သတင်း

မြောက်ပိုင်းမဟာမိတ်နှင့် Bilateral ချုပ်ဆိုရေးကို ဦးတည် ဆွေးနွေးရန် အစိုးရလက်ခံ

Want create site? Find Free WordPress Themes and plugins.

မြောက်ပိုင်းမဟာမိတ်အဖွဲ့များ အဆိုပြုထားသည့် ပဏာမအပစ်ရပ်စာချုပ် (Bilateral) ချုပ်ဆိုရေးကို ဦးတည် ဆွေးနွေးရန် အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) ဘက်မှ လက်ခံလိုက်ပြီဟု သတင်း ရရှိသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့ရှိ မူဆယ်-နမ့်ခမ်း နယ်စပ်ကုန်သည်များ အသင်းရုံးတွင် ယနေ့ မနက်ပိုင်းက NRPC နှင့် မြောက်ပိုင်း မဟာမိတ်အဖွဲ့ ၄ ဖွဲ့ တို့အကြား အပစ်အခတ်ရပ်စဲရေးအတွက် ဆွေးနွေးပြီးနောက် နှစ်ဖက်တာဝန်ရှိသူများက ပြောဆိုခြင်း ဖြစ်သည်။

မြောက်ပိုင်းမဟာမိတ် ၄ ဖွဲ့သည် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)၊ တအန်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA)၊ မြန်မာအမျိုးသား ဒီမိုကရေစီမဟာမိတ် တပ်မတော် -ကိုးကန့်တပ်ဖွဲ့ (MNDAA) နှင့် ရက္ခိုင်စစ်တပ် (AA) တို့ဖြစ်သည်။

တအန်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA)မှ ဗိုလ်မှူး မိုင်းအိုက်ကျော် က “အဓိက ကတော့ Bilateral ကို ဆက်ပြီး ညှိနှိုင်း သွားမယ်။ နှစ်ဖက်လုံးက သဘောကတော့ အဲ့လိုပါ။ အရင်ကတော့ DOC နဲ့ Bilateral ဆိုတဲ့ နှစ်ခုပေါ့ ။ အခုတော့ နားလည်မှုက Bilateral ကိုပဲ ဆက်ဆွေးနွေးမယ်လို့ နားလည် ပါ တယ်” ဟု ပြောသည်။

ယနေ့ မူဆယ်ဆွေးနွေးပွဲမြင်ကွင်း (ဓာတ်ပုံ -Hla Maung Shwe/ FB)

ယနေ့ မနက်ပိုင်း ဆွေးနွေးပွဲတွင် NRPC ဘက်မှ မြောက်ပိုင်းမဟာမိတ် အဆိုပြုထားသည့် Bilateral ကိုသာ လက်ခံပြီး လာမည့် မေလ ဆွေးနွေးပွဲများတွင် စတင်ဆွေးနွေးသွားမည်ဟု ဗိုလ်မှူး မိုင်းအိုက်ကျော် က ပြောသည်။

ဆွေးနွေးပွဲတွင် ရခိုင်ပြည်နယ်တွင်း AA နှင့် တပ်မတော်ကြား ၄ လကျော်ခန့် ဖြစ်ပွားနေသည့် တိုက်ပွဲများ၊ ရှမ်းပြည်နယ်တွင်း KIA ၊ TNLA ၊ MNDAA တို့နှင့် တပ်မတော်ကြား ဖြစ်ပွားနေသည့် စစ်ရေးတင်းမာမှုများကို လျော့ချပေးရန်လည်း ပြောဆိုခဲ့ကြသည်ဟု သိရသည်။

ဗိုလ်မှူးမိုင်းအိုက်ကျော် က “တိုက်ပွဲတွေ လျော့ချဖို့ရယ် စစ်ရှိန်လျော့ချပြီးမှ နိုင်ငံရေးဆွေးနွေးနိုင်ဖို့ကို ဆွေးနွေး ခဲ့ပါတယ်။ အဓိက ကတော့ ရခိုင်မှာ တိုက်ပွဲတွေ ဖြစ်နေတဲ့ ကိစ္စပါ” ဟု ပြောသည်။

ယနေ့ဆွေးနွေးပွဲကို အပြုသဘောဆောင်သည်ဟု မြောက်ပိုင်းမဟာမိတ်များဘက်မှ သုံးသပ်သည်ဟုလည်း ဗိုလ်မှူး မိုင်းအိုက်ကျော် က ဆိုသည်။

မြောက်ပိုင်းမဟာမိတ် ၄ ဖွဲ့သည် အစိုးရဆောင်ရွက်နေသည့် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ သဘောတူစာချုပ် (NCA) တွင် အပစ်အခတ် ရပ်စဲရေးအတွက် ခိုင်လုံသည့် အချက်များ ထပ်မံ ဖြည့်စွက် လိုကြောင်း၊ လက်ရှိစာချုပ်ကို အာမခံချက်ရှိသည့် အပစ်ရပ်စာချုပ်ဟု မယူဆသဖြင့် လက်မှတ်မထိုးလိုကြောင်း ငြင်းဆိုထားကြသည်။

ယနေ့ မူဆယ်ဆွေးနွေးပွဲမြင်ကွင်း (ဓာတ်ပုံ -Hla Maung Shwe/ FB)

မြောက်ပိုင်းမဟာမိတ် ၄ဖွဲ့နှင့် အစိုးရ၊ တပ်မတော်တို့အကြား အပစ်အခတ်ရပ်စဲရေး လုပ်ဆောင်နိုင်ရေးအတွက် ၂၀၁၈ ခုနှစ်အတွင်း ကြားခံကိုယ်စားလှယ်များ၊ အလွတ်သဘောတွေ့ဆုံမှုများနှင့် ဆွေးနွေးကြရာ ပထမအဆင့် အနေဖြင့် Bilateral စာချုပ်များ ညှိနှိုင်းကာ ချုပ်ဆိုရေးကို နှစ်ဖက်လုံးက သဘောတူခဲ့ကြသည်။

သဘောတူညီချက်ကြောင့် မြောက်ပိုင်းမဟာမိတ် ၄ ဖွဲ့သည် ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာ ၁၂ ရက်တွင် စစ်ဆင်ရေးများ ရပ်တန့်ပြီး ဆွေးနွေးမည်ဟု ထုတ်ပြန်ခဲ့ပြီး တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးကလည်း အပစ်ရပ်ရေး ဆွေးနွေးရန် ၄ လကျော် အပစ်အခတ် ရပ်ဆိုင်းပေးမည် ဖြစ်ကြောင်း ဒီဇင်ဘာ ၂၁ ရက်တွင် ကြေငြာကာ အပစ်ရပ်ကာလကို စတင်ခဲ့သည်။

ကြေငြာချက်များ ထုတ်ပြီး ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီ ၄ ရက်၊ လွတ်လပ်ရေးနေ့တွင် AA က ရခိုင်ပြည်နယ်ရှိ နယ်ခြားစောင့် ရဲစခန်း ၄ ခုကို ဝင်ရောက်တိုက်ခိုက်သဖြင့် အစိုးရ၊ တပ်မတော်တို့ဘက်မှ နယ်ခြားစောင့် ရဲဝန်ထမ်း ၁၃ ဦး သေဆုံးကာ ၉ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။

ယနေ့ မူဆယ်ဆွေးနွေးပွဲမြင်ကွင်း (ဓာတ်ပုံ -Hla Maung Shwe/ FB)

လက်နက် ၄၀ ကျော်နှင့် ကျည်ဆံ ၁၆၀၀၀ ကျော်တို့ကိုလည်း AA က ယူသွားသည်။ ရခိုင်ပြည်နယ် မြောက်ပိုင်းရှိ မြို့နယ်များ အနှံ့ တိုက်ပွဲများ ပြင်းပြင်းထန်ထန် ဆက်လက်ဖြစ်ပွားသည်။

AA က ၎င်းတို့နှင့် တပ်မတော်ကြား ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာ ၃၀ ကတည်းက တိုက်ပွဲစဖြစ်ပွားနေပြီး နယ်ခြားစောင့် ရဲများက တပ်မတော်နှင့် ပူးပေါင်းကာ စစ်ဆင်ရေးများ လုပ်နေသဖြင့် တိုက်ခိုက်ခြင်း ဖြစ်သည်ဟု ပြောဆိုထားသည်။

ဖေဖော်ဝါရီ ၁၂ ရက်၊ တရုတ်နိုင်ငံ၊ ကူမင်းမြို့တွင် NRPC နှင့် မြောက်ပိုင်းမဟာမိတ် ၄ ဖွဲ့တို့ တွေ့ဆုံရာ AA ၏ တိုက်ခိုက်မှုကြောင့် အစိုးရ၊ တပ်မတော်ဘက်မှ Bilateral ကို မလုပ်ပဲ ကတိကဝတ်စာချုပ် တခု (Deed Of Commitment) ကို သဘောတူပြီး NCA ထိုးရေး ကိုသာ ဆွေးနွေးမည်ဟု ပြန်လည် ပြောဆိုခဲ့သည်။

ယခုအခါ DOC ကို မဆွေးနွေးတော့ဘဲ လာမည့် တွေ့ဆုံမှုများတွင် Bilateral ကိုသာ ဆွေးနွေးမည် ဖြစ်ကြောင်း မူဆယ် ဆွေးနွေးပွဲတွင် ပြန်လည်သဘောတူလိုက်ခြင်း ဖြစ်သည်။

ယနေ့ မူဆယ်ဆွေးနွေးပွဲမြင်ကွင်း (ဓာတ်ပုံ -Hla Maung Shwe/ FB)

KIO/KIA ၏ အထွေထွေအတွင်းရေးမှူး ဦးလနန် (ဦးထိန်နန်) ကလည်း “အရင်တုန်းက DOC ကိစ္စကို ပြောခဲ့ကြတာကိုး။ ကျနော်တို့ လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းတွေက အပစ်အခတ်ရပ်စဲရေးကို အဆိုတင်ခဲ့တယ်။ အဲ့ဒီအဆိုက ကူမင်း ဆွေးနွေးပွဲမှာ အဆင်မပြေဘူး။

ဒီမူဆယ် ဆွေးနွေးပွဲမှာ DOC မဟုတ်ပဲ Bilateral အပစ်အခတ်ရပ်စဲရေး စာချုပ် သွားမယ်ဆိုတာကို NRPC က သဘောတူ လက်ခံတယ်”ဟု ပြောသည်။

ဆွေးနွေးပွဲတွင် ပါဝင်သည့် NRPC အဖွဲ့ဝင် ဦးလှမောင်ရွှေက မြောက်ပိုင်းမဟာမိတ် ၄ ဖွဲ့နှင့် Bilateral ထိုးရေး ဆွေးနွေးရန် အစိုးရဘက်မှ ယခင်ကတည်းက ဆန္ဒရှိခဲ့ပြီး ဖြစ်သော်လည်း AA ၏ တိုက်ခိုက်မှုကြောင့် ကူမင်း ဆွေးနွေးပွဲတွင် ဆွေးနွေးမှု မပြေလည်ခဲ့ခြင်း ဖြစ်သည်ဟု ပြောသည်။

မြောက်ပိုင်းမဟာမိတ် ၄ ဖွဲ့အနေဖြင့် Bilateral ထိုးပြီးပါက NCA ဆက်လက်ရေးထိုးရန် အစိုးရဘက်မှ ဆန္ဒရှိသော်လည်း Bilateral ထိုးပြီး NCA မထိုးဘဲ ရပ်တန့်နေမည်ကိုလည်း အစိုးရဘက်မှ စိုးရိမ်မှု ရှိသည်ဟု ဦးလှမောင်ရွှေ က ဆိုသည်။

ယနေ့ မူဆယ်ဆွေးနွေးပွဲမြင်ကွင်း (ဓာတ်ပုံ -Hla Maung Shwe/ FB)

ဆက်လက်၍ ဦးလှမောင်ရွှေ က ” DOC ဖြစ်ဖြစ်၊ Bilateral ဖြစ်ဖြစ် NCA ရေးထိုးပါမယ်ဆိုတာ ပါမှဖြစ်ပါမယ် ” ဟု ပြောသည်။

၎င်းကဆက်၍ “အခု ဆွေးနွေးပွဲက ကူမင်းမှာ ဆွေးနွေးတာထက် ပိုဆွေးနွေးလို့ ကောင်းပါတယ်။ အပြုသဘော ဆောင်ပါတယ်” ဟု ပြောသည်။

မြောက်ပိုင်းမဟာမိတ် ၄ ဖွဲ့မှ NRPC ဘက်သို့ အဆိုပြုစာ ၄ စောင် ပေးပို့လိုက်သည်ဟုလည်း ဦးလှမောင်ရွှေက ပြောသည်။

အဆိုပြုစာ ၄ စောင်တွင် ပါဝင်သည့် အချက်များကို အသေးစိတ်ထုတ်ဖော်ပြောဆိုခြင်း မရှိသော်လည်း စာပါ အကြောင်းအရာများမှာ Bilateral ညှိနှိုင်းရေးနှင့် ဆိုင်သည့် အချက်များဖြစ်သည်ဟု သိရသည်။

ယနေ့ မူဆယ်ဆွေးနွေးပွဲမြင်ကွင်း (ဓာတ်ပုံ -Hla Maung Shwe/ FB)

ဆက်လက်၍ NRPC နှင့် မြောက်ပိုင်းမဟာမိတ် ၄ ဖွဲ့ တို့သည် မေ တတိယပတ်တွင် ပြန်လည် တွေ့ဆုံရန် ချိန်းဆိုထားကြသည် ဟုလည်း သိရသည်။

ယနေ့ မူဆယ်ဆွေးနွေးပွဲတွင် NRPC ဘက်မှ ငြိမ်းချမ်းရေးကော်မရှင် ဒုဥက္ကဋ္ဌ ဦးသိန်းဇော် ဦးဆောင်ကာ သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေး၊ ဦးခင်ဇော်ဦး၊ ဦးလှမောင်ရွှေတို့ တတ်ရောက်ပြီး မြောက်ပိုင်းမဟာမိတ် အဖွဲ့ ၄ ဖွဲ့ဘက်မှ KIO/KIA ၏ အထွေထွေအတွင်းရေးမှူး ဦးလနန် ၊ TNLA မှ အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးချုပ် တာဘုန်းကျော် ၊ AA ဒုတိယစစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ညိုထွန်းအောင်နှင့် MNDAA မှ ဒုဗိုလ်မှူးကြီး ဖုန်းဝင်းနိုင် တို့ ပါဝင်သည့် ကိုယ်စားလှယ်များ တတ်ရောက်ခဲ့သည်။

Did you find apk for android? You can find new Free Android Games and apps.
Loading