ဘိန်းအစားထိုး စိုက်ပျိုးခြင်း လုပ်ငန်းများ စနစ်တကျ ဆောင်ရွက်ရန်နှင့် ဘိန်း အများဆုံး စိုက်ပျိုးရာ ဒေသများတွင် စဉ် ဆက်မပြတ် ဖွံ့ဖြိုး တိုးတက်ရန် ပြည်ထောင်စု အစိုးရသို့ တိုက်တွန်းကြောင်း အဆိုကို လွှတ်တော်က လက်ခံ ဆွေးနွေးမည် ဖြစ်သည်။
မေလ ၂ ရက်က ကျင်းပသည့် ပြည်သူ့ လွှတ်တော် အစည်းအဝေးတွင် မြန်မာနိုင်ငံရှိ ဘိန်းအများဆုံး စိုက်ပျိုးရာ ဒေသ များတွင် စဉ်ဆက် မပြတ်ဖွံ့ဖြိုးရန် အတွက် အစိုးရ ပူးပေါင်း ဆောင်ရွက်မှုဖြင့် ပုဂ္ဂလိက လုပ်ငန်းရှင်များအား ဖိတ်ခေါ်ပြီး ဘိန်း အစားထိုး စီမံကိန်းများ စနစ်တကျ ဆောင်ရွက်နိုင်ရန် ပြည်ထောင်စု အစိုးရအား တိုက်တွန်းကြောင်း အဆိုကို ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်နှင်းသစ် တင်သွင်းသည့် အဆိုကို လွှတ်တော်မှ ဆွေးနွေးရန် လက်ခံလိုက်ခြင်း ဖြစ် သည်။
“ဘိန်းစိုက် တောင်သူဆိုတာ မိရိုးဖလာလုပ်ငန်းအဖြစ် နှစ်ပေါင်းများစွာက လုပ်ကိုင်ခဲ့ကြတာကြောင့် သူတို့ရဲ့လူမှုစီးပွား ဘဝ လို့လည်း ဆိုနိုင်ပါတယ်။ ဒါပေမယ့် ဘိန်းစိုက်ပျိုးမှုဟာ ဥပဒေနဲ့ မညီညွတ်ဘူး။ နိုင်ငံ့ဂုဏ် သိက္ခာကို များစွာ ထိခိုက်သလို နိုင်ငံသားတွေ အတွက်လည်း ကြီးမားတဲ့ အန္တရာယ် ဖြစ်စေပါတယ်”ဟု ဒေါ်ခင်နှင်းသစ်က လွှတ်တော်သို့ တင်ပြခဲ့သည်။
မြန်မာနိုင်ငံတွင် ဘိန်းစိုက်ပျိုးခြင်း အကြောင်းတရားများမှာ နယ်မြေ ငြိမ်းချမ်းမှု မရှိခြင်း၊ လုံခြုံမှု မရှိခြင်း၊ လမ်းပန်း ဆက် သွယ်ရေး ခက်ခဲခြင်း၊ တရားဥပဒေ စိုးမိုးမှု နည်းခြင်း၊ ဒေသခံ ပြည်သူများ ဝင်ငွေ နည်းပါးခြင်း၊ အခြား ဘဝရပ်တည်မှု ရနိုင်မည့် လုပ်ငန်းများ မရှိခြင်း၊ ရာသီဥတု ပထဝီဝင် အနေအထားများက ဘိန်းစိုက်ရန် ပံ့ပိုးပေးနေခြင်း၊ ဘိန်းအစားထိုး သီးနှံ စိုက်ပျိုးသော်လည်း ဈေးကွက် မရှိသဖြင့် တွက်ချေ မကိုက်ခြင်း၊ စရိတ်ကြီးမားမှု ရင်ဆိုင်ရခြင်း တို့ကြောင့် ဖြစ် ကြောင်း ဒေါ်ခင်နှင်းသစ် က ဆိုသည်။
