သတင်း

မန္တလေးတွင် အလှည့်ကျ မီးပေးနေရသည့် အပေါ် လျှပ်စစ်ဝန်ကြီး တောင်းပန်

Want create site? Find Free WordPress Themes and plugins.

မန္တလေးတိုင်း အတွင်း လျှပ်စစ်ဓာတ်အား အလှည့်ကျ စနစ်ဖြင့် ပေးရသည့် အတွက် မြို့နေလူထုအား တောင်းပန် ကြောင်း တိုင်း လျှပ်စစ်၊ စက်မှုနှင့် ဆောက်လုပ်ရေး ဝန်ကြီး ဦးဇာနည်အောင်က ဧရာဝတီကို ပြောသည်။
ဦးဇာနည်အောင်က“ဒီလို ပူပြင်းတဲ့ ရာသီဥတုမှာ လူထုက လိုရင်လိုသလောက် အရည်အသွေး ပြည့်ဝတဲ့ လျှပ်စစ် ဓာတ်အား သုံးစွဲခွင့် မရတာ၊ အဲဒါ ကျနော်တို့ တာဝန်ပဲလေ။ အဲဒီအတွက် တောင်းပန်ပါတယ်”ဟု ဆိုသည်။

ယခု နွေရာသီတွင် ရေအား လျှပ်စစ် စက်ရုံကြီး တချို့မှ ရေ Level သည် ယခင်နှစ်ထက် ၁၄ ပေခန့် လျော့ကျနေကာ ပြည်သူများ သုံးစွဲလိုသည့် ဓာတ်အား ပမာဏ ထုတ်လုပ်နိုင်ရန် မလုံလောက်တော့ သဖြင့် ဧပြီ ၂၆ ရက်မှ စတင်၍ မန္တလေး ခရိုင်အတွင်းရှိ မြို့ပေါ် ရပ်ကွက်များကို အေ၊ ဘီ၊ စီ၊ ဒီ ဟူ၍ အုပ်စု ၈ စု ခွဲပြီး အုပ်စုများ အလိုက် နံနက် ၆ နာရီမှ ညနေ ၆ နာရီ အတွင်း အလှည့်ကျ ဓာတ်အား ဖြတ်တောက်ခြင်း စနစ်ကို စမ်းသပ် ဆောင်ရွက်ခဲ့ကြောင်း ၎င်း က ပြောဆိုသည်။

ထို့နောက် မန္တလေး ခရိုင် ၇ မြို့နယ် ဖြစ်သော အောင်မြေသာစံ၊ ချမ်းအေးသာစံ၊ မဟာအောင်မြေ၊ ချမ်းမြသာစည်၊ ပြည်ကြီး တံခွန်၊ ပုသိမ်ကြီးနှင့် အမရပူရ မြို့နယ်များမှ မြို့ပေါ် ရပ်ကွက်များအား ယင်းစနစ်ဖြင့် လာမည့် မေလမှ ဇွန် လ ဒုတိယပတ် အထိ ၄၅ ရက်ခန့် ဓာတ်အားဖြန့်ဖြူး ပေးသွားရန် စီစဉ်ထားကြောင်း သိရသည်။

အဆိုပါ ကာလတွင် မန္တလေး ဇုန်အတွင်း ညနေ ၆ နာရီမှ ည ၁၁ နာရီ အထိ နေ့စဉ် ဓာတ်အား ဖြတ်တောက်မည် ဖြစ် ပြီး ယင်းအချိန်တွင် အသုံးများသည့် မြို့ပေါ် ရပ်ကွက်များအား ဓာတ်အား ဖြန့်ဖြူးပေးနိုင်ရန် ဖြစ်သည်ဟု ဝန်ကြီး ဌာန က ထုတ်ပြန်ထားသည်။
ထု့ိအတွက် ပူပြင်းသည့် ရာသီဥတုတွင် မြို့လူထု လိုအပ်သည့် လျှပ်စစ်ဓာတ်အားကို အလုံအလောက် မပေးနိုင်ဘဲ အလှည့်ကျ ဖြတ်တောက်ရသည့် အတွက် တောင်းပန်လိုခြင်း ဖြစ်သည်ဟု ဦးဇာနည်အောင်က ပြောဆိုသည်။

မြို့ခံ စက်မှု လုပ်ငန်းရှင် ဦးရဲဝင်းအောင်က“အများနည်းတူ မီးအဖြတ်ခံရတာ ဆိုတော့လည်း ကွန်ပလိန်းတော့ တက် မရ ဘူးပေါ့။ စက်မှုဇုန် အနေနဲ့ ညပိုင်းဆိုတော့ လုပ်ငန်းတွေ နားကြပြီ ယူဆတော့ ဝိနည်းလွတ် ဖြစ်သွားတာပေါ့။ ဒါပေမယ့်လည်း မီးပုံမှန်ရမယ် ဆိုရင်တော့ ကုန်ထုတ်စွမ်းအားလည်း တိုးလာသလို လုပ်သားတွေကိုလည်း ပုံမှန် အလုပ်အကိုင် ပေးနိုင်မယ်လေ”ဟု ဧရာဝတီကို ပြောသည်။
မန္တလေးတိုင်း၏ လျှပ်စစ် ဓာတ်အား သုံးစွဲမှုသည် တရက်လျှင် မဂ္ဂါဝပ် ၆၀၀ ခန့်ရှိပြီး လျှပ်စစ် ဓာတ်အား ထုတ်လုပ်မှု ကျဆင်းသည့် အတွက် တိုင်းအနေဖြင့် ပျမ်းမျှ ၅၀ မဂ္ဂါဝပ်ခန့် နေ့စဉ် လျှော့ချ သုံးစွဲနေရသည်ဟု မန္တလေး လျှပ်စစ် ဓာတ်အားပေး ကော်ပိုရေးရှင်းက ပြောဆိုသည်။

မန္တလေးမြို့နေ ပြည်သူ တဦးက“ကျမတို့ အုပ်စု B2 ထဲမှာပါတယ်။ အခုက သူတို့ပေးတဲ့ စာရင်းဇယားအတိုင်း မီးဖြတ် ချိန် မီးလာချိန် မှန်ရင် ပိုကောင်းပါတယ်။ ထမင်းဟင်း ချက်တာတွေကို အဲဒီ အချိန်ကိုကြည့်ပြီး လုပ်လို့ ရတာပေါ့။ အခု က ထုတ်ပြန်ထားတဲ့ မီးပျက်ချိန် လာချိန် ဇယားအတိုင်း မမှန်ဘူးဆိုတော့ အခက်အခဲတွေရှိပါတယ်”ဟု ပြောဆိုထား သည်။

မန္တလေးတိုင်း အတွင်း လျှပ်စစ်ဓာတ်အား ထုတ်လုပ်သည့် ရင်းမြစ်များ ဖြစ်သော ဂက်စ် တာဘိုင်များ၊ ရေအား လျှပ်စစ် ထုတ်ရာ ဆည်ကြီးများ ရှိပြီး တိုင်းအတွင်းက တရက်လျှင် မဂ္ဂါဝပ် ၁၂၄၀ ကျော် ထုတ်လုပ်ပေးလျက် ရှိသော်လည်း တိုင်းမှ ထွက်ရှိသည့် ဓာတ်အားများအား တနိုင်ငံလုံး အတိုင်းအတာဖြင့် ဖြန့်ဖြူး သုံးစွဲရသည်ဟု သိရသည်။
ဦးဇာနည်အောင်က“မေလကုန် ဇွန်လ ဆိုရင်တော့ မုတ်သုံစ ဝင်လာပါပြီ။ အဲဒီအချိန်ကျရင် မိုးလည်း ရွာလာရင်တော့ ပုံမှန် အတိုင်း မီးပြန်ပေးနိုင်မှာပါ”ဟု ဆိုသည်။

လျှပ်စစ်နှင့် သက်ဆိုင်သည့် ပြဿနာများကို ဖြေရှင်းရန် အတွက် မူဝါဒများ ပြုပြင်ပြောင်းလဲရန် လိုအပ်ပြီး ယင်းမှာ လည်း တိုင်းဒေသကြီး အစိုးရ အဖွဲ့၏ အခွင့်အာဏာ မဟုတ်ဘဲ ပြည်ထောင်စု အဆင့်ကသာ ကိုင်တွယ်နေသည် ဟု လည်း ၎င်းက ထောက်ပြသည်။
ပြုပြင် ပြောင်းလဲရန် လိုအပ်သည့် မူဝါဒ ဆိုင်ရာ ကိစ္စများတွင် အဓိက ၂ ရပ်မှာ လျှပ်စစ် ထုတ်လုပ်မှုတွင် အခြေခံ ထုတ်လုပ်သည့် စွမ်းအင် ရင်းမြစ် မှန်ကန်ရန် လိုအပ်ခြင်းနှင့် လျှပ်စစ် ဓာတ်အားခများကို ယနေ့အထိ အရှုံးခံပေးဝေ နေခြင်းတို့ ဖြစ်သည်ဟုလည်း ဆိုသည်။

တနိုင်ငံလုံး အတိုင်းအတာဖြင့် အရင်းအမြစ် အားလုံးမှ လျှပ်စစ် ဓာတ်အား ထုတ်လုပ်မှု ပမာဏာသည် ၃၆၀၀ မဂ္ဂါဝပ် ရှိပြီး သုံးစွဲမှုသည် ၃၈၀၀ ကျော် ဖြစ်နေရာ ဓာတ်အား လိုအပ်ချက်သည် မဂ္ဂါဝပ် ၂၀၀ ခန့် ဖြစ်သည်ဟု တိုင်း လျှပ်စစ်၊ စက်မှု နှင့် ဆောက်လုပ်ရေး ဝန်ကြီး ဌာနက သိရသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading