ရခိုင်ပြည်နယ် အစိုးရအဖွဲ့ဝင် စီမံ /ဘဏ္ဍာဝန်ကြီး ဦးကျော်အေးသိန်းအား အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ထံသို့ တိုင်ကြားခဲ့သည့် မြောက်ဦး ဒေသခံ ဆောက်လုပ်ရေး ကုမ္ပဏီ ၆ ခုကို အစိုး အဖွဲ့မှ အမည်ပျက် စာရင်းသွင်းခြင်းနှင့် ပတ်သက်ပြီး ပြည်နယ်လွှတ်တော်တွင် မေးခွန်း ထုတ်ခဲ့သည်။
ဧပြီလ ၂၉ ရက်နေ့က ကျင်းပသော ရခိုင်ပြည်နယ် လွှတ်တော်အ စည်းအဝေးတွင် မြောက်ဦး မဲဆန္ဒနယ် အမှတ်(၁) မှ ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းသားစိန် က ယင်းသို့ အမည် ပျက်စာရင်းသွင်းခြင်းမှာ အစိုးရ အနေဖြင့် ဥပဒေနှင့် အညီ ဆောင် ရွက်ခဲ့ခြင်း ဟုတ်၊ မဟုတ် မေးခွန်း ထုတ်ခဲ့ခြင်း ဖြစ်သည်။
ဦးထွန်းသာစိန် က “မမှန်၊ မကန် တိုင်ကြားသက်သေ ထွက်ဆိုသည် ဆိုသည့် အကြောင်းပြချက်နဲ့ မြောက်ဦးဒေသခံ ကုမ္ပဏီ ၆ ခုကို ကပ်ဘိနက်ဆုံး ဖြတ်ချက်နဲ့ အမည်ပျက်စာရင်းသွင်းတယ်လို့ ကျနော်တို့ သိရပါတယ်။ အဂတိ တိုက်ဖျက်ရေး ကော်မရှင်က ဝန်ကြီးကို အရေယူသင့်၊ မယူသင့် အကြောင်း ပြန်ကြားချက် မရသေးသည့် အချိန်၊ စိစစ်တဲ့ အချိန်ကာလမှာ ကော်မရှင်၏ အဖြေတခုကို မစောင့်ဆိုင်းပဲ တိုင်ကြားသည့် ကုမ္ပဏီ ၆ ခုကို အမည်ပျက် စာရင်း သွင်းရန် ဆုံးဖြတ်ခြင်းသည် မလုပ်သင့် ၊ မလုပ်ထိုက်သော ကိစ္စတခုပင် ဖြစ်ပါတယ်” ဟု လွှတ်တော်တွင် ဆွေးနွေးတင်ပြခဲ့သည်။
အမည်ပျက်စာရင်းသွင်းခံရသော မြောက်ဦးသေခံ ဆောက်လုပ်ရေး ကုမ္ပဏီ ၆ ခုမှာ မြောက်ဦး ရွှေနန်းမြေ ကုမ္ပဏီ၊ အနဉ္ဇာန အားမာန်ကုမ္ပဏီ၊ ဝတီရွှေမြေကုမ္ပဏီ၊ ဘဝသစ်အောင်ခိုင်ဦး ကုမ္ပဏီ၊ သီဟရာဇာထွန်း ကုမ္ပဏီနှင့် ကျော်လွှားသဇင် ကုမ္ပဏီ တို့ဖြစ် ကြောင်းလည်း သိရသည်။
