှိ နိုင်ငံရဲ့ ရည်မှန်းချက်နဲ့လည်း အံမဝင်ဘူးလို့ ယူဆပါတယ်”ဟု ဧရာဝတီကို ပြောသည်။
မန္တလေးတိုင်း စည်ပင်သာယာရေး ဝန်ကြီးဌာနသည် ယခင်အစိုးရ အဆက်ဆက်က လစ်လပ်နေခဲ့သာ မြို့အတွက် ရသင့် ရထိုက်သည့် အခွန်အခများအား စည်းကြပ်ကောက်ယူခြင်းများ ပြုလုပ်ခဲ့ပြီး တိုးရလာသည့် အခွန်အခနှင့် အညီ မြို့ ဖွံ့ဖြိုးရေး အတွက် အသုံးစရိတ်သည် လည်း ပိုလာနိုင်မည်ဟု ၎င်းက ပြောဆိုသည်။