ရက္ခိုင်စစ်တပ် (AA) က ဖမ်းဆီးသွားသည့် ခူမီးချင်းလူမျိုး ၅၂ ဦးကို အမြန်ဆုံး ပြန်လွှတ်ပေးရန် ခူမီး ချင်းမျိုးနွယ်စုများ ရေးရာ ပေါင်းစပ် ညှိနှိုင်းရေးကောင်စီ (KACC) က ထုတ်ပြန်၍ တောင်းဆိုလိုက်သည်။
အဆိုပါ ရွာသားများသည် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ ကင်းတလင်းကျေးရွာမှ ခူမီးချင်းလူမျိုးများဖြစ်ပြီး AA အဖွဲ့က ယခုနှစ် ဖေဖော်ဝါရီ ၂ ရက်နေ့တွင် ဘင်္ဂလားဒေ့ရှ်နယ်စပ်ဘက် သို့ ဖမ်းဆီး ခေါ်ဆောင်သွားခြင်း ဖြစ်ပြီး နေရပ်ရင်းသို့ ပြန်မရောက်လာသေးကြောင်း KACC ၏ ဧပြီ ၂၈ ရက် ထုတ်ပြန်ချက်တွင် ဖော်ပြ ထားသည်။
KACC မှ ညှိနှိုင်းရေးမှူးဖြစ်သူ ဦးစောမြက “ဘင်္ဂလားဒေ့ရှ်နယ်စပ်မှာဘဲ ၃ လ ရှိပြီ မလွတ်သေးဘူး၊ အဲဒါကြောင့် အရပ်သားတွေတော့ ဘာပဲဖြစ်ဖြစ် လွတ်ပေးပါလို့ သဘောထား ထုတ်ပြန် တာ”ဟု ၎င်းက ပြောသည်။
ကနဦးဖမ်းဆီးသွားစဉ်က ၅၄ ဦးဖြစ်သည်။ ထိုအထဲမှ ၂ ဦးပြန်လွတ်လာခဲ့ပြီး အခြေအနေများကို KACC ထံသို့ ပြန်ရှင်းပြကြောင်း သိရသည်။
AA မှ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဦးခိုင်သုခကတော့ မိမိတို့ အနေဖြင့် ဖမ်းဆီးသွားခြင်း မရှိကြောင်း၊ ဖေဖော်ဝါရီလအတွင်းမှာ တပ်မတော်ဘက်က ကင်းတလင်းရွာသို့ လက်နက်ကြီးများ ပစ်၍ လူမနေနိုင်အောင် လုပ်ခြင်းကြောင့် ဒေသခံများ တောထဲသို့ ပုန်းရှောင်နေရာမှ မိမိတို့ တပ်ဖွဲ့က ဘေးလွတ်ရာသို့ ခေါ်ဆောင် သွားခြင်းဖြစ်ကြောင်း ဧရာဝတီသို့ပြောသည်။
KACC မှ ညှိနှိုင်းရေးမှူးဖြစ်သူ ဦးစောမြက တော့ ခူမီးတိုင်းရင်းသားများသည် AA ကို ထောက်ခံသည့် အုပ်စု မဟုတ်ခြင်းကြောင့် မိမိတို့ သဘောဆန္ဒအတိုင်း လိုက်သွားစရာမရှိကြောင်း၊ ကင်းတလင်းရွာမှာ တိုက်ပွဲဖြစ်စဉ် တပ်မတော်က လက်နက်ကြီး ပစ်ရန် ကြိုးပမ်းသည့် အခါတွင် AA အဖွဲ့က ခူမီးချင်းလူမျိုးများကို ခုတုံလုပ်ကာ ခေါ်သွားခြင်းဖြစ်ကြောင်း ဧရာဝတီသို့ ပြောသည်။
ဦးစောမြ က “ကျနော်ထင်တယ် (AA မှ) သက်သက် ဝါဒဖြန့်တာဖြစ်မယ်၊ ဘာလို့ဆို တိုက်ပွဲကြားထဲမှာတော့ ဟုတ်တယ်၊ တိုက်ပွဲဖြစ်တဲ့နေရာက သူတို့အဲရွာထဲမှာ ပိတ်မိနေတယ်၊ အစိုးရတပ်တွေ ပစ်ကူလာတဲ့အခါကျ တော့ သူတို့ကိုပါ ခေါ်သွားတာ ဆိုတော့ အစိုးရတပ်က မပစ်တော့ဘူး အဲဒါမျိုးဘဲ။ အလိုမတူဘဲ ပါသွားတာ ပေါ့ဗျာ၊ AA ကို မထောက်ခံတာကို ဘယ်လိုလုပ် AA ခေါ်တာကို လိုက်မှာတုန်း” ဟု ပြောသည်။
လက်ရှိတွင် AA က ခေါ်ဆောင်သွားသော ခူမီးချင်းလူမျိုး ၅၂ ဦးသည် မြန်မာပိုင်နက် ဘင်္ဂလားဒေ့ရှ်နယ်စပ်ရှိ AA စခန်းမှာ ရှိနေကြောင်း၊ AA ၏ ပစ္စည်းသယ်ပိုးပေးရခြင်း အပါအဝင် သစ်ခုတ် ဝါးခုတ်ခြင်း လုပ်ငန်းများ လုပ်ပေးနေရကြောင်းနှင့် စားနပ်ရိက္ခာ မလောက်ငှဘဲ နေထိုင်နေကြရကြောင်း မူလဖမ်းဆီးခေါ်ဆောင်ခံရသူ ၅၄ ဦးအနက် ပြန်လွတ်လာသော ၂ ဦး ၏ ပြန်ပြောပြချက်အရ သိရသည်ဟု KACC က ဆိုသည်။
လက်ရှိ ဖမ်းဆီးခံရသူ ၅၂ ဦးထဲမှ ဆွေမျိုး ၆ ဦး ပါဝင်သွားသူ တဦးက “လိုလိုချင်ချင်နဲ့ လိုက်သွားတာ မဟုတ်ပါဘူး၊ သူတို့ ဆန္ဒလည်း မပါဘူး၊ သူတို့က ဘင်္ဂလားဒေ့ရှ်နယ်စပ်ဘက်ကို ခေါ်သွားတာ၊ AA စခန်းမှာလို့ ပြောတာပဲ ပြန်လွတ်လာတဲ့သူက၊ သူတို့ ခေါ်သွားတာ ၅၄ ဦး၊ ပြန်လွတ်လာတာ ၂ ဦး၊ အဲလူတွေ ပြောပြချက်အရ သူတို့က သူတို့ စခန်းမှာ နေခိုင်းပြီးတော့ အလုပ်လုပ်ခိုင်းတယ်တဲ့၊ စားဝတ်နေရေးလည်း အဆင်မပြေဘူးတဲ့၊ ခိုင်းတာက သူတို့ရဲ့ ရိက္ခာတွေ ထမ်းရတယ်တဲ့၊ သူတို့စခန်းမှာ လိုအပ်တာ လုပ်ရတယ်တဲ့ အဲလို ပြောတယ်ဗျ” ဟု ဧရာဝတီသို့ ပြောသည်။
ကင်းတလင်းကျေးရွာတွင် အိမ်ခြေ ၃၅ အိမ်၊ လူဦးရေ စုစုပေါင်း ၁၅၈ ဦးရှိကြောင်း၊ ကင်းတလင်းကျေးရွာအနီး တိုက်ပွဲ ဖြစ်နိုင်သည့် အခြေအနေများ ရှိသည့်အတွက် မိုင် ၂၀ အကွာရှိ မီဆာရွာဘက်သို့ တိမ်းရှောင်ရန် အိမ်များ ဆောက်လုပ်နေစဉ် ရွာမှာ ကျန်ခဲ့သည့် ၅၄ ဦးကို ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း၊ ထိုအထဲမှ ၂ ဦးသည် မကြာသေးခင်က ပြန်လွတ်လာခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။
AA မှ သတင်းနှင့်ပြန်ကြားရေး တာဝန်ခံ ဦးခိုင်သုခကတော့ လက်ရှိတွင် ခူမီးချင်းလူမျိုး ၅၂ ဦးကို မိမိတို့ စောင့် ရှောက်ထားပြီး ပြန်ခေါ်ချင်ပါက ခေါ်ယူနိုင်ကြောင်း၊ ထောက်ပံ့လှူဒါန်းမှုများ လုပ်လို့ပါကလည်းရကြောင်း၊ တွေ့ဆုံ ဆွေးနွေးလိုပါကလည်း အခြေအနေပေါ်မူတည်ပြီး ပြောရမည်ဖြစ်ကြောင်း ဆိုသည်။
“သူတို့ တကယ်ကျွေးနိုင် မွေးနိုင်တယ်၊ သူတို့ တကယ် တာဝန်ယူမယ်ဆိုရင် ခေါ်မယ်ဆိုလည်း ခေါ်သွားလို့ရ တယ်၊ သူတို့အဲဒီမှာ သွားပြီးတော့ ဘာအလှူပေးမလည်း ပေးလို့ရတယ် ဘာမှမဖြစ်ဘူး ကျနော်တို့က ဘာမှ ကန့်သတ်ထားတာမရှိဘူး၊ အဲဒီအရပ်သားတွေက သူတို့ သဘောဆန္ဒအလျောက်ပဲ အဲဒီမှာရှိနေတာ ကျနော်တို့ က ဘာမှအကန့်အသတ်လုပ်တာမရှိဘူး၊ ပြန်မယ်ဆိုရင်တော့ သူတို့ဟာ သူတို့လုံခြုံရေးကောင်းရင် ပြန်ပေါ့ဗျာ၊ ဒါကတော့ သူတို့ရဲ့လုံခြုံရေး သူတို့စဉ်းစားပေါ့နော်”ဟု ၎င်းက ပြောသည်။
KACC မှ ညှိနှိုင်းရေးမှူး ဦးစောမြကတော့ AA ကို အစိုးရဘက်က အကြမ်းဖက်အဖွဲ့ဟု သတ်မှတ်ထားခြင်း ကြောင့် မိမိတို့အနေဖြင့် AA အား တိုက်ရိုက်ဆက်သွယ်ရန် မဖြစ်နိုင်ကြောင်း၊ AA အနေဖြင့် တကယ်ပြန် လွှတ်ပေးလိုသည့် ဆန္ဒရှိလျှင် ရခိုင်လူမှုအဖွဲ့အစည်းများဖြင့် ချိတ်ဆက်၍ လွတ်ပေးလို့ရနိုင်ကြောင်း ဆိုသည်။
တပ်မတော်နှင့် AA တို့သည် ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလမှ စတင်ပြီး ချင်းပြည်နယ်၊ ပလက်ဝဒေသနှင့် ရခိုင်ပြည်နယ်၊ ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်းတော၊ မြောက်ဦး၊ ကျောက်တော် စသည့် ဒေသများမှာ ယခုနှစ် ဧပြီလအထိ တိုက်ပွဲများ မကြာခဏ ဖြစ်ပွားလျက်ရှိနေသည်။