ထိုင်းနိုင်ငံတောင်ပိုင်း၊ ဖူးခက်မြို့ စူပါချိ ကုန်တိုက် အနီး မြန်မာရွှေ့ပြောင်း အလုပ်သမားများ နေထိုင်သည့် နာခါတန်းလျားတွင် မေလ ၃ ရက်နေ့ ညတွင် ကျင်းပရန် စီစဉ်ထားသည့် ဘဒ္ဒန္တ ဝိစိတ္တာဘိဝံသ ဝီရသူ ၏ တရားပွဲအား ထိုင်းအာဏာပိုင်များက တားဆီးသဖြင့် ရပ်နားလိုက်ရကြောင်း သိရသည်။
ဖူးခက်ရှိ ရွှေ့ပြောင်းအလုပ်သမားများက ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးများ ပင့်ဖိတ်ကာ လစဉ်ကဲ့သို့ တရားပွဲများ ကျင်းပလေ့ရှိပြီး မန္တလေးမြို့ မစိုးရိမ်တိုက်သစ်ကျောင်းမှ ဦးဝီရသူ ဟောပြောမည့် ယခုအကြိမ်တွင်မှ ပိတ်ပင်ခံရခြင်း ဖြစ်ကြောင်း သိရသည်။
အရှင်ဝီရသူ ဓါတ်ပုံနှင့် တရားပွဲ ကြော်ငြာ ဖိတ်စာ လူမှုကွန်ရက် Facebook စာမျက်နှာတွင် လွန်ခဲ့သည့် ၄-၅ ရက်က ပ့ျံနှံ့လာပြီးနောက်၊ တရားပွဲအား ထောက်ခံသူနှင့် ကန့်ကွက်သူတို့အကြား သဘောထားကွဲလွဲမှုများ ရှိလာခဲ့သလို တရားပွဲ အကြောင်းအရာနှင့် ပတ်သက်၍ ထိုင်းအမျိုးသား လုံခြုံရေးစီမံကွပ်ကဲရေးဌာနက ထိုင်းနိုင်ငံတောင်ပိုင်းရှိ မြန်မာအဖွဲ့ အစည်းများထံ စုံစမ်းလာမှုများရှိကြောင်း ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်းမှ ဒါရိုက်တာ ဦးထူးချစ်က ဆိုသည်။
ထို့အတူ ဖူးခက်အခြေစိုက် ရွှေ့ပြောင်းအလုပ်သမားအရေး ဆောင်ရွက်နေသည့် အဖွဲ့များကလည်း စိုးရိမ်ကာ ဆက်သွယ်လာမှုများ ရှိသဖြင့် ယနေ့တွင် ဖူးခက်ဒေသဆိုင်ရာ ထိုင်းအမျိုးသားလုံခြုံရေး ကော်မီတီ နှင့် သာသနာရေးဝန်ကြီးဌာနတို့ထံ ဆက်သွယ်စုံစမ်းရာ ထိုင်းအစိုးရ သက်ဆိုင်ရာဌာနဆိုင်ရာများက အဆိုပါ တရားပွဲကို ခွင့်မပြုဟု ဆုံးဖြတ်ခဲ့ကြောင်း ပြောဆိုသည်ဟု ၎င်းက ဆိုသည်။
ဦးထူးချစ် က “ထိုင်းအမျိုးသားလုံခြုံရေးကော်မတီက အကြောင်းကြားလာတာက သူတို့အဖွဲ့ပေါင်းစုံ အစည်းဝေး လုပ်ပီးပီ။ သူတို့က တရားပွဲကို ပိတ်တာမဟုတ်ပါဘူးတဲ့။ (အရှင် ဝီရသူက) ပြဿနာ ဖြစ်နိုင်တဲ့ ဘုန်းကြီးမို့လို့ ပိတ်တာတဲ့။ တခြား ပြဿနာမရှိနိုင်တဲ့ ဘုန်းကြီးတွေဆိုရင်တော့ ကျနော်တို့ ခွင့်ပြုပါတယ်တဲ့။ အဲလိုအကြောင်း ကြားလာတယ်” ဟု ဧရာဝတီသို့ ပြောဆိုသည်။
ဖူးခက်တွင် တခြား မွန်၊ ထားဝယ် ဘုန်းတော်ကြီးများကိုလည်း ပင့်ဖိတ်ကာ တရားပွဲများ မကြာခန ကျင်းပလေ့ရှိတတ်ပြီး၊ ယခုအကြိမ် တရားပွဲဖိတ်စာတွင်မူ ရွှေ့ပြောင်းအလုပ်သမားများကြားတွင် သဘောထားကွဲလွဲမှုများ ရှိလာသည်ဟု သိရသည်။
“တချို့အဖွဲ့တွေက လုံး၀ သဘောမတူဘူးပေါ့။ ဘာလို့လဲဆိုတော့ ဖူးခက်က တကယ့် ထိုင်း မွတ်ဆလင်တွေ အများဆုံး ရှိတဲ့နေရာ၊ မြန်မာမွတ်ဆလင်တွေလည်း အများကြီး အလုပ်လုပ်ကြတဲ့ နေရာဖြစ်တယ်လေ။ ပြဿနာ ဖြစ်သွားခဲ့လို့ရှိရင် တကယ်ခံရမှာက မြန်မာရွှေ့ပြောင်း အလုပ်သမားတွေပဲ ခံရမှာ။ ဒါကြောင့်မို့ တချို့ ရွှေ့ပြောင်း အလုပ်သမား အရေး လုပ်တဲ့ အဖွဲ့အစည်းတွေ လူပုဂ္ဂိုလ်တွေကလည်း အဲဒါကို သိပ်သဘောမကျဘူး” ဟု ဦးထူးချစ် က ရှင်းပြသည်။
တရားပွဲအကျိုးဆောင် တဦးဖြစ်သည့် ကိုဟိန်းသူက ၎င်းတို့အနေဖြင့် အရှင်ဝီရသူနှင့် နီးစပ်သူများမှ တရားပွဲ လုပ်ချင်ကြောင်း ပြောဆိုလာသဖြင့် ကူညီခြင်းသာဖြစ်ပြီး၊ ဖူးခက်ရှိ မြန်မာ အသိုင်းအဝိုင်းမှ မနှစ်သက်ကြသူများ ရှိခြင်းကြောင့် တရားပွဲ မလုပ်ဖြစ်တော့ခြင်းသာဖြစ်ကာ ထိုင်းအာဏာပိုင်များကြောင့် မဟုတ်ဟု ဧရာဝတီသို့ ပြောဆိုသည်။
ကိုဟိန်းသူက အကျိုးတော်ဆောင်များ အနေဖြင့် မည်သည့်ဆရာတော် ကြွလာသည်ဖြစ်စေ ၎င်းတို့က တရားပွဲ ဖြစ်မြောက်ရန် စီစဉ်ပေးလေ့ရှိသည် ဟု ဆိုသည်။
ကိုဟိန်းသူ က “အများမနှစ်သက်တဲ့ပွဲဆိုရင် အဆင်မပြေလောက်ဘူးဆိုပြီး ကျနော်တို့က သူ့ဒကာတွေကို ဒီလို ဒီလိုပဲ တရားပွဲတော့ လုပ်ဖြစ်မှာမဟုတ်ဘူး။ နောက်ဆုတ်ပေးလို့ရရင် နောက်ဆုတ်ပေးလိုက်ပါလားဆိုပြီး ပုံစံနဲ့ နောက်ဆုတ် လိုက်တာ။ ဟိုလူကဖျက် ဒီလူကဖျက် ဆိုတာမျိုး ဘာမှမရှိဘူးခင်ဗျ။ ကျနော်တို့ ဒီတရားပွဲလုပ်တာ အမြဲတမ်း အစဉ်အလာ အစဉ်အဆက် လုပ်နေတာ။ ဆရာတော် ဘယ်သူဘယ်ဝါ မခွဲဘူး” ဟု ရှင်းပြသည်။
၎င်းက ဆက်၍ “ကျနော်တို့အနေနဲ့ကတော့ ကျန်တဲ့အပိုင်းတော့မသိဘူး။ ဒီရောက်လာရင် ဆရာတော်ကို ကျနော်တို့ လျှောက်မယ်ပေ့ါ ဆရာတော် နိုင်ငံရေးမဟောပါနဲ့လို့။ တရားဆို တရားပဲ ဟောပေးပါ။ ဘယ်လိုပြဿနာ ဖြစ်လာနိုင်တယ်ဆိုတာ ခန့်မှန်းလို့မရဘူးပေါ့” ဟု ဆိုသည်။
ဖူးခက်ကျွန်းတွင် တရားဝင်မှတ်ပုံတင်ထားသည့် စာရင်းအရ မြန်မာရွှေ့ပြောင်းအလုပ်သမား ၂ သိန်းကျော် ရှိပြီး၊ မွတ်ဆလင် လူဦးရေများပြားသည့် ထိုင်းနိုင်ငံတောင်ပိုင်း ဒေသလည်း ဖြစ်သည့်အတွက် မွတ်ဆလင် ဆန့်ကျင်ရေး ဟောပြောပွဲများဖြင့် နာမည်ကျော်ကြားသည့် အရှင်ဝီရသူ လာရောက်ဟောပြောပါက နောက်ဆက်တွဲ ပြဿနာများ ဖြစ်ပေါ်လာမည်ကို စိုးရိမ်ကြသည်ဟု ရွှေ့ပြောင်းအလုပ်သမားအရေး ဆောင်ရွက်နေသည့် အဖွဲ့အစည်းများက ဆိုသည်။
ဖူးခက်အခြေစိုက် ရွှေ့ပြောင်းအလုပ်သမားရေးရာ အဖွဲ့တခုဖြစ်သည့် အဒမ်မန်ချစ်ကြည်ရေးအဖွဲ့ ဒါရိုက်တာ ဦးအောင်နိုင် က “Facebook မှာ တရားပွဲ ကြေငြာ တက်လာတော့ ကျနော်တို့တွေ့တယ်။ နောက် ထိုင်းပြည်တွင်း လုံခြုံရေး ကွပ်ကဲရေးဌာနက ကျနော်တို့ဆီ မေးလာတာလည်း ရှိတယ်။ နောက်ပြီး ဒီ(အရှင်ဝီရသူ)ဓါတ်ပုံက ဂူဂဲလ်ကနေ ရှာရင်လည်း သူ့နဲ့ဆိုင်တဲ့ အချက်လက်တွေ ထွက်လာတယ်။ ကျနော့်ပုဂ္ဂလိက အမြင်ကတော့ ဒီဟာ (တရားပွဲ) မဖြစ်သင့်ဘူး” ဟု ဆိုသည်။
၎င်းက ဆက်၍ “ဘာကြောင့်လဲဆို ဒီလိုမျိုး ပြဿနာရှိနေတဲ့ ကိုယ်တော်တပါးကို ပင့်ဖိတ်လိုက်တဲ့အခါ မထင်မှတ်ပဲ ပြဿနာ တခုခု တက်လာမယ်ဆိုရင်၊ မဖြစ်ခဲ့ရင် ကောင်းတယ်။ ဖြစ်ခဲ့ရင် ကျနော်တို့ ဒီမှာ ရှိတဲ့ ရွှေ့ပြောင်း အလုပ်သမား တွေရဲ့ နောက်ပိုင်း လုပ်ငန်းတွေမှာ ထိခိုက် နစ်နာမှာစိုးတယ်။ ဒီမှာရှိတဲ့ စစ်မှန်တဲ့ ဘာသာရေး လုပ်ငန်းပွဲတွေ အတွက် အခက်အခဲဖြစ်သွားမှာ စိုးတာ တခုပါပဲ။ ဒီအတွက် ကျနော်တို့ ကန့်ကွက်တာပါ” ဟု ရှင်းပြသည်။
မြန်မာရွေ့ပြောင်းအလုပ်သမားများ အနေဖြင့် ထိုင်းနိုင်ငံမှ သတ်မှတ်ထားသည့် စည်းမျဉ်း စည်းကမ်းများအတိုင်း နေထိုင်ရန် လိုအပ်ကြောင်းနှင့် ဘာသာရေးပွဲများ ပြုလုပ်လိုပါက ဒေသခံ အာဏာပိုင်များနှင့် စနစ်တကျ ညှိနှိုင်းဆောင်ရွက်ရန် လိုကြောင်း ဦးထူးချစ်ကလည်း တိုက်တွန်းသည်။
ထိုင်းအာဏာပိုင်များအနေနှင့် ဘာသာရေးပွဲများအား တားမြစ်နေခြင်းမဟုတ်ဘဲ ပြဿနာမဖြစ်နိုင်သည့် ဘုန်းတော်ကြီးများအား ခွင့်ပြုမည် ဟုအကြောင်းကြားထားကြောင်း ၎င်းက ဆိုသည်။