အိန္ဒိယသမုဒ္ဒရာ အတွင်း ဖြစ်ပေါ်နေသော် ဆိုင်ကလုန်း မုန်တိုင်း လမ်းကြောင်းမှာ အချိန်နှင့်အမျှ ပြောင်းလဲနေသဖြင့် မြန်မာ နိုင်ငံသို့ ဝင်ရောက်နိုင်မည့် အခြေအနေ ရှိ မရှိကို စောင့်ကြည့်ရမည် ဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနက (မိုး/ဇလ)က ထုတ်ပြန်ထားသည်။
မုန်တိုင်းမှာ လက်ရှိတွင် အနောက်မြောက်ပိုင်းကို ရွေ့လျားလျက်ရှိပြီး မေလ ၁ ရက်နေ့တွင် အရှေ့မြောက်သို့ ရွေ့လျား နိုင်ကြောင်းနှင့် ထိုဆိုင်ကလုန်းမုန်တိုင်း”ဖန်နီ” (Fani)၏ ယခု အခြေအနေသည် မြန်မာနိုင်ငံဘက်သို့ ဦးတည် ရွေ့လျား မည့် အခြေအနေ မရှိသေးသဖြင့် အဝါရောင် အဆင့်ဟု မိုး/ဇလ က သတ်မှတ်ထားကြောင်း သိရသည်။
မိုး/ဇလ ညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးဦးက“အနောက် မြောက်ဘက်မှာက အိန္ဒိယ၊ အရှေ့မြောက်ဘက်က တြိဂံ ပုံမို့လို့ အိန္ဒိယလည်း ရှိတယ်။ ဘင်္ဂလားဒေ့ရှ်လည်းရှိတယ်၊ မြန်မာလည်း ရှိတယ်။ သူက (Fani) အဲဒီ ကမ်းရိုးတန်းအတိုင်း လျှောက် လာပြီးတော့ အဓိကက လေဖိအားနည်း အကျဆုံး နေရာကို ဝင်သွားမှာ ဖြစ်တဲ့ အတွက်ကြောင့် ဘယ်ကမ်းကို ဖြတ်မယ် ဆိုတာကို အတိအကျ မခန့်မှန်းနိုင်သေးဘူး”ဟု ပြောသည်။
ဆက်လက်ပြီး ဦးကျော်မိုးဦးက“မုန်တိုင်း အဝန်းအဝိုင်း ကတော့ ရခိုင်မြောက်ပိုင်းက နည်းနည်းလေး ကျနေတဲ့အတွက် ရခိုင် ကိုလည်း ခန့်မှန်းထားတဲ့ အနေအထားမျိုး ရှိတယ်။ ရခိုင်ဘက်ကို ဝင်လာနိုင်တယ်လို့တော့ အတိအကျ ပြောလို့ မရ ဘူး။ အခုက ဘယ်ကမ်းကို ဝင်မယ်ဆိုတတော့ ပြောဖို့ စောသေးတယ်။ မုန်တိုင်း ကမ်းဖြတ်တယ်ဆိုတာက အချိန်နဲ့ အမျှ ပြောင်း နေတာ”ဟု ဆိုသည်။
ဆိုင်ကလုန်း မုန်တိုင်း Fani သည် ၉၆ နာရီ အတွင်း တနာရီ မိုင် ၁၁၀ နှုန်းဖြင့် အားကောင်းသော ဆိုင်ကလုန်း မုန်တိုင်း ကြီး အဖြစ်သို့ ရောက်ရှိလာနိုင်ပြီး နောက် နာရီ ၁၂၀ အကြာတွင် အိန္ဒိယနိုင်ငံ အရှေ့မြောက်ကမ်းခြေကို ဖြတ်ကျော် ဝင်ရောက် နိုင်ကြောင်း မိုး/ဇလ ပညာရှင် ဒေါက်တာ ထွန်းလွင်ကလည်း ခန့်မှန်းထားသည်။
ဒေါက်တာ ထွန်းလွင်က“မုန်တိုင်းကြီးဟာ အားအလွန်ကောင်းတဲ့ အဆင့်ကို ရောက်ရှိလာနိုင်တဲ့ အပြင် လတ္တီတွဒ်အားဖြင့် လည်း 10°N အောက် နိမ့်နေသေးသောကြောင့် မြန်မာနိုင်ငံ အတွက် မုန်တိုင်း အန္တရာယ် လုံးဝ စိတ်ချရသော အခြေအနေ မဟုတ်သေးပါ”ဟု သတိပေး ပြောကြားသည်။
အဆိုပါ ခန့်မှန်းချက် အတိုင်း ရွေ့လျားပါက မုန်တိုင်း အန္တရာယ် လုံးဝ ကင်းရှင်းနိုင်သော်လည်း အချိန်နှင့်အမျှ အပြောင်း အလဲ ရှိနိုင်သဖြင့် မုန်တိုင်း သတင်းများကို စောင့်ကြည့်ကြရန်ကိုလည်း ဒေါက်တာ ထွန်းလွင်က ပြောဆိုသည်။
အဆိုပါ ဆိုင်ကလုန်း မုန်တိုင်းကြောင့် ပြည်တွင်း လေကြောင်း ပျံသန်းရေး၊ မြန်မာ နိုင်ငံရှိ ကမ်းနီး၊ ကမ်းဝေး ငါးဖမ်းရေ ယာဉ်များ၊ သင်္ဘောများ အနေဖြင့်လည်း ကြိုတင် သတိပြုကြရန် မိုး/ဇလက သတိပေး ထားသည်။