အဆိုပါ မြောက်ဦးဒေသခံ ကုမ္ပဏီများသည် မြောက်ဦးမြို့နယ်အတွင်းက ဖျံကျဈေး အပါအဝင် တခြားသော လုပ်ငန်း စီမံကိန်းများအား တင်ဒါပေးသည့်အခါတွင် ခရိုင်တင်ဒါကြီးကြပ်ရေး ကော်မတီ ဥက္ကဋ္ဌ ဖြစ်သည့် ပြည်နယ် စီမံ/ဘဏ္ဍာဝန်ကြီး ဦးကျော်အေးသိန်းသည် ပွင့်လင်း မြင်သာမှုမရှိဘဲ တင်ဒါ စည်းကမ်းချက်များကို ချိုးဖောက်ကာ ၎င်းနှင့် နီးစပ်သည့် ကုမ္ပဏီကိုလက်သိပ်ထိုး ပေးလိုက် သည်ဟုဆိုကာ အဂတိ တိုက်ဖျက်ရေး ကောမရှင်ထံ တိုင်ကြားခဲ့ခြင်းလည်း သိရသည်။
ထိုသို့ တိုက်ကြားသည့်အတွက် အဂတိတိုက်ဖျက်ရေးကော် မရှင်သည် ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ ၉ ရက်နေ့က စစ်တွေမြို့သို့ လာရောက်ကာ တိုင်ကြားသည့် ကုမ္မဏီမှ ဒါရိုက်တာအဖွဲ့ဝင်များကို ခေါ်ယူ စစ်ဆေးခဲ့ကြောင်းလည်း ဦးထွန်းသာစိန်၏ ဆွေးနွေးချက်အရ သိရသည်။
ယင်း တိုင်ကြားချက်နှင့် ပတ်သက်ပြီး အဂတိတိုက်ဖျက်ရေး ကော်မရှင်အနေဖြင့် အရေးယူသင့်၊ မယူသင့် တစုံတရာ အကြောင်းပြန်ကြားချက် မရှိသည့် အချိန်တွင် ရခိုင်ပြည်နယ် အစိုးအဖွဲ့သည် ၂၀၁၉ ခုနှစ် ဒီဇင်ဘာလ ၁၄ ရက်နေ့ က ပြုလုပ်သော ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ကပ်ဘိနက် အစည်း အဝေးဆုံးဖြတ်ချက် အမှတ်စဉ် ၂ / ၂၀၁၉ ဖြင့် ယင်းတိုင်ကြားသည့် ကုမ္မဏီ ၆ ခုကို အမည် ပျက်စာ ရင်းသွင်းခဲ့ခြင်းသည် ဥပဒေနှင့် ညီညွတ်မှု ရှိမရှိကို သိလိုကြောင်း ဦးထွန်းသာစိန်က မေးခွန်း ထုတ်ခဲ့ခြင်းဖြစ်သည်။
ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဝင် စီမံ/ဘဏ္ဍန်ဝန်ကြီး ဦးကျော်အေးသိန်း ကတော့ ယင်းကုမ္ပဏီ များအား အမည်ပျက်စာရင်းသွင်းပြီး အရေးယူခြင်းမှာ ကုမ္ပဏီများ ဥပဒေအရ အရေးယူခြင်း မဟုတ်ဘဲ ရခိုင်ပြည်နယ် အစိုးရအဖွဲ့၏ စီမံခွင့် လုပ်ထုံး၊ လုပ်နည်း အတိုင်း အရေးယူခြင်းသာ ဖြစ်ကြောင်း လွှတ်တော်တွင် ဖြေကြားခဲ့သည်။
အစိုးရအနေဖြင့် ၎င်း ကုမ္ပဏီများအား အမည်ပျက်စာရင်းသွားရန် ဆုံးဖြတ်ခဲ့ခြင်းမှာ စည်းမျဉ်း စည်းကမ်းအပေါ် လိုက်နာ ဆောင်ရွက်ခြင်း မရှိခြင်း၊ လုပ်ငန်းများ အချိန်မီ ပြီးစီးအောင် ဆောင်ရွက်နိုင်မှု မရှိခြင်း၊ ပြည်နယ် အစိုးရအဖွဲ့မှ လုပ်ငန်း အပ်နှံရန် ယုံကြည်စိတ်ချမှုမရှိခြင်း စသည့် အကြောင်း အရာများကြောင့် အမည်ပျက် စာရင်းသွင်းရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်ဟု ဝန်ကြီး ကျော်အေးသိန်းက လွှတ်တော်တွင် ဖြေကြားပေးခဲ့သည်။
ဦးကျော်အေးသိန်း က “ရခိုင်ပြည်နယ် အစိုးရအနေနဲ့တော့ ဒေသအတွင်းမှာ အကောင်ထည် ဆောင်ရွက်လျှက်ရှိတဲ့ တချို့ ကုမ္ပဏီတွေကို မြန်မာနိုင်ငံ ကုမ္ပဏီ ဥပဒေပရ အရေးယူ ဆောင်ရွက်ခြင်းမျိုးမဟုတ်ဘဲ နိုင်ငံတော် စီမံကိန်းများ အချိန်မိ ပြီးစီးရေးနဲ့ နိုင်ငံတော် ဘဏ္ဍာငွေများ ဆုံးရှုံးများ မဖြစ်ပေါ်စေရေးတို့အတွက် ရခိုင်ပြည်နယ် အစိုးရအဖွဲ့ ဆုံးဖြတ်ချက်နဲ့ စီမံခွင့် နည်းလမ်း အတိုင်း အမည်ပျက်စာရင်း သွင်းခဲ့ခြင်း ဖြစ်ပါတယ်” ဟု လွှတ်တော်တွင် ဖြေကြားခဲ့သည်။
ရခိုင်ပြည်နယ်အစိုးရအနေဖြင့် မြောက်ဦးဒေသခံ ကုမ္ပဏီ ၆ ခု အပါအဝင် ကျောက်တော်၊ ရသေ့တောင် မြို့နယ်အတွင်းမှ ကုမ္ပဏီ များကိုလည်း အရေးယူခဲ့ကာ စုစုပေါင်း ကုမ္ပဏီ ၁၁ ခုကို အမည် ပျက်စာရင်း သွင်းကာ အရေးယူ ဆောင်ရွက်ထားကြောင်း ဝန်ကြီး ဦးကျော်အေးသိန်းက ဖြေကြားခဲ့သည်။
ရခိုင်ပြည်နယ်အစိုးရအဖွဲ့ စီမံ/ဘဏ္ဍာ ဝန်ကြီး ဦးကျော်အေးသိန်း၏ ဖြေကြားချက်မှာ မေးခွန်းနှင့် အဖြေ လွဲနေသည်ဟုဆိုကာ လွှတ်တော်ကိုယ်စားလှယ် ဦးထွန်း သာစိန်က လွှတ်တော်တွင် ထပ်ဆင့် မေးခွန်းမေးမြန်းခဲ့သည်။
ဦးထွန်းသာစိန် က “ဝန်ကြီးဖြေတဲ့ အဖြေထဲမှာ ယုံကြည်စိတ်ချမှု မရှိ ၊ စည်းကမ်းဖောက်ဖျက်တဲ့ ကုမ္ပဏီများ ဆိုတဲ့ အချက်တွေပဲ ပါပါတယ်။ နောက်ပြီးတော့ အခု အမည်ဖျက်သွင်းလိုက်ခြင်းမှာ အချိန်မီပြီး စီးရေး၊ နိုင်ငံတော် ဘဏ္ဍာငွေ မဆုံးရှုံးစေရေး ဆိုတဲ့ အစိုးရအဖွဲ့ ဆုံးဖြတ်ချက်နဲ့ ဆုံးဖြတ် တာဆိုပြီး တွေ့ရပါတယ်။ ကျနော်မေးလိုတဲ့ မေးခွန်းက မမှန်မကန် တိုင်ကြားပြီးတော့ သက်သေ ထွက်ဆိုတဲ့အတွက် အမည်ဖျက်စာရင်းသွင်းခြင်းသည် ဥပဒေနှင့် ညီမညီ ဆိုတဲ့ မေး ခွန်းကိုပဲ မေးတာ ” ဟု လွှတ်တော်တွင် ဆက်လက် မေးခွန်းထုတ်ခဲ့သည်။
ယင်းအပြင် ၂၀၁၉ ခုနှစ် ဇန်နဝါရီလ ၂၀ ရက်စွဲဖြင့်လည်း ရခိုင်ပြည်နယ် စည်ပင်သာ ယာရေး အဖွဲ့က မမှန်မကန် တိုင်ကြား ထွက်ဆိုသည် ဆိုသည့် အကြေင်း ပြချက်ဖြင့် ယင်း ကုမ္ပဏီများကို အမည်ပျက် စာရင်း သွင်းထားကြောင်းကို သိရှိလိုက်နာရန် မြို့နယ် ၂၀ မှ မြို့နယ် စည်ပင်အမှု ဆောင်အရာရှိများအား သိရှိလိုက်နာရန် ညွန်ကြား ထားသည့် စာရွက် စာတမ်း အထောက်အထား များကိုလည်း ရရှိထားကြောင်း ဦးထွန်းသာစိန်က လက်ဆက် တင်ပြခဲ့သည်။
ထို ထုတ်ပြန်ချက်မှာလည်း ယင်းသို့ မမှန် မကန်တိုင်ကြားထွက်ဆိုသည့်အတွက် အမည်ပျက်စာရင်း သွင်းရန် ဆုံးဖြတ်ခဲ့ကြောင်းကို အတိ လင်းလင်း ဖော်ပြထားသည်ကို သိရှိရသည့်အတွက် မေးခွန်း မေးသည့် အကြောင်းကိုသာ တိတိကျကျ ဖြေကြားပေးရန် ဦးထွန်းသာစိန်က ဆက်လက် မေးခွန်း ထုတ်မေးမြန်းခဲ့သည်။
ထိုထပ်ဆင့်မေးခွန်းအပေါ် ဝန်ကြီး ဦးကျော်အေးသိန်း က “ နိုင်ငံတော် ဘဏ္ဍာငွေ မဆုံးရူံးရအောင် စီမံခွင့် နည်းလမ်းအရ ကုမ္ပဏီတွေကို လိုအပ်ရင်၊ လိုအပ်သလို အရေးယူပေးရတာ ရှိပါတယ်။ ဒီ ကုမ္ပဏီ ၆ ခုနဲ့လည်း ကျနော်တို့ အစိုးရအဖွဲ့ ရေရှည်မှာ ဆက်လက်ပြီးတော့ ပူးပေါင်းဆောင်ရွက်လို့ မရတဲ့အနေအထား ဖြစ်နေပါတယ်။ အဓိက ယုံကြည်မှု မရှိတဲ့အတွက် ကျနော်တို့က ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပါတယ်” ဟု ဖြေကြားခဲ့သည်။
လွှတ်တော် ဥက္ကဋ္ဌ ဦးစံကျော်လှကမူ လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းသာစိန် အနေဖြင့် မမှန်မကန် တိုင်ကြားသည် ဆိုသည့် အကြောင်းပြချက်ဖြင့် ယင်း ကုမ္ပဏီ ၆ ခုကို အမည်ပျက်စာရင်းသွင်းရန် ရခိုင်ပြည်နယ် အစိုးရအဖွဲ့က ဆုံးဖြတ်ခဲ့သည် ဆိုသည့် သက်သေ အထောက်အထားကို တင်ပြရန် ပြောဆိုခဲ့သည်။
လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းသာစိန်က ၎င်း ရရှိထားသည့် စာရွက် စာတမ်းများကို တင်ပြခဲ့ရာ လွှတ်တေ်ာဥက္ကဋ္ဌ ဖတ်ရှု့ပြီး တိုင်ကြား၍ အမည်ပျက်စရင်းသွင်းရန် ဆုံးဖြတ်ခဲ့ခြင်းမာှ ထင်ရှားနေပြီ ဖြစ်သည့်အတွက် ဝန်ကြီးအနေဖြင့် မေးခွန်းမေးမြန်းသည့် အကြောင်းကိုသာ တိတိကျ ကျဖြေဆိုရန် လိုအပ်ကြောင်း ပြောဆိုခဲ့သည်။
လွှတ်တေ်ာဥက္ကဋ္ဌ ဦးစံကျော်လှ က “အစိုးရအဖွဲ့က ထုတ်ပြန်ထားတဲ့ စာရွက်စာတမ်း အထောက် အထားအရ ဆိုရင် အစိုးရအဖွဲ့ ဆုံးဖြတ်တဲ့ အထဲမှာ ဒီကုမ္ပဏီတွေကို မဟုတ်မမှန် တိုင်ကြားတဲ့ အတွက် အမည်ပျက်စာရင်းသွင်းတယ် ဆိုပြီးတော့ ဒါဆုံးဖြတ်ပြီးသား ဖြစ်နေတယ်။ မေးတာကလည်း ရှင်းရှင်းလင်းလင်းပဲ။ ဒီလို တိုင်ကြားတဲ့အတွက် ကုမ္ပဏီတွေကို အမည်ပျက်သွင်းတယ်ဆိုတာ ဥပဒေနဲ့ ညီ ၊ မညီဆိုတာ မေးထားတယ်။ Yes OR No ပဲ ဖြေရမယ် ။ ညီရင် ညီတယ်။ မညီဘူးဆိုရင် မညီဘူး ဖြေရမယ်။ အခု ဟာက မေးထားတဲ့ မေးခွန်းတခုဟာ လုံးဝ ပျေက်ဆုံးနေတယ်” ဟု ပြောဆိုခဲ့သည်။
အဂတိတိုက်ဖျက်ရေးကောမရှင်ထံ မဟုတ် ၊ မမှန် တိုင်ကြားထွက်ဆိုသည် ဆိုသည့် အကြောင်းပြ ချက်ဖြင့် အစိုးရအဖွဲ့က ယင်း မြောက်ဦးဒေသခံ ကုမ္ပဏီ ၆ ခုအား အမည်ပျက် စာရင်းသွင်းရန် ဆုံးဖြတ်ခဲ့ခြင်းမှာ သက်သေ ထင်ရှားနေပြီ ဖြစ်သဖြင့် ဝန်ကြီးတို့အနေဖြင့် မေးခွန်းအပေါ် တိတိကျကျ ဖြေကြားရန် လိုအပ်ကြောင်း ၊ ယခု မဖြေနိုင်ရင်းလည်း နောက်တကြိမ် အသေးစိတ်လေ့လာ ဆန်း စစ်ပြီး လွှတ်တော်သို့ တင်ပြပေးရန် လွှတ်တော်ဥက္ကဌ မှာကြားခဲ့သည်။
စီမံ/ ဘဏ္ဍာဝန်ကြီး ဦးကျော်အေး သိန်းအား ပြီးခဲ့သော ၂၀၁၈ ခုနှစ် အတွင်းက တာဝန်မှ ရပ်စဲနိုင်ရန် လွှတ်တော်တွင် စွတ်စွဲပြစ်တင်မှုများ ရှိခဲ့သော်လည်း သတ်မှတ်ထားသည့် မဲအရေအတွက် မရရှိသဖြင့် စွပ်စွဲချက် မအောင်မြင်ခဲ့ပေ။
ဆက်စပ်ဖတ်ရှုရန် – ရခိုင်စီမံ/ဘဏ္ဍာဝန်ကြီးအမှု အဂတိကော်မရှင် စတင် စစ်ဆေး
ရခိုင်ဝန်ကြီး ၂ ဦး အဂတိကော်မရှင်ထံ တိုင်ကြားခံရ