၂၀၂၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲ အတွက် မဲစာရင်းပြုစုရာတွင် မဲစာရင်း မှန်ကန်စွာ ရရှိနိုင်ရေးသည် အဓိက စိန်ခေါ် မှု တရပ် ဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ဝင် ဦးစိုးရယ် က ပြောသည်။
၎င်းက“၂၀၂၀ အတွက် မဲစာရင်း ပြည့်စုံ မှန်ကန်ရေးက ကျနော်တို့ အတွက် စိန်ခေါ်မှုပါပဲ။ တခြား အချက်အလက်တွေ လည်း အနည်းအကျဉ်းတော့ ရှိပါတယ်”ဟု ဆိုသည်။
၂၀၂၀ အထွေထွေ ရွေးကောက်ပွဲ အတွက် ၂၀၁၉ ခုနှစ်ကို မဲစာရင်း ပြုစုသည့်နှစ် အဖြစ် သတ်မှတ်၍ လုပ်ဆောင်နေ ကြောင်း ယနေ့ ကျင်းပသည့် အမျိုးသား လွှတ်တော် အစည်းအဝေး အပြီး မီဒီယာများအား ပြောကြားသည်။
မဲစာရင်း ပြုစုရာ၌ ကွန်ပျူတာဖြင့် Software ထည့်ပြီး မဲစာရင်း အချက်အလက်များ စာရင်းသွင်းရန် အတွက် နေပြည် တော် ဗဟိုမှ သင်တန်းပေးကာ ဆင့်ပွား သင်တန်း ဆက်ပေးနိုင်ရန် တနိုင်ငံလုံး အတိုင်းအတာဖြင့် ဆောင်ရွက်မည်ဟု လည်း ကော်မရှင် ရုံးက သိရသည်။
ထိုသို့ သင်တန်းပေးရာတွင် ကော်မရှင် အဆင့်ဆင့်မှ ယုံကြည်၍ ခန့်အပ်ထားသည့် ပုဂ္ဂိုလ်များသည် လူသစ်များ ဖြစ်ပြီး ရွေးကောက်ပွဲ ဆိုင်ရာ သင်တန်းများကို လာမည့် မေ၊ ဇွန်၊ ဇူလိုင် နှင့် သြဂုတ်လ အတွင်း နယ်မြို့များတွင် တနိုင်ငံလုံး အတိုင်းအတာနှင့် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ဆိုထားသည်။
ထို့နောက် စက်တင်ဘာလမှ စ၍ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အား ဦးစီးဌာန အကူအညီဖြင့် မဲစာရင်းကို ပြုစုသွားမည် ဖြစ်ကြောင်း ဦးစိုးရယ် က ဆက်လက် ပြောသည်။
ပြီးခဲ့သည့် ရွေးကောက်ပွဲများတွင် မဲစာရင်းများကို ကျေးရွာ ကော်မရှင် အဖွဲ့ရုံး တနေရာတည်းတွင်သာ ကြေညာထားသော် လည်း လာမည့် ၂၀၂၀ ရွေးကောက်ပွဲတွင် မဲဆန္ဒရှင် ပြည်သူများ အလွယ်တကူ လာရောက် ကြည့်ရှုနိုင်ရန် အတွက် ကျေး ရွာတိုင်း၌ မဲစာရင်းများကို ကပ်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။
၂၀၂၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲ အတွက် မဲစာရင်း ပြုစုရာတွင် အမှားရှိပါက တာဝန်ယူမှု၊ တာဝန်ခံမှု ရှိရမည် ဖြစ်ပြီး ကော်မရှင် အနေနှင့်လည်း အလျှော့ပေးမည် မဟုတ်ကြောင်း UEC ဥက္ကဋ္ဌ ဦးလှသိန်းက ဇန်နဝါရီလ အတွင်းက မီဒီယာများကို ပြောကြားထားသည်။
မဲစာရင်း ပြုစုရာ၌ ၂၀၁၇ ၊ ၂၀၁၈ ကြားဖြတ် ရွေးကောက်ပွဲတွင် ၂၀၁၅ မဲ စာရင်းကို အခြေခံပြီး ဆောင်ရွက် ထားခြင်း ဖြစ် ကြောင်း၊ ၂၀၂၀ ရွေးကောက်ပွဲ၌ မဲစာရင်း အသစ် ပြုစုရာတွင် အမှားအယွင်းများ နည်းစေရန်နှင့် ပြည့်စုံမှန်ကန်မှု ရှိစေရန် သင်တန်းများ ပို့ချရခြင်း ဖြစ်ကြောင်း၊ ထို့ကြောင့် မဲစာရင်း ပြုစုရာတွင် အရေးကြီးဆုံး ဖြစ်ကြောင်း ဦးလှသိန်းက ဆိုသည်။
ထိုသို့ ဆောင်ရွက်ရာတွင် ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲမှ အားနည်းချက်များ၂၀၂၀ ရွေးကောက်ပွဲတွင် ထပ်မံ မဖြစ် စေ ရန် ကြိုတင် ဆောင်ရွက်သွားမည် ဖြစ်ကြောင်းလည်း ၎င်းက ပြောဆိုသည်။
ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီမှ ပြောရေးဆိုခွင့် ရှိသူ ဒေါ်ယဉ်မင်းမြင့်ဆွေက မဲစာရင်း ပြုစုရာတွင် ရပ်ကျေး အဆင့်မှ စ၍ အောက်ခြေ အထိ စာရင်း မှန်မှန်ကန်ကန် ကောက်ရန် လိုကြောင်း၊ ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲ၏ အတွေ့ အကြုံ အရ ကိုယ့်ပါတီအား မဲပေးမည်ဟု သေချာသည့် သူများ ဖြစ်ပါက သေဆုံးသူများကိုလည်း မဲစာရင်းမှ မပယ် ထား ကြောင်း၊ အသက် ၁၈ နှစ် မပြည့်ဘဲ မဲလာရောက်ပေးသူများ ရှိကြောင်း၊ သေသူ၏မှတ်ပုံတင် ကိုင်ဆောင်၍ မဲ လာရောက် ပေးသည့် ဖြစ်စဉ် များစွာလည်း ကြုံတွေ့ရကြောင်း ပြောပြသည်။
၎င်းက“၂၀၁၅ အထွေထွေ ရွေးကောက်ပွဲမှာ ကျမတို့ ဒီလို ဖြစ်စဉ်မျိုးတွေ အများကြီး ကြုံရတယ်။ ဒါကြောင့် ၂၀၂၀ ရွေး ကောက်ပွဲမှာ အဂတိ ကင်းကင်းနဲ့ မဲစာရင်းကို ပြုစုရန် လိုအပ်တယ် ဆိုတာ ပြောချင်ပါတယ်”ဟု ဧရာဝတီသို့ ပြောသည်။
တနိုင်ငံလုံး အဆင့် မဲစာရင်း ပြုစုခြင်း သင်တန်းကို ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်နှင့် International Foundation for Electoral Systems (IFES) အဖွဲ့တို့ ပူးပေါင်း ဆောင်ရွက်ခြင်း ဖြစ်ပြီး မဲစာရင်း ပြုစုခြင်း ဆိုင်ရာ မူဝါဒများတွင် ပါဝင် သည့် အချက်လက် ရိုက်သွင်းခြင်း၊ ဆိုက်ဘာ သန့်ရှင်း လုံခြုံခြင်း၊ ထိန်းသိမ်းခြင်းနှင့် အရန်Data ထိန်းသိမ်း ထားရှိခြင်း စသည်များကို ဇန်နဝါရီ ၉ ရက်မှ ၁၁ ရက် အထိ သုံးရက်ကြာ သင်တန်း နေပြည်တော်ရှိ Grand Amara ဟို တယ်တွင် ပြုလုပ်ခဲ့သည်။
၂၀၁၅ ခုနှစ် အထွေထွေ ရွေးကော်ပွဲကို နိုဝင်ဘာ ၈ ရက်က ကျင်းပနိုင်ခဲ့ပြီး အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အနိုင်ရရှိခဲ့ကာ အစိုးရ တရပ် ဖွဲ့စည်းနိုင်ခဲ့သည်။