နိုင်ငံတော် လျှို့ဝှက်ချက် ဥပဒေဖြင့် ထောင်ဒဏ် ချမှတ်ခံထားရသည့် ရိုက်တာ သတင်းထောက် ၂ ဦး၏ အမှုကို ထက်မံ အယူခံဝင်တော့မည် မဟုတ်ကြောင်းနှင့် နိုင်ငံတော် သမ္မတ၏ လွတ်ငြိမ်းချမ်းသာကိုသာ မျှော်လင့်လျက်ရှိကြောင်း မိသားစုဝင်များက ဆိုသည်။
World Press Freedom Day အထိမ်းအမှတ်အခမ်းအနားတစ်ရပ်ကို ရန်ကုန်မြို့၊ ဆူးလေဘုရားလမ်းရှိ Sule Shangrila Hotel တွင် ယနေ့ ကျင်းပခဲ့ပြီး သိပ္ပံနှင့် ယဉ်ကျေးမှု အဖွဲ့ (UNESCO)ကပေးအပ်သည့် Guillermo Cano Press Freedom ဆုကို ရရှိခဲ့သူ ကိုဝလုံးနှင့် ကိုကျော်စိုးဦးတို့၏ ဇနီးသည်များက ယခုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
ကိုဝလုံး၏ ဇနီးဖြစ်သူ မပန်းအိမွန် က “တရားရုံးကနေပြီးတော့ တရားသေလွှတ်မပေးတဲ့အတွက် ကျမတို့အရမ်းကို ဝမ်းနည်းရပါတယ် စိတ်လည်းမကောင်း ဖြစ်ရပါတယ်။ အခုဆိုရင်တော့ ဒီအမှုက အားလုံးလည်း အဆုံးသတ်သွားပါပြီ။ ကျမတို့အနေနဲ့ နောက်ထက်အယူခံကို မတက်တော့ပါဘူး။ သမ္မတကြီးရဲ့ လွတ်ငြိမ်းချမ်းသာခွင့်ကိုပဲ ကျမတို့ မိသားစုဝင်တွရော သူတို့နှစ်ယောက်ရော မျှော်လင့်နေပါတယ်” ဟု ပြောသည်။
UNESCO က ပေးအပ်ချီးမြှင့်ခဲ့သည့် Guillermo Cano Press Freedom ဆုကို ရရှိခဲ့သူ ကိုဝလုံးနှင့် ကိုကျော်စိုးဦးတို့၏ ဇနီးသည်များက ဆုပေးအပ်ခဲ့သည့် အတွက် ကျေးဇူးတင်ရှိကြောင်း ခင်ပွန်းသည်တို့၏ အမှာစကားကိုလည်း ကိုယ်စားဖတ်ကြားပေးခဲ့သည်။
ရိုက်တာသတင်းထောက် ၂ ဦး၏ အမှု အယူခံကို ပြည်ထောင်စု တရားလွှတ်တော်ချုပ်က ဧပြီလ ၂၃ ရက်နေ့တွင် ပလပ်ခဲ့ခြင်းဖြစ်သည်။
ရိုက်တာသတင်းထောက် ၂ ဦး ဖြစ်သည့် ကိုဝလုံး နှင့် ကိုကျော်စိုးဦးတို့ကို နိုင်ငံတော် လျှို့ဝှက်ချက် အက်ဥပဒေ ပုဒ်မ ၃(၁) (ဂ) ဖြင့် ရန်ကုန် မြောက်ပိုင်းခရိုင် တရားရုံးက ၂၀၁၈ ခုနှစ် စက်တင်ဘာ ၃ ရက် က ထောင်ဒဏ် ၇ နှစ်စီ အမိန့် ချမှတ်ခဲ့သည်။
“စာနယ်ဇင်းလွတ်လပ်ခွင့်ဟာ ကမ္ဘာတလွှားမှာဆိုရင် ခြိမ်းခြောက်ခံနေရပါတယ်။ ဒါကြောင့်မို့လို့ စာနယ်ဇင်း လွတ်လပ်ခွင့်ကို ဆက်ပြီးတော့ အားပေးထောက်ခံပေးဖို့ သူတို့အနေနဲ့တောင်းဆိုချင်ပါတယ်” ဟု ကိုဝလုံး၏ ဇနီးဖြစ်သူ မပန်းအိမွန်က ကိုယ်စားဖတ်ပြခဲ့သည်။
ကိုကျော်စိုးဦး၏ ဇနီးမချစ်စုဝင်းကလည်း “သူတို့ နှစ်ယောက်ကို အမြန်ဆုံးလွတ်မြောက်ပေးမယ်လို့ မျှော်လင့်ယုံကြည် နေပါတယ်။ မိသားစုတူတူဆုံစည်းခွင့် ရှိမယ်လို့လည်း အခုချိန်ထိ ယုံကြည်နေပါတယ်” ဟုဆိုသည်။
လက်ရှိ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အစိုးရလက်ထက်တွင် သတင်းမီဒီယာသမားများအပေါ် တရားစွဲဆိုမှု ၃၁ မှုအထိ ရှိပြီး ၄၇ ဦးမှာ တရားရင်ဆိုင်နေရကြောင်း နှင့် ယင်းသို့ တရားစွဲဆိုသူများတွင် အစိုးရဝန်ထမ်းများမှ ၁၈ မှု ၊ တပ်မတော်က တရားစွဲဆိုထားသောအမှု ၄ မှု၊ အခြားသူများက တရားစွဲဆိုထားမှု ၉ မှု ရှိကြောင်း အသံ(လွတ်လပ်စွာ ထုတ်ဖော်ပြောဆို ခွင့် လှုပ်ရှားမှုအဖွဲ့) ထုတ်ပြန်ချက်အရ သိရသည်။
သတင်းသမားများကို တရားစွဲဆိုရာတွင် ဆက်သွယ်ရေးဥပဒေကို အသုံးပြုမှု အများဆုံးဖြစ်ပြီး မတရားအသင်း ဥပဒေ၊ မြန်မာနိုင်ငံ အစိုးရလျှို့ဝှက်ချက် အက်ဥပဒေ၊ ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၅၀၀ နှင့် ၅၀၅ (ခ)၊ သတင်းမီဒီယာ ဥပဒေ အစရှိသည့် ဥပဒေများနှင့်လည်း တရားစွဲဆိုလေ့ ရှိကြောင်း အသံ(လွတ်လပ်စွာ ထုတ်ဖော်ပြောဆို ခွင့် လှုပ်ရှားမှုအဖွဲ့) က တွေ့ရှိချက်ကို ထုတ်ပြန်ထားသည်။
ဆက်စပ်ဖတ်ရှူရန် – ရိုက်တာ သတင်းထောက် ၂ ဦး၏ အမှု ပြင်ဆင်ချက်အယူခံ တရားလွှတ်တော်ချုပ် ပယ်ချ