နမ့်ခမ်းမြို့ပေါ်က အိမ်တအိမ်ကို လက်နက်ကိုင် လူတစုမှ ဓါးပြဝင်တိုက်
ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့ပေါ်ရှိ အိမ်တအိမ်ကို လက်နက် (သေနတ်) ငယ်များ ကိုင်ဆောင် ထားသည့် အရပ်ဝတ် လူတစုက ဝင်ရောက်ဓားပြတိုက်မှုဖြစ်ပွားခဲ့ကြောင်း ကယကံရှင် မိသားစုက ဧရာဝတီသို့ ပြောသည်။
သေနတ်ကိုင်ဆောင်ထားသည့် အရပ်ဝတ် လူ ၆ ဦးသည် မေ ၁ ရက်နေ့ မွန်းလွဲပိုင်းက နမ့်ခမ်းမြို့၊ အောင်မေတ္တာရပ် အမှတ် (၁၄) ရပ်ကွက်အတွင်းရှိ ဦးစိုး
သူ ပိုင်ဆိုင်သည့် နေအိမ်သို့ အရပ်ဝတ်ဖြင့် လူ ၆ ဦးသည် ဆိုင်ကယ် ၃ စီးဖြင့် ရောက်ရှိလာပြီး ဓားပြတိုက်သွားခြင်းဖြစ်သည်။
ဓါးပြတိုက်ခံရသည့် အိမ်ပိုင်ရှင် ဦးစိုးသူ ၏ အစ်မက “အိမ်ထဲမှာ ရှိတဲ့ အမျိုးသား ၂ ယောက်ကို လက်ထိပ် ခတ်တယ်၊ ကလေးလေးတွေနဲ့ ကျောင်းနေအရွယ် ကလေး ၅-၆ ယောက်ရှိတယ်။ အမျိုးသမီး ၃-၄ ယောက်က အိမ်ပေါ်ထပ်မှာ ပုန်းနေတယ်။ ပြီးတော့ ပိုက်ဆံနဲ့ ရွှေယူသွား တယ်” ဟု ဧရာဝတီသို့ ပြောသည်။
ယင်းဖြစ်စဉ်တွင် ရွှေဆွဲကြိုး ၂ ကုံး၊ မြန်မာငွေ ၆၅ သိန်း၊ တရုတ်ငွေ ယွမ် ၂၀၀၀ နှင့် ဖုန်း ၁ လုံး ပါသွားကြောင်း အိမ်ရှင်က ပြောသည်။
အိမ်ရှင်ဖြစ်သူ ဦးစိုးသူ အိမ်ပြန်လာချိန်တွင် အိမ်ရှေ့တွင် သေနတ်များ ထုပ်ပိုးသယ်ဆောင်လာသည့် ဂုံနီအိတ်ခွံများ တွေ့သဖြင့် အိမ်တွင်းသို့ လက်နက်ကိုင် အဖွဲ့များ ဝင်ရောက်နေပြီဟု သတိထားမိသဖြင့် ရဲနှင့် ပြည်သူ့စစ်များကို အကြောင်းကြားခဲ့ကြောင်းသိရသည်။
ထို့နောက် ပြည်သူ့စစ်များက အရင်ရောက်လာပြီး ဓားပြတိုက်သူများနှင့် အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး ဓားပြတိုက်သူများ ထွက်ပြေးသွားသည်ဟု ဆိုသည်။
အိမ်ရှင်ဦးစိုးသူ၏ အစ်မက “ဖုန်းတွေဆက်ပြီး အကူအညီ တောင်းတဲ့အခါမှာ ပြည်သူ့စစ်စခန်းက သတင်းရပြီးတော့ ဆင်းလာတယ်၊ အဲမှာ သူတို့ ကင်းသမားနဲ့ ပစ်ကျတယ်၊ ဒီဘက်ကလည်း လူပါမသွားအောင် ကလေးတွေလည်း မထိခိုက်အောင် ပြန်ပစ်တာပေါ့၊ ဒါပေမယ့် ကိုယ့်အိမ်ထဲဆိုတော့ ထိန်းပစ်ကျတာ အရမ်းပစ် ဝင်လို့မရဘူး သူတို့ကကျတော့ ၇-၈ ချက် လောက်ကို ပစ်တယ်” ဟု ပြောသည်။