ဘိန်းစိုက်ပျိုးခြင်းသည် မြန်မာနိုင်ငံ၏ ဥပဒေနှင့် ကိုက်ညီမှု မရှိသော်လည်း မြို့နယ်ပေါင်း ၅၁ မြို့နယ်တွင် ဘိန်းစိုက်ပျိုး သည့် မိသားစုပေါင်း ၃ သိန်းခန့် ရှိနေကြောင်း၊ ထိုကြောင့် ၎င်းတို့ မိသားများ၏ ဘဝ ရပ်တည်နိုင်ရန် အတွက် လိုအပ်ချက် များကို ဖြည့်ဆည်းပေးရန် လိုအပ်ကြောင်း၊ ဘိန်းအစားထိုး စိုက်ပျိုးမည့် သီးနံှများ ဈေးကွက်ရရှိရန်အတွက် လိုအပ် ကြောင်း၊ လိုအပ်သည့် အထောက်အပံ့များ ပေးရန် လိုအပ်ကြောင်း၊ အမျိုးသားရေး စီမံချက် တရပ်အနေဖြင့် ဖွံ့ဖြိုး တိုး တက်ရေး အစီအစဉ်များ၊ ပညာပေး ဆောင်ရွက်မှုများ ပြုလုပ်ပေးသင့်ကြောင်း ဒေါ်ခင်နှင်းသစ်က လွှတ်တော်သို့ တင်ပြ ဆွေးနွေးသွားသည်။
မြန်မာနိုင်ငံ အတွင်းရှိ ရှမ်းပြည်နယ်သည် ဘိန်းအများဆုံး စိုက်ပျိုးသည့် ဒေသ ဖြစ်ပြီး၊ အိမ်ထောင်စု ၁၀ စုတွင် တစုမှာ ဘိန်းစိုက်ပျိုးမှုများ ရှိနေကြောင်း၊ ကမ္ဘာတွင် အာဖဂန်နစ္စတန်ပြီးလျှင် မြန်မာနိုင်ငံသည် ဘိန်းထုတ်လုပ်မှု ဒုတိယ အများ ဆုံး ဖြစ်ပြီး တကမ္ဘာလုံး ဘိန်းထုတ်လုပ်မှု၏ ၁၄ ရာခိုင်နှုန်းကို မြန်မာနိုင်ငံမှ စိုက်ပျိုး ထုတ်လုပ်လျက် ရှိပြီး တနိုင်ငံလုံး ဘိန်းစိုက်ပျိုးမှု၏ ၉၀ ရာခိုင်နှုန်းကို ရှမ်းပြည်နယ်မှ စိုက်ပျိုးခြင်း ဖြစ်ကြောင်း သိရသည်။
စစ်ကိုင်း ဒေသကြီး လဟယ် မဲဆန္ဒနယ်မှ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးသက်နောင်ကလည်း အဆိုတင်ပြမှု ကောင်းသော်လည်း အချို့သော ကိစ္စရပ်များ ရှိနိုင်ကြောင်း၊ တိုင်းရင်းသား အများစုမှာ ဘိန်းကို စီးပွားဖြစ် စိုက်ပျိုးနေ သဖြင့် စီးပွားဖြစ် လုပ်ငန်း အနေဖြင့် အစားထိုး သီးနှံ စိုက်ပျိုးခြင်းမှာ အရေးကြီးကြောင်း၊ အချို့မိသားများမှာ ဘိန်းခင်းမှ ထွက်ရှိသည့် ဝင်ငွေဖြင့်သာ အသက်ရှင်နေသည့် သူများလည်း များစွာရှိနေကြောင်း ဧရာဝတီသို့ ပြောသည်။
ဦးသက်နောင်က“ကျနော်တို့ဘက်မှာက တခြား စိုက်ပျိုးသီးနံှမရှိတော့ အဓိက ဘိန်းကိုပဲ စီးပွားဖြစ် အနေနဲ့ စိုက်ပျိုးကြ တယ်။ ကျန်းမာရေး အဖြစ်လည်း ဆေးဝါး အဖြစ်မှီဝဲကြတယ်။ နောက်ပိုင်းကျတော့ အဲဒီဟာက လူကြီး၊ လူငယ် ကြားထဲနဲ့ ရွာတွေမှာ ဘိန်းမည်းကို မှီဝဲတဲ့ အပိုင်းက တော်တော် များများသွားတယ်။ အခု နောက်ပိုင်းမှာ ဒေသ ဦးစီး အဖွဲ့ရော၊ လွှတ် တော် ကိုယ်စားလှယ်တွေကပါ အကုန်လုံးက ပြန်ပြီး ရုန်းထွက်ကြဖို့ ပညာပေးလုပ်ငန်းတွေ လုပ်နေပါတယ်”ဟု ပြော သည်။
ယခုအခါ ပြည်နယ် အချို့ရှိ မြို့နယ် ၅၁ မြို့နယ်တွင် ဘိန်းစိုက်ပျိုးနေခြင်း၊ ထိုမှတဆင့် မူးယစ်ဆေးဝါး ထုတ်လုပ်ကာ လက်ဝယ် ထားရှိခြင်း၊ သယ်ဆောင်ဖြန့်ဖြူးခြင်း၊ ရောင်းဝယ် ဖောက်ကားခြင်း တို့ဖြင့် လူငယ်ထု အတွင်းသို့ အသွင် သဏ္ဌာန် မျိုးစုံဖြင့် ဝင်ရောက်လျက် ရှိကြောင်း သိရသည်။
“မူးယစ်ဆေးဝါး မှှုခင်းတွေကလည်း တနှစ်ထက် တနှစ် ပိုတိုးလာသလို ပြစ်ဒဏ် ကျခံနေရသူများ၏ ၅၀ ရာခိုင်နှုန်းခန့် သည် မူးယစ်ဆေးဝါးမှုတွေ ဖြစ်တဲ့ အပြင် အများစုက လူငယ်တွေ ဖြစ်နေပါတယ်။ ဒါ့အပြင် နှစ်ရှည်ထောင်ကျခြင်း၊ ပြန်လည် ထူထောင်ရေး လုပ်ဆောင်ပေးရခြင်း တို့ကြောင့် တိုင်းပြည် ဘဏ္ဍာများလည်း လွန်စွာ ဆုံးရှုံးနေပါတယ်”ဟု ဒေါ်ခင်နှင်းသစ်က ဆိုသည်။
နိုင်ငံတော် သမ္မတနှင့် နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်တို့ ကလည်း မူးယစ်ဆေးဝါး နှိမ်နင်းရန်နှင့် ပတ်သက်ပြီး လမ်းညွန် မှာကြားထားကြောင်း၊ ထို့ပြင် မူးယစ် အန္တရာယ် လျော့ပါးရေး အတွက် နိုင်ငံတော်က သုံးစွဲနေသည့် ဘတ်ဂျက်အား လေ့ လာပါက ၂၀၁၆-၂၀၁၇ ခုနှစ်တွင် တခု နှင့် ၂၀၁၈-၂၀၁၉ တွင်တခုသာ ရှိပြီး ဘိန်းအစားထိုး ဆောင်ရွက်သည့် ကိစ္စ အတွက် မပါဝင်သည်ကို တွေ့ရှိရကြောင်းနှင့် ၂၀၁၉ ခုနှစ်သည် စီမံကိန်းကာလ ဖြစ်သော်လည်း ဘတ်ဂျက် သုံးစွဲနိုင်မှု အလွန် နည်းပါးနေသေးကြောင်း ၎င်းက ပြောဆိုသည်။
“ဘိန်းစိုက် တောင်သူတွေရဲ့လူမှု စီးပွားဘဝ များစွာကို ပြောင်းလဲရမှာ ဖြစ်လို့ ဒီအရွေ့တခုကို အောင်မြင်နိုင်ဖို့ ဆိုရင် အစိုး ရ ဘတ်ဂျက်ကို လိုအပ်သလောက် မသုံးနိုင်တဲ့ အခြေအနေမှာ ပုဂ္ဂလိက လုပ်ငန်းရှင်တွေရဲ့ အင်အားကို ထည့်သုံးနိုင်ဖို့ ဖြစ်ပါတယ်”ဟု အဆိုရှင်က ဆက်လက် ပြောသည်။
ယင်းအဆိုကို ဘားအံ မဲဆန္ဒနယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဒေါ်နန်းသန်းသန်းလွင် က ထောက်ခံ ဆွေးနွေးခဲ့ ပြီး၊ အဆိုအား လွှတ်တော်တွင် လက်ခံ ဆွေးနွေးရန် သင့်မသင့် လွှတ်တော်၏ အဆုံးအဖြတ် ရယူရာတွင် ကန့်ကွက်သူ မရှိ သောကြောင့် အဆိုအား လွှတ်တော်မှ လက်ခံ ဆွေးနွေးမည် ဖြစ်ကြောင်း၊ အဆိုအား ဆွေးနွေးလိုသော လွှတ်တော် ကိုယ်စားလှယ်များ အနေဖြင့် မေလ ၃ ရက် နောက်ဆုံးထား၍ အမည်စာရင်း ပေးသွင်းနိုင်ကြောင်း လွှတ်တော် ဥက္ကဋ္ဌက ကြေညာခဲ့သည်။