ရဲတပ်သားနှစ်ဦးက ဦးဆောင်ဖမ်းဆီးခဲ့သည့် သစ်မှောင်ခိုမှုကွင်းဆက်အဖြစ် ရဲရမန်ဒေသအတွင်း နယ်မြေရှင်း လင်းရာတွင် တရားမဝင်သစ် ၁၂၉ တန်ကျော်ကို ထပ်မံဖမ်းဆီးနိုင်ခဲ့ကြောင်း ကျောက်ဆည်သစ်တောဦးစီးမှူး ဦးညီညီဖြိုး ကပြောသည်။
ရဲတပ်သား ထွန်းထွန်းဝင်းနှင့် ချစ်ကိုတို့သည် ဧပြီ ၅ ရက်နေ့ညဉ့်နက်ပိုင်းက သစ်မှောင်ခိုကား ၄ စီး၊ သစ် ၂၂ တန်ကျော်နှင့် သယ်ဆောင်လာသူ ၁၀ ဦးအား ပြည်သူများနှင့်ပူးပေါင်းကာ စတင်ဖမ်းဆီးခဲ့ပြီးနောက် သစ်များ အား ထပ်မံဖမ်းမိခဲ့သော်လည်း တရားခံများဖမ်းမိခြင်းမရှိကြောင်း သိရသည်။
ဦးညီညီဖြိုး က “သစ်ကား ၄ စီးဖမ်းမိပြီး နယ်မြေဆက်ရှင်းတော့ သစ်တွေဖွက်ပြီး ထွက်သွားကြတယ်ထင်တယ်၊ ပိုင်ရှင်တော့ မမိသေးဘူး၊ ဒီကိစ္စက နယ်မြေတာဝန်ခံတွေမှာ တာဝန်တော့ရှိပါတယ်၊ ဒီအတွက် လမ်းကြောင်းမှာ အဓိကတာ ဝန်ရှိသူနှစ်ဦးကိုလည်း ဌာနအစီအစဉ်နဲ့ နယ်ပြောင်းရွေ့လိုက်ပါပြီ” ဟု ဧရာဝတီသို့ပြောသည်။
ထပ်မံဖမ်းမိသည့် သစ်များတွင် ကျွန်း၊ ပျဉ်းကတိုး၊ ပိတောက်၊ အင်ကြင်း၊ တမလန်းစသည်တို့ပါဝင်ပြီး ဧပြီ ၆ ရက်မှ ၉ ရက်နေ့အထိ ၂၁.၂၆၈၄ တန်၊ ဧပြီ ၂၀ ရက်နှင့် ၂၁ ရက်နေ့တို့တွင် ၂၂.၈၄၇၈ တန်၊ ဧပြီ ၂၄ ရက်မှ ၂၆ ရက်နေ့အထိ ၈၅.၆၈၉၂ တန်တို့ကို ဖမ်းမိခဲ့ခြင်းဖြစ်သည်။
၎င်းသစ်များအား သစ်တောဦးစီးဌာနမှ နယ်မြေရှင်းလင်း ဆောင်ရွက်စဉ်အတွင်း ရဲရမန်ကြိုးပြင်တောမှ အများ ဆုံးဖမ်းမိခဲ့ခြင်းဖြစ်ပြီး ပိုင်ရှင်များများအား ဆက်လက်စုံစမ်းဆဲဖြစ်ကြောင်း သိရသည်။
ရဲတပ်သား ထွန်းထွန်းဝင်းနှင့် ချစ်ကိုတို့မှ အရပ်သား ၅ ဦးနှင့်အတူပူးပေါင်းဖမ်းမိထားသည့် သယ်ဆောင်သူ ၁၀ ဦးကိုမူ စဉ့်ကိုင်မြို့မရဲစခန်းတွင် သစ်တောဥပဒေပုဒ်မ ၄၃(က)၊ ၄၂(က)တို့ဖြင့် အမှုဖွင့်ထားပြီး တရားစွဲတင်နိုင် ရေး ဆောင်ရွက်လျှက်ရှိကြောင်း စဉ့်ကိုင်မြို့မရဲစခန်းက သိရသည်။
ယင်းအမှုတွင် ဖမ်းမိထားသူများအား ကနဦးစစ်ဆေးချက်များအရ တရားမဝင်သစ်များနှင့် ဆက်စပ်သူ ဦးမော်စီ ဆိုသူမှာ မြစ်ငယ်ဘက်တွင် နေထိုင်ကြောင်း ရဲတပ်ဖွဲ့က ပြောထားသော်လည်း လက်ရှိတွင် ဖမ်းမိခြင်းရှိမရှိကို ပြောဆိုခြင်းမရှိသေးပေ။
တရားမဝင်သစ်များ သယ်ဆောင်ခဲ့ရာ ရဲရမန်သစ်တော ကြိုးဝိုင်းမှ ရဲရွာ-ဘဲလင်းလမ်းကြောင်းပေါ်တွင် ကြောင်ရွာ၌ သစ်တောဌာနဂိတ် နှင့် ရဲရွာနယ်မြေစခန်းတို့ တည်ရှိကြောင်း ဒေသခံများနှင့် သစ်ကားများ ဖမ်းဆီးရာတွင် ပါဝင်သူများက ဧရာဝတီသို့ပြောသည်။
သစ်မှောင်ခိုမှုတွင် နောက်ကွယ်မှအဓိက တရားခံများအား ဖော်ထုတ်ဖမ်းဆီးနိုင်ခြင်းမရှိသေးသော်လည်း မှောင် ခိုသစ်ကားများအား စတင်ဖမ်းဆီးခဲ့သည့် ရဲတပ်သားထွန်းထွန်းဝင်းနှင့် ချစ်ကိုတို့အား နယ်ပြောင်းရွေ့အမိန့် ချခဲ့ ပြီး ၎င်းတို့နှစ်ဦးအနေဖြင့် လတ်တလောခွင့်ယူထားကြောင်း သိရသည်။
ရဲတပ်သား ထွန်းထွန်းဝင်း က “ကျနော်တို့ ပထမသစ်အမှု ဖော်ထုတ်တုန်းက ခရိုင်မှူးကိုယ်တိုင် ကျနော်တို့ဆန္ဒ မရှိဘဲ နယ်ပြောင်းတာ မလုပ်ဘူးလို့ အားလုံးအရှေ့မှာ ကတိပေးပြောခဲ့တာ၊ အခုတော့ ဘာမှတာဝန်ယူ ကာ ကွယ်မှုမရှိသလိုပဲ ခံစားရတယ်”ဟု နယ်ပြောင်းရွေ့မိန့်ချခဲ့ခြင်းနှင့်ပတ်သက်ပြီး ပြောသည်။
ရဲတပ်သား ထွန်းထွန်းဝင်းနှင့် ချစ်ကိုတို့သည့် ပြီးခဲ့သည့်နှစ်အတွင်းကလည်း လုပ်ဖော်ကိုင်ဖက် ရဲတပ်သား ၃ ဦး နှင့်အတူ တရားမဝင်သစ်မှောင်ခိုမှုတခုအား ဖော်ထုတ်ဖမ်းဆီးနိုင်မှုကြောင့် ဆဲဗင်ဒေးသတင်းဌာန၏ သူရဲ ကောင်းဆု ချီးမြှင့်ခံရသည့်အပြင် ကျောက်ဆည်မြို့ခံများ၏ ဂုဏ်ပြုဆုကိုလည်း ရရှိထားသူများဖြစ်သည်။
၎င်းတို့ ၅ ဦး၏ ဖော်ထုတ်မှုကြောင့် ကျောက်ဆည်မြို့မရဲစခန်းမှ စခန်းမှူးနှစ်ဦးနှင့် နယ်ထိန်းခေါင်းဆောင်တဦး၊ ဒုတပ်ကြပ် တဦးတို့မှာ ထောင်ဒဏ်များချမှတ်ခံရပြီး မြို့နယ်မှူးမှာ ရာထူးလျော့ချ၍ နယ်ပြောင်းရွေ့ခံခဲ့ရသည်။
လက်ရှိတွင် ထိုအမှုအား ဖော်ထုတ်ခဲ့သည့် ရဲတပ်သား ၅ ဦးစလုံး ကျောက်ဆည်မြို့မရဲစခန်းတွင် တာဝန်ဆက် လက်ထမ်းဆောင်ရခြင်းမရှိတော့ဘဲ ၃ ဦးမှာ နယ်ပြောင်းခံခဲ့ရပြီး ၂ ဦးမှာ ရဲစည်းကမ်းထိန်းသိမ်းရေးဥပဒေဖြင့် အရေးယူခံခဲ့ရကြောင်း ကာယကံရှင်များကပြောသည်။
မှောင်ခိုသစ်များနှင့်ပတ်သက်ပြီး နယ်မြေရှင်းလင်း ဖမ်းဆီးမှုများကို ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း နှင့် ဒေသခံများ၏ သတင်းပေးတိုင်ကြားချက်များရရှိပါကလည်း ချက်ချင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကျောက်ဆည်မြို့နယ် သစ်တောဦးစီးမှူး ဦးညီညီဖြိုးက ပြောသည်။