ထိုင်းဘုရင်သစ် မဟာဗာဂျီရာလောင်ကွန်က ၎င်း၏ ကြင်ယာတော်ကို ထိုင်းမိဖုရားအဖြစ် စနေ့နေ့က ကျင်းပသော ရာဇဘိသိက်ခံယူ၍ နန်းတက်ပွဲတွင် မြှောက်စားချီးမြှင့်လိုက်သည်။
တော်ဝင်ဂေဇက်က ဗုဒ္ဓဟူးနေ့၌ သတင်းထုတ်ပြန်ရာတွင် “စုသီတာ ဗီဂျီရာလောင်ကွန်နာ အယုဒ္ဓယသည် အသက် ၆၆ နှစ်အရွယ်ရှိ ဘုရင်မင်းမြတ်နှင့် တရားဝင် ထိမ်းမြားလက်ထပ်လိုက်ပြီး စုသီတာမိဖုရားအဖြစ် ရောက်ရှိသွားပြီ ဖြစ်ကြောင်း” ဆိုထားသည်။
စုသီတာသည် အများပြည်သူမြင်ကွင်းတွင် ထွက်ပေါ်လာသည်မှာ ၃ နှစ်သာ ရှိသေးသော်လည်း ၎င်းနှင့်ပတ်သက်၍ တရားဝင် ထုတ်ပြန်ချက်နှင့် သတင်းဖော်ပြချက်မှာ ထိုင်းပြည်သူအများအပြားအတွက် အံ့အားသင့်သွားစေခဲ့သည်။ ၎င်းသည် အသက် ၄၀ ရှိပြီဟု သတင်းများတွင် ဆိုထားပြီး ထိုင်းနိုင်ငံတကာ လေကြောင်းလိုင်းတွင် ယခင်က လေယာဉ်မယ်အဖြစ် အလုပ်လုပ်ခဲ့ဖူးသည်။ ဘုရင်နှင့်၎င်းတို့သည် လေယာဉ်ခရီးစဉ် တခုတွင် ဆုံဆည်းခဲ့ကြောင်း သတင်းများက ဖော်ပြကြသည်။
စုသီတာသည် ၂၀၁၃ ခုနှစ်တွင် နန်းတော်လုံခြုံရေးဝန်ထမ်းအဖြစ် ရောက်ရှိခဲ့ပြီး ဘုရင့်ကိုယ်ရံတော်တပ်တွင် တပ်မှူးဖြစ်လာခဲ့ကာ လက်ရှိအနေအထားတွင် ၎င်းကို ဗိုလ်ချုပ်ကြီးတဦး ရာထူး အဆင့်ပေးထားသည်။ ယခု မိဖုရားအသစ်သည် ထိပ်တန်း တော်ဝင်အရိုက်အရာ များစွာကိုလည်း ရရှိပြီဖြစ်သည်။
ထိုင်းဘုရင်သစ် ဗီဂျီရာလောင်ကွန်သည် ယခင်က အိမ်ထောင် ၃ ဆက်ကျခဲ့ဖူးပြီး သားတယောက်ရသည့် ဇနီးဟောင်းနှင့် ၂၀၁၄ ခုနှစ်တွင် ကွာရှင်းခဲ့သည်။ ဖခမည်းတော် ထိုင်းဘုရင်မင်းမြတ် ဘူမိဘော အဒူလျာဒက် ၂၀၁၆ ခုနှစ်၊ အောက်တိုဘာလတွင် နတ်ရွာစံကံတော်ကုန်ပြီးနောက် ဗီဂျီရာလောင်ကွန်မှာ ဘုရင် အရိုက်အရာကို ဆက်ခံခဲ့သည်။
ဗုဒ္ဓဟူးနေ့က တော်ဝင်အမိန့်ထုတ်ပြန်ကြောင်း ထိုင်းရုပ်သံ ထုတ်လွှင့်မှုတွင် စုသီတာက ဘုရင့်ရှေ့မှောက်တွင် ဝပ်တွား ခစားနေပုံ ပါရှိခဲ့သည်။ ရုပ်သံအစီအစဉ် ကြေညာသူ၏အဆိုအရ ၎င်းက ဘုရင့်ထံ ပန်းနှင့် အမွှေးတိုင်များ ထည့်ထားသည့် လင်ဗန်း ဆက်သပြီးