နိုင်ငံ၏ လျှပ်စစ် ဓာတ်အား လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ရန် ရေအား လျှပ်စစ် ၅ ရုံကို အကြီးစား ပြင်ဆင်ခြင်း အတွက် ပြင်သစ် ဖွံ့ဖြိုး တိုးတက်ရေး အေဂျင်စီ (AFD) ထံမှ ချေးငွေ ရယူခွင့်ပြုရန် လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီး ဌာန ဒု ဝန်ကြီး ဒေါက်တာ ထွန်းနိုင် က လွှတ်တော်သို့ တင်ပြသည်။
၎င်းက“အဆင့်မြှင့်တင်ခြင်း လုပ်ငန်းများကို ဆောင်ရွက် ပြီးစီးမည် ဆိုပါက ထိုစက်ရုံများက နှစ်စဉ် လျှပ်စစ် ထုတ်လုပ်မှု ပမာဏထက် ၈၁ ကီလိုဝပ် နာရီ သန်းပေါင်း တိုးတက် ထုတ်လုပ်နိုင်မှာ ဖြစ်ပြီး ဝင်ငွေများလည်း တိုးတက်ရရှိမှာ ဖြစ်ပါ တယ်”ဟု ပြောသည်။
ယနေ့ ကျင်းပသည့် ဒုတိယ အကြိမ် ပြည်ထောင်စု လွှတ်တော် ၁၂ ကြိမ်မြောက် ပုံမှန် အစည်းအဝေး၊ ဒုတိယ မြောက်နေ့ တွင် လွှတ်တော် အစည်းအဝေးသို့ တင်ပြခဲ့ခြင်း ဖြစ်သည်။
အကြီးစား ပြုပြင်ပြောင်းလဲမည့် ရေအား လျှပ်စစ် ၅ ရုံမှာ ရဲနွယ် (ပဲခူးတိုင်းဒေသကြီး)၊ မုန်း (မကွေးတိုင်းဒေသကြီး)၊ ဇောင်း တူ (ပဲခူး တိုင်းဒေသကြီး)၊ ကင်းတား (မန္တလေးတိုင်းဒေသကြီး)၊ သဖန်းဆိပ်(စစ်ကိုင်းတိုင်း ဒေသကြီး) များတွင် အလုံးစုံ ပြုပြင်မွမ်းမံခြင်း လုပ်ငန်းနှင့် အဆင့်မြှင့်တင်ခြင်း လုပ်ငန်းများကို ဆောင်ရွက်သွားမည်ဟု လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီး ဌာနက သိရသည်။
အဆိုပါ အကြီးစား ပြင်ဆင်မှု လုပ်ငန်းကို ၂၀၁၉ ခုနှစ်မှ ၂၀၂၄ ခုနှစ်(၅ နှစ်) အတွင်း အပြီးသတ် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ ချေးငွေ သက်တမ်း အနှစ်၂၀ ဖြစ်ပြီး၊ ဆိုင်းငံ့ ကာလ ၇ နှစ်၊ ပြန်ဆပ် ကာလ ၁၃ နှစ်၊ အတိုးနှုန်းမှာ ဝ.၆၈ ရာခိုင်နှုန်း ဖြစ်ကြောင်း အထက်ပါ ဝန်ကြီးဌာနက ဆိုသည်။
ရေအား လျှပ်စစ် စက်ရုံများ၏ သဘော သဘာဝ အရ သက်တမ်း ၁၀ နှစ်လျှင် တကြိမ် အကြီးစား ပြင်ဆင်ရန် လိုအပ် ကြောင်း၊ ထိုစက်ရုံ ၅ ရုံတွင် တပ်ဆင်ထားသည့် စက်များမှာ သက်တမ်း ၁၀ နှစ်ကျော်မှ နှစ် ၃၀ ကျော်ထိ မောင်းနှင် ထားသည့် စက်များဖြစ်သော်လည်း အကြီးစား ပြင်ဆင်ခြင်းများ မဆောင်ရွက်နိုင် သဖြင့် စက်များကို စိတ်ချလက်ချ မောင်းနိုင်မှု မရှိကြောင်း ဒုတိယ ဝန်ကြီး ကလွှတ်တော်သို့ တင်ပြသည်။
အဆိုပါ စက်ရုံ ၅ ရုံမှ ဓာတ်အားပေး စက်များ ချို့ယွင်း၍ အရေးပေါ် ရပ်တန့်ရသည့် ဖြစ်စဉ်များကြောင့် ဓာတ်အား ထုတ် လုပ်နိုင်မှု တနှစ်လျှင် ကီလိုဝပ် နာရီ ၂၄၆ သန်းခန့် လျော့နည်း ဆုံးရှုံးခဲ့ရကြောင်း ဒုတိယ ဝန်ကြီးက ဆက်ပြောသည်။
ဓာတ်အားပေး စက်များကို ပြုပြင်ပြီးပါက စက်စွမ်းအားပြည့် မောင်းနှင်နိုင်မည် ဖြစ်ပြီး လက်ရှိတွင် တနှစ်လျင် ၅၆၅ ကီလိုဝပ် နာရီသန်း သာ ထုတ်လုပ်နိုင်မှုမှ (၈၁) ကီလိုဝပ်နာရီ သန်းပေါင်း တိုးတက် ထုတ်လုပ်ကာ စုစုပေါင်း ၆၄၆ ကီလီဝပ် နာရီသန်းပေါင်း အထိ ထွက်ရှိလာမည် ဖြစ်ကြောင်း ဒုတိယ ဝန်ကြီးက လွှတ်တော်သို့ တင်ပြသည်။
ဒက္ခိဏ သီရိမြို့နယ်မှ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးသန့်ဇင်ထွန်းက“အရင်တုန်းက ဒီလျှပ်စစ် ကဏ္ဍမှာ ခွဲဝေ လျာထားမှု နည်းတော့ မလုပ်နိုင်တာတွေ ရှိခဲ့မှာပေါ့။ NLD အစိုးရ လက်ထက်မှာ လျှပ်စစ် လိုအပ်ချက်က အစွမ်းကုန် ဖြည့်ဆည်း ပေးနေတာ ဖြစ်တဲ့ အ တွက် ဒီအလုပ်တွေဟာ လုပ်ကို လုပ်ရမှာပါ”ဟု ဧရာဝတီသို့ ပြောသည်။
ထို့ပြင် ရေအားလျှပ်စစ် စက်ရုံကြီးများမှ လျှပ်စစ်ဓာတ်အား တိုးမြှင့် ထုတ်လုပ်နိုင်ရုံ သာမက ရေလှောင်တမံများ၏ ဘေး အန္တရာယ် ဆိုင်ရာ လုံခြုံ စိတ်ချမှု အစီအမံနှင့် ခေတ်မီ မိုးလေဝသနှင့် ဇလဗေဒ ဆိုင်ရာ တိုင်းတာရေး ကိရိယာ များဖြင့် ရေလှောင်တမံများ၏ ရေကြီး၊ ရေလျှံဖြစ်ပေါ်မှုနှင့် ငလျင်ဘေး အစရှိသော သဘာဝ ဘေးအန္တရာယ်များကို ကြိုတင် သိရှိ ကာကွယ်နိုင်မည် ဖြစ်ကြောင်းလည်း သိရသည်။
ချေးငွေရရှိပါက ရဲနွယ် စက်ရုံကို ပြုပြင်ရန် အတွက် ယူရို ၅.၄ သန်းခန့်၊ မုန်းချောင်း ရေအား စက်ရုံကို ပြုပြင်ရန် ယူရို ၃.၃ သန်းခန့်၊ ဇောင်းတူ ရေအား လျှပ်စစ် စက်ရုံကို ပြုပြင်ရန် ယူရို ၁၆.၄ သန်းခန့်၊ ကင်းတား ရေအားစက်ရုံကို ပြုပြင် ရန် ယူရို ၂.၄ သန်းခန့်၊ သဖန်းဆိပ်ရေ အားစက်ရုံကို ပြုပြင်ရန် ယူရို ၆.၅ သန်းခန့်၊ စီမံကိန်း အတိုင်ပင်ခံ ငှားရမ်းခြင်း အတွက် ယူရို ၁.၇ သန်းခန့် လျာထားကြောင်း လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာနက ပြောသည်။
လှိုင်သာယာ စက်မှုဇုန် ဥက္ကဋ္ဌ ဦးမြတ်သင်းအောင်ကလည်း“တိုက်အိုကြီးလို ဖြစ်နေတာပေါ့။ ဟိုတုန်းက ပိုက်ဆံ မရှိတုန်း က အညံ့စားတွေ ဝယ်ထားတာ။ အပြည့်အဝ မရောက်ဘူး။ အချိန်ပြည့် မီးပေးနိုင်ရင် အစိုးရလည်း ဝင်ငွေ ပိုရနိုင်မှာပဲ လေ။ အခုချေးငွေ ရယူပြီး ပြင်ဆင်မှုတွေ လုပ်မယ် ဆိုတာကို အားပေးပါတယ်”ဟု ပြောသည်။
အဆိုပါ ချေးငွေ ရယူရေး ကိစ္စနှင့် စပ်လျဉ်း၍ ဆွေးနွေးလိုသော လွှတ်တော် ကိုယ်စားလှယ် ရှိပါက မေလ ၃ ရက်နေ့ နောက်ဆုံးထားပြီး ပြည်ထောင်စု လွှတ်တော်ရုံး ညွှန်ကြားရေးမှူးချုပ်ထံ အမည်စာရင်း ပေးသွင်းနိုင်ကြောင်း လွှတ်တော် နာယက ဦးတီခွန်မြတ်က ပြောဆိုသွားသည်။