မိသားစုဝင်များက ဓါးပြတိုက်သူများသည် ပလောင်စကား ပြောကြခြင်းနှင့် လွန်ခဲ့သည့် ၁၀ ရက်လောက် ကလည်း ၎င်းတို့နှင့် အမျိုးတော်စပ်သူ တဦး၏ အမျိုးသားကိုလည်း ဖမ်းဆီးသွားကြ သူများဖြစ်ပြီး တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) ဖြစ်သည်ဟု စွပ်စွဲထားသည်။
TNLA မှ အထွေထွေ အတွင်းရေးမှူး ဗိုလ်မှူးချုပ် တာဘုန်းကျော်ကတော့ နမ့်ခမ်း-မူဆယ် နယ်စပ်တွင် လက်နက်ကိုင် တပ်ဖွဲ့ပေါင်းစုံ ရှိသည့်အတွက် ပြောရခက်ခဲကြောင်း၊ ယခုဖြစ်စဉ်နှင့် ပတ်သက်ပြီးတော့ TNLA တပ်ဖွဲ့ဝင်များ ဟုတ်/မဟုတ် အောက်ခြေကို စိစစ်နေကြောင်း ဧရာဝတီသို့ ပြောသည်။
ဗိုလ်မှူးချုပ် တားဘုန်းကျော် က “အဲဒီမှာက ကျနော်ထင်တယ် လက်နက်ကိုင်အဖွဲ့တွေက ပြည်သူ့စစ်တွေလည်းများတယ်၊ လူမျိုးပေါင်းစုံလည်း ရှိတယ်၊ သေသေချာချာ ဘယ်အဖွဲ့ပါလို့ ပြောဖို့ခက်မယ်ထင်တယ်၊ ကျနော်တို့လည်း စိစစ်နေတယ်၊ ကျနော်တို့ အဖွဲ့ ဟုတ် မဟုတ်၊ ဒီလုပ်ဆောင်ချက်က ဘယ်လိုမျိုး လုပ်ဆောင်ချက်လဲဆိုတာ စောင့်ကြည့် စိစစ်နေဆဲဖြစ်ပါ တယ်” ဟု ဧရာဝတီသို့ ပြောသည်။
၎င်းက ဆက်၍ “တခုရှိတာက မူဆယ်-နမ့်ခမ်း နယ်စပ်မှာက လက်နက်ကိုင် တပ်ဖွဲ့တွေလည်း အများကြီး လက်နက်ကိုင် အဖွဲ့ထဲမှာလည်း ကျနေ်ာတို့ တအန်း လူမျိုးတွေလည်း များတယ်လေ၊ တရုတ်တွေရော၊ ရှမ်းတွေရော အမျိုးမျိုးရှိတော့ အဖွဲ့ပေါင်းစုံထဲက ဖြစ်နိုင်တယ်။ အခုက ဘာဝတ်စုံမှ မဝတ်ဘူးဆိုတော့ တော်တော် ခန့်မှန်းရတာ ခက်တယ်၊ ကျနော်တို့လည်း အောက်ခြေအဆင့်ကို စိစစ်နေဆဲပါပဲ” ဟု ပြောသည်။
လက်ရှိတွင် နမ့်ခမ်းမြို့မရဲစခန်းမှာ လုယှက်တိုက်ခိုက်ခံရသည့် အိမ်ရှင်များက ဓါးပြမှုနှင့် အဓမ္မချုပ်နှောင်စေမှု တို့ဖြင့် အမှုဖွင့် တိုင်ကြားထားကြောင်း ဆိုသည်။
နမ့်ခမ်းမြို့မရဲစခန်းသို့ ဧရာဝတီက ဆက်သွယ် မေးမြန်းသော်လည်း တုန့်ပြန် ဖြေဆိုမှု မရှိသဖြင့် သီးခြား အတည်ပြုချက်ကို ဖော်ပြနိုင်ခြင်း မရှိသေးပါ။