ရခိုင်ပြည်နယ် ရသေ့တောင် မြို့နယ် ကျောက်တန်း ကျေးရွာ၌ မေလ ၁ ရက်နေ့ ညဉ့်နက်ပိုင်းက ရုန်းရင်းဆန်ခတ် ဖြစ်ပွားမှု အတွင်း တပ်မတော်က ပစ်ခတ်သည့် အတွက် ရွာသား ၆ ဦး သေဆုံးခဲ့ပြီး ၈ ဦး ဒဏ်ရာ ရရှိကြောင်း သတင်း ရရှိသည်။
တပ်မတော် သတင်းမှန် ပြန်ကြားရေး အဖွဲ့မှ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက အဆိုပါ ဖြစ်စဉ်တွင် ရွာသား ၆ ဦး သေဆုံး ပြီး ၈ ဦးဒဏ်ရာရရှိသည်ကို အတည်ပြုကြောင်း၊ စစ်ဆေးရန် ထိန်းသိမ်းထားသော ရွာသားများက လူအုပ်ဖြင့် အော် ဟစ် ပြီး သေနတ်လုရန် ကြိုးစားလာသည့်အတွက် မလွှဲမရှောင်သာ၍ ပစ်ခတ်ခဲ့ရခြင်း ဖြစ်ကြောင်း ဧရာဝတီသို့ ပြော သည်။
ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက“ဒီနေ့ မနက် ၁ နာရီလောက်မှာ အဲဒီအထဲမှာ လုံခြုံရေး ယူထားတဲ့ ရဲနဲ့ တပ်က အဖွဲ့တွေ ကို အော်ဟစ်လာတယ်။ တိုက်ခိုက်လာတဲ့ အတွက်ကြောင့် လူစု၊ လူဝေးနဲ့ ပတ်သက်ပြီးတော့ ဆောင်ရွက်ရမယ့် အနေ အထားနဲ့ ပထမ သတိပေးတာတွေ လုပ်တယ်။ ပြီးရင် မိုးပေါ်ထောင်ပစ်တယ်။ ရပ်မသွားဘူး၊ လုံခြုံရေး အဖွဲ့ဝင် သေနတ်တွေကိုတောင် လုဖို့ကြိုးစားတဲ့ အထိ ဖြစ်လာတယ်။ အဲဒီအတွက် မလွှဲမရှောင်သာ ပြန်လည် ပစ်ခတ်ရတာ ရှိ တယ်”ဟုလည်း ပြောပြသည်။
လက်ရှိအချိန်တွင် ဒဏ်ရာရရှိခဲ့သည့် ရွာသား ၈ ဦးကို စေတီပြင် တိုက်နယ်ဆေးရုံမှတဆင့် စစ်တွေသို့ ယူဆောင် လာ ကြောင်း၊ သေဆုံးသွားသည့် ရွာသား ၆ ဦး၏ အလောင်းများသည် ကျေးရွာအတွင်း၌ပင် ရှိသေးကြောင်း၊ ရွာသားများ သည်လည်း ပိတ်ဆို့ စစ်ဆေး ခံနေရသေးကြောင်း ဒေသခံများက ပြောသည်။
ကျောက်တန်း ကျေးရွာမှ အမျိုးသမီးတဦးက“မနေ့က ညဉ့် ၂ နာရီလောက်မှာ ဘုန်းကြီးကျောင်းနားက လက်နက်ကြီး ပစ်သံ ၅ ချိန်းလောက် ရတယ်။ အဲဒီနောက်ပိုင်း ရွာသားတွေကို ဖမ်းထားတဲ့ စာသင်ကျောင်းထဲက လက်နက်ကြီး ပစ် ခတ် သံ ၂၀ ကျော်လောက် ရပါတယ်။ ဘာဖြစ်မှန်းတော့ မသိဘူး။ မိုးလင်းတာနဲ့ ရွာသား ၆ ဦးသေဆုံးတယ် လို့ပဲ ကြား ရပါတယ်”ဟု ဧရာဝတီသို့ ပြောသည်။
ယင်းသို့ အခင်းမဖြစ်ပွားခင် လက်နက်ကြီး ပစ်ခတ်သံ ကြားရပြီးနောက် ဖမ်းဆီးခံ ရွာသား ၁ ဦးက ထိတ်လန့် အော်ဟစ် မှု ပြုလုပ်ကြောင်း၊ ထို့နောက်ပိုင်းတွင် တပ်မတော်ဘက်က ပစ်ခတ်မှု ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း ဒေသခံ ရွာသားများက ပြောဆိုသည်။
ရွာသားများကို ဖမ်းထားသော စာသင်ကျောင်း အနီးတွင် နေထိုင်သည့် အမျိုးသမီးတဦးက“လက်နက်ကြီး ပစ်ခတ်သံ ကြားရတဲ့ နောက်ပိုင်းမှာ အဖမ်းခံရလို့ သွေးပျက်နေတာ တယောက်ရှိတယ်။ အားလုံးသေမယ်။ ပြေးကြ၊ ပြေးကြ ဆိုပြီး ညဉ့်အချိန် ထအော်တယ်။ ကျမတို့ အိမ်ကလည်း သူအော်တာကို ကြားရပါတယ်။ အဲဒီမှာ သေနတ် ပစ်သံတွေ ကို ကြားရတာပဲ”ဟု ဧရာဝတီသို့ ပြောသည်။
ကျောက်တန်း ကျေးရွာသို့ ဧပြီလ ၃၀ ရက်နေ့ မွန်းလွဲပိုင်းက တပ်မတော်သားများ ရောက်ရှိလာပြီး အသက် ၁၀ နှစ် အထက် အမျိုးသားများကို အစည်းအဝေးခေါ်ကြောင်း၊ အစည်းအဝေး မတက်ရောက်ဘဲ လူဦးရေ စစ်ဆေးစဉ် ရွာထဲ တွင် တွေ့ရှိသူများကို တာဝန်ယူမည် မဟုတ်ကြောင်း၊ ရွာဆော်မှ တဆင့် ထိုသို့ လှည့်လည် အော်ခိုင်းကြောင်း ကျေးရွာသား များက ဆိုသည်။
ကျေးရွာသားများ အစည်းအဝေး တက်ရောက်ရန် စာသင်ကျောင်းထဲသို့ ရောက်ရှိသည့် နောက်ပိုင်းတွင် တပ်မတော် သား များနှင့် ရဲတပ်ဖွဲ့ဝင်များက ကျေးရွာအတွင်းသို့ ဝင်ရောက်ပြီး လူဦးရေစာရင်း စစ်ဆေးကြောင်းလည်း သိရသည်။
ယင်း လူဦးရေ စာရင်း စစ်ဆေးခြင်းသည် ညနေ ၅ နာရီ ၃၀ မိနှစ်ခန့်တွင် ပြီးစီးသွားသော်လည်း အသက် ၁၅ နှစ် အောက် လူငယ်များနှင့် အသက် ၅၀ အထက် လူကြီးများကိုသာ ပြန်လွှတ် ပေးလိုက်ကြောင်း ကျေးရွာသားများက ပြောပြသည်။
ဧပြီလ ၂၈ ရက်နှင့် ၃၀ ရက်တို့တွင် ဘူးသီးတောင် မြို့နယ် အရှေ့ဘက် ၁၀ မိုင်၊ ၁၅ မိုင်ခန့်အကွာ လောရမ တောင် တန်းတွင် တပ်မတော်နှင့် ရက္ခိုင့် တပ်မတော် (AA) တို့ တိုက်ပွဲဖြစ်ပွားခဲ့ရာ AA စခန်းတချို့ကို သိမ်းဆည်း ရမိ ခဲ့ကြောင်း ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောသည်။
ထိုဖြစ်စဉ်မှ တိမ်းရှောင်သွားသော AA တပ်ဖွဲ့ဝင်တချို့ ကျောက်တန်းရွာသို့ ရောက်ရှိနေသည် ဆိုသည့် သတင်း ရရှိ ထား၍ စစ်ဆေးခဲ့ရာ မသင်္ကာဖွယ်ရာ အမျိုးသား ၂၇၅ ဦးကို တွေ့ရှိရသည့် အတွက် ထိန်းသိမ်း စစ်ဆေးနေခြင်း ဖြစ်ပြီး AA အဖွဲ့နှင့်ပတ်သက်မှု မရှိသူများကို ပြန်လွှတ်ပေးမည် ဖြစ်ကြောင်းလည်း ၎င်းက ဆက်လက် ပြောကြားသည်။
လက်ရှိတွင်လည်း ကျောက်တန်း ကျေးရွာအား လူအဝင်အထွက် မခံဘဲ ပိတ်ဆို့ စစ်ဆေးနေသည့် အတွက် ဒေသခံ များက စိုးရိမ် ထိတ်လန့်မှုများ ဖြစ်ပွားလျက် ရှိကြောင်း သိရသည်။
မေလ ၁ ရက်နေ့ မွန်းလွဲပိုင်းက ရသေ့တောင် မဲဆန္ဒနယ် အမှတ် (၂) မှ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးတင်မောင်ဝင်း နှင့် လူမှုအဖွဲ့အစည်းများသည် ကျောက်တန်း ကျေးရွာသို့ သွားရောက်ခဲ့ရာ တပ်မတော်သားများက တားမြစ်ခဲ့၍ ရွာထဲသို့ မဝင်ခဲ့ရဘဲ ပြန်လှည့်လာခဲ့ရသည်ဟု ဆိုသည်။
ဦးတင်မောင်ဝင်းက“ရွာသားတွေက အကူအညီတောင်းလို့ ကျနော်တို့ မနေ့က သွားရောက်ခဲ့တယ်။ ရွာထဲသို့ အဝင်မခံ ဘူး။ တပ်က တားတယ်။ ကျနော်က ကျနော့် မဲဆန္ဒနယ်က လူတွေနဲ့ လာတွေ့တာပါ ဆိုတော့ သူတို့က အထက် အမိန့် အရ ဝင်ခွင့်မရဘူးလို့ ပြောတယ်။ ကျန်တဲ့ လူတွေ ဝင်ခွင့်မပေးရင်လည်း ကျနော် တယောက်တည်းပဲ ဝင်ပါမယ်။ သူတို့ နဲ့ ခဏလောက် တွေ့ခွင့် ပေးပါဆိုတာကို ဝင်ခွင့် မရခဲ့ပါဘူး”ဟု ဧရာဝတီသို့ ပြောသည်။
ဖမ်းဆီးထားသည့် ကျေးရွာသားများအား လက်ရှိ လုပ်ကိုင် ဆောင်ရွက်နေမှု အခြေအနေနှင့် ပတ်သက်ပြီး ဧရာဝတီက မေးမြန်းခဲ့ရာ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက“အိမ်ထောင်စု စာရင်းနဲ့ စစ်ဆေးနေပါတယ်။ အဲဒီအထဲမှာ ပဏာမ စစ်ဆေး ချက် အရ အဲဒီအထဲက ထွက်ပြေးလာတဲ့ အမာခံတွေလည်း ပါတယ်။ တကယ်လို့ အကြောင်း အမျိုးမျိုးကြောင့် ရပ်ဝေး က ရောက်နေတဲ့ လူတွေလည်း ရှိနိုင်တယ်။ အဲဒါတွေကိုလည်း သက်ဆိုင်မှု မရှိရင်၊ မရှိသလို ဥပဒေအရ ပြန်လွှတ်ပေး မှာပါ”ဟု ဖြေကြားသည်။
ထို့ပြင် ဖမ်းဆီးစစ်ဆေးနေသည့် အချိန်သည် ယနေ့ဆိုလျှင် ၃ ရက် မြောက်နေပြီ ဖြစ်သည့် အတွက် AA အဖွဲ့နှင့် ပတ်သက်ကြောင်း တွေ့ရှိသူ၊ ပတ်သက်မှု မရှိကြောင်း တွေ့ရှိသူ အရေအတွက် မည်သို့ စစ်ဆေးတွေ့ရှိထားပါ သလဲဟု ဗိုလ်မှူးချုပ် ဇော်မင်းထွန်းအား မေးမြန်းရာ ၎င်းက“အဲဒီလိုမျိုးတော့ အတိအကျ မသိရသေးဘူး။ ပါတယ်ဆိုတာ လောက် ပဲ ကျနော်တို့ သိရပါတယ်”ဟုလည်း ပြန်လည် ဖြေကြားသွားသည်။