အပစ်ရပ်စာချုပ်များ မရေးထိုးရသေးသည့် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များနှင့် ဆွေးနွေးရန်အတွက် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးမှ သတ်မှတ်ထားသည့် အပစ်ရပ်ကာလ ကုန်ဆုံးသွားပြီ ဖြစ်သဖြင့် ၂ လ ထပ်မံတိုးလိုက်သည်ဟု တပ်မတော်က သတင်းထုတ်ပြန်လိုက်သည်။
ပဏာမအပစ်ရပ်စာချုပ် (Bilateral ) ၊ တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ သဘောတူစာချုပ် (NCA) များ လက်မှတ်မထိုးရသေးသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် ညှိနှိုင်းရန်ဟုဆိုကာ ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာ ၂၁ရက်မှ ၂၀၁၉ ခုနှစ်၊ ဧပြီ ၃၀ ထိ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးက အပစ်ရပ်ဆိုင်းခဲ့သည်။
ယနေ့တွင် အပစ်ရပ်ကာလ ကုန်ဆုံးသွားပြီဖြစ်သော်လည်း အပစ်ရပ်စာချုပ် မချုပ်ဆိုရသေးသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများနှင့် ဆွေးနွေးမှုများ မပြီးပြတ်သေးသဖြင့် ထပ်မံတိုးမြှင့်လိုက်ခြင်း ဖြစ်သည်ဟု တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောသည်။
ဗိုလ်မှူးချုပ် ဇော်မင်းထွန်း က “အပစ်ရပ်ကာလ ထပ်တိုးပါတယ်။ ၂၀၁၉ ခုနှစ်၊ ဇွန်လ ၃၀ ရက်နေ့ထိ ဖြစ်ပါတယ်။ ပထမ အချက်ကတော့ KIA၊ TNLA၊ MNDAA အဖွဲ့တွေ အနေနဲ့ အပစ်ရပ်စဲရေးကာလ ထပ်မံတိုးမြှင့်ပေးဖို့ တောင်းဆိုထားတာ ရှိတယ်” ဟု ပြောသည်။
အပစ်ရပ်ကာလ ထပ်တိုးသည့် နယ်မြေများမှာ ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာ ၂၁ ရက်က ကြေငြာထားသည့် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်နယ်မြေ၊ အရှေ့မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် နယ်မြေ၊ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် နယ်မြေ၊ အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်နယ်မြေ နှင့် တြိဂံတိုင်းစစ်ဌာနချုပ် နယ်မြေတို့ ဖြစ်သည်။
တပ်မတော်၏ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် နယ်မြေအတွင်းပါဝင်သည့် ရခိုင်ပြည်နယ်တွင်း ရက္ခိုင်စစ်တပ် (AA) နှင့် တပ်မတော်ကြား စစ်ရေးတင်းမာနေဆဲ ဖြစ်ပြီး တပ်မတော်က အပစ်ရပ်ဆိုင်းသည့် နယ်မြေထဲတွင် ရခိုင်ပြည်နယ်ကို ချန်လှပ်ထားဆဲ ဖြစ်သည်။
ယနေ့မနက်ပိုင်းက ရှမ်းပြည်နယ် မြောက်ပိုင်း၊ မူဆယ်မြို့တွင် အပစ်ရပ်စာချုပ်များ ချုပ်ဆိုနိုင်ရေးအတွက် အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) မှ ကိုယ်စားလှယ်များနှင့် မြောက်ပိုင်း မဟာမိတ် ၄ ဖွဲ့ဖြစ်သည့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ၊ မြန်မာအမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော် (MNDAA) ၊ တအန်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA ) ၊ ရက္ခိုင်စစ်တပ် (AA) တို့မှ ကိုယ်စားလှယ်များ တွေ့ဆုံဆွေးနွေးခဲ့ကြသည်။
ယနေ့ညပိုင်းတွင် အပစ်ရပ်ကာလ ၂ လ ထပ်တိုးကြောင်း တပ်မတော်က ကြေငြာရခြင်းမှာ မူဆယ်ဆွေးနွေးပွဲ ရလာဒ် အဆင်ပြေခြင်း၊ တပ်မတော်က ၂၀၂၀ ခုနှစ်တွင် ငြိမ်းချမ်းရေးအပြီးသတ် အရယူရန် ဆောင်ရွက် နေခြင်း တို့ကြောင့် ဖြစ်သည်ဟုလည်း ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ဆိုသည်။
သို့သော် AA နှင့် ပတ်သတ်၍ တပ်မတော်၏ သဘောထားမှာ ယခင် ထုတ်ဖော်ပြောဆိုထားသည့် အတိုင်းသာ ဖြစ်သည်ဟု ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ဆိုသည်။
တပ်မတော်သည် AA ကို အကြမ်းဖက်သောင်းကျန်းသူဟု သတ်မှတ်ထားပြီး မြေပြင်၊ ဝေဟင် တပ်အင်အားဖြင့် ချေမှုန်းမည်ဟု ကြေငြာထားသည်။
ဆက်လက်၍ ဗိုလ်မှူးချုပ်ဇော်မင်းထွန်း က “ကျနော်တို့ ပထမဦးဆုံး သတင်းထုတ်ပြန်ချက်လိုပဲ NCA လက်မှတ်ရေးထိုးရန် ကျန်ရှိနေတဲ့ အဖွဲ့အစည်းတွေနဲ့ ဆက်လက်ဆွေးနွေးနိုင်ဖို့ ကျနော်တို့က ရပ်ဆိုင်းလိုက်တာ ဖြစ်တယ်။ ဒီအပေါ်မှာတော့ အကျိုးသက်ရောက်မှု ရှိလာမှာပါ။ “ဟုလည်း ပြောသည်။
ယနေ့မနက်ပိုင်း မူဆယ်ဆွေးနွေးပွဲတွင် NRPC မှ ကိုယ်စားလှယ်များနှင့် မြောက်ပိုင်းမဟာမိတ် ၄ ဖွဲ့မှ ကိုယ်စားလှယ်များက တွေ့ဆုံမှုမှာ အပြုသဘောဆောင်ကြောင်း သတင်းမီဒီယာများကို ပြောဆိုခဲ့ကြသည်။
ယခင်က အစိုးရ၊ တပ်မတော်တို့ဘက်မှ ကတိကဝတ်စာချုပ်တခု (Deed Of Commitment ) ကို ရေးထိုးပြီး NCA ထိုးရန် ပြောဆိုနေသော်လည်း မူဆယ်ဆွေးနွေးပွဲတွင် မြောက်ပိုင်းမဟာမိတ်များ အဆိုပြုထားသည့် ပဏာမ အပစ်ရပ်စာချုပ် (Bilateral ) ချုပ်ဆိုရေးကို လက်ခံလိုက်ပြီ ဖြစ်သည်။
မူဆယ်ဆွေးနွေးပွဲတွင် မြောက်ပိုင်းမဟာမိတ် ကိုယ်စားလှယ်များက အစိုးရ၊ တပ်မတော်တို့ထံသို့ အဆိုပြုစာ ၄ စောင် ပေးပို့လိုက်သည်ဟုလည်း NRPC အဖွဲ့ဝင် ဦးလှမောင်ရွှေက ဧရာဝတီကို ပြောဆိုထားသည်။
မြောက်ပိုင်းမဟာမိတ် ၄ဖွဲ့နှင့် NRPC ကိုယ်စားလှယ်များသည် လာမည့် မေတွင် ထပ်မံတွေ့ဆုံ ဆွေးနွေးရန် လည်း သဘောတူထားကြသည်။