ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်းမြို့နယ်၊ မိုင်းပန်ကျေးရွာတွင် ဗုံးပေါက်ကွဲမှုတခု ဖြစ်ပွားခဲ့ရာ ကလေးသူငယ် ၂ ဦးသေဆုံးပြီး အခြား ၈ ဦး ဒဏ်ရာ ရရှိသွားကြောင်း ဒေသခံ သတင်းရင်းမြစ်များအရ သိရသည်။
ဧပြီလ ၂၆ ရက်နေ့ ညနေ ၆ နာရီခွဲတွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ အသက် ၂ နှစ်အရွယ်ရှိ မိန်းကလေးငယ် တဦးနှင့် အသက် ၈ နှစ်အရွယ်ရှိ ယောက်ျားတဦး အသက်သေဆုံးခဲ့ရကြောင်း တအာင်းကျောင်းသားနှင့် လူငယ်သမဂ္ဂ (TSYU) အဖွဲ့ဝင်များ၏ အဆိုအရ သိရသည်။
ပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရသူများ၏ မိသားစုများကို အဆိုပါသမဂ္ဂက အထောက်အကူပေးလျှက် နမ့်ခမ်းမြို့ဆေးရုံသို့ တင်ပို့ ကုသပေးခဲ့သည်။
“ဗုံးကွဲသံ ကြားပြီးတာနဲ့ သွားကြည့်တော့ ကလေးနှစ်ယောက် ပွဲချင်းပြီးသေနေတာ တွေ့ရပါတယ်။ တခြားသူ ၈ ဦး ဒဏ်ရာရတယ်” ဟု TSYU အတွင်းရေးမှူး Lway Hlar Reang က ဧရာဝတီသို့ တနင်္လာနေ့တွင် ပြောသည်။
တခြားသော ကလေးငယ် ၈ ဦးတို့မှာ ဦးခေါင်း၊ ခန္ဓာကိုယ်အပေါ်ပိုင်း၊ ခြေထောက်နှင့် လက်ချောင်းများတွင် ဒဏ်ရာများ ပြင်းထန်စွာရရှိခဲ့ကြောင်း ၎င်းက ပြောသည်။
ဒဏ်ရာရရှိသွားသည့် ယောက်ျားလေး ၆ ဦးနှင့် မိန်းကလေး ၂ ဦးတို့မှာ အသက် ၈ နှစ်အောက် အရွယ်များ ဖြစ်ကြပြီး မိသားစုများနှင့်အတူ ယာခင်းထဲမှ ပြန်လာပြီးနောက် ကျေးရွာအတွင်း အတူတကွ ဆော့ကစား နေကြချိန် ပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း TSYU ၏ အဆိုအရ သိရသည်။
အဆိုပါနယ်မြေသည် မကြာသေးမီနှစ်များအထိ အထူးအေးချမ်း ခဲ့သော်လည်း ယမန်နှစ်က အစိုးရ တပ်မတော်နှင့် TNLA တပ်များ ရွာ၏ အပြင်ဘက်တွင် တိုက်ပွဲတပွဲဖြစ်ပွားခဲ့ပြီး အပြန်အလှန် ပစ်ခတ်နေစဉ် အတွင်း ကျေးရွာထဲ အမြောက်ပစ်ခဲ့ပြီး မပေါက်ကွဲသည့်ကျည် ကျထားသည်ဟု ကလေး၏ မိသားစုဝင်များက ယူဆသည်။
“သူတို့ (TNLA နှင့် မြန်မာ့တပ်မတော်) က ရွာထဲမှာ ပစ်ခတ်တာတွေ မလုပ်ပါဘူး။ ဒါပေမယ့် တဖက်နဲ့တဖက် ပစ်ခတ် နေတုန်းမှာ သူတို့နှစ်ဖွဲ့စလုံးက ရွာအပြင်မှာ စခန်းချထားတယ်” ဟု Lway Hlar Reng က ရှင်းပြသည်။
ရွာထဲရှိ နေအိမ်တလုံးရှေ့တွင် စုပုံထားသော ကားတာယာ အဟောင်းပုံတွင် အဆိုပါနယ်မြေရှိ ကလေး သူငယ်များ မကြာခဏ ဆော့ကစားလေ့ ရှိကြောင်း၊ ထိခိုက်သေဆုံးသူများ၏ မိသားစုဝင်များက ယင်းနေရာတွင် ယခင်က တကြိမ်တခါမှ ဗုံးပေါက်ကွဲမှု မရှိခဲ့ဘူးကြောင်း ပြောကြားသည်။
ရှမ်းပြည်နယ် မြောက်ပိုင်းတွင် မြန်မာ့တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင် အုပ်စုများအကြား လက်နက်ကိုင် ပဋိပက္ခ ဖြစ်ပွားလေ့ရှိသော နယ်မြေတွင် မြေမြှုပ်မိုင်းများနှင့် တခြား ပေါက်ကွဲ စေတတ်သော ပစ္စည်းများ ရံဖန်ရံခါ ထောင်ထားတတ်ရာ အပြစ်မဲ့ ဒေသခံအရပ်သားများအတွက် ထိခိုက်သေဆုံးမှုများ မကြာခဏ ဖြစ်ပေါ်နေရသည်။
ဧပြီလ ၄ ရက်တွင် ကျရောက်သော နိုင်ငံတကာ မြေမြှုပ်မိုင်း အသိပညာပေးခြင်းနှင့် မိုင်းအန္တရာယ်မှ အထောက်အကူပြု နေ့တွင် ထုတ်ပြန်သော ယူနီဆက်ဖ် အစီရင်ခံတွင် “မြန်မာနိုင်ငံ တနံတလျားတွင် ဆယ်စုနှစ်များစွာ ဖြစ်ပွားခဲ့သော လက်နက်ကိုင် ပဋိပက္ခများကြောင့် စစ်လက်ကျန် မြေမြှုပ်မိုင်းများနှင့် မပေါက်ကွဲသေးသော ဗုံးလက်ကျန်များသည် ပြည်နယ်နှင့်တိုင်း ဒေသကြီး ၁၄ ခုအနက် ၉ ခုတွင် ကျန်ရှိနေဆဲ ဖြစ်ပြီး ကလေးသူငယ်များနှင့် ၎င်းတို့၏ မိသားစုများကို နေ့စဉ်နှင့်အမျှ ခြိမ်းခြောက်နေကြောင်း၊ ယင်းသို့ မပေါက်ကွဲသေးဘဲ ကြွင်းကျန်ပစ္စည်းများကို အဆိပ်အတောက် ညစ်ညမ်းမှုတခုဟု ခေါ်ဆိုကြောင်း” ဖော်ပြထားသည်။
အဆိုပါ အစီရင်ခံစာကို ၂၀၁၆ ခုနှစ်နှင့် ၂၀၁၇ ခုနှစ်တို့အတွက် ပူးတွဲထုတ်ပြန်ခြင်းဖြစ်ပြီး သေဆုံး ထိခိုက်မှုပေါင်း ၃၃၄ မှုတို့ကို မှတ်တမ်းတင်ထားရာ ကချင်နှင့် ရှမ်းပြည်နယ်ကဲ့သို့ ပဋိပက္ခ များပြားသည့် ပြည်နယ်များအား ထိပ်ဆုံး စာရင်းဝင်သည်။ ထိခိုက်သေဆုံးမှု လေးခုတိုင်းတွင် အနည်းဆုံး ကလေးငယ်တဦး ဒဏ်ရာရပြီး မတော်တဖြစ်ပွားမှု ၄ ခုတွင် ကလေးငယ်တဦး သေဆုံးမှုရှိနေသည်။
“မှတ်တမ်းမတင်နိုင်သေးတဲ့ ဖြစ်စဉ်တွေ အများကြီးရှိသေးတယ် ဆိုတာ ကျနော်သိပေမယ့်လည်း မြန်မာနိုင်ငံမှာ မြေမြှုပ်မိုင်း ပေါက်ကွဲမှုတွေ နေ့စဉ်ဖြစ်ပေါ်နေပါတယ်။ ဝမ်းနည်းစရာ ကောင်းတာက ကလေးငယ်တွေနဲ့
အမျိုးသမီးတွေ ခါးစည်း ခံနေရတာပါပဲဗျာ” ဟု ယူနီဆက်ဖ်မှ မြန်မာဌာနေ ကိုယ်စားလှယ် June Kunugi က မှတ်ချက်ချသည်။
၂၀၁၇ တနှစ်တည်းမှာပင် ကလေးသူငယ်များနှင့် အမျိုးသမီးများ ထိခိုက်သေဆုံးမှုပေါင်း ၄၃ ရာခိုင်နှုန်း ရှိခဲ့ခြင်းကို ကိုးကား၍ ၎င်းက အထက်ပါအတိုင်း မှတ်ချက်ချခဲ့ခြင်း ဖြစ်သည်။
( Lawi Weng ၏ 2 Child Victims of Mine Explosion in ‘Contaminated’ Shan State ကို ဆီလျော်အောင် ဘာသာပြန်ဆိုသည်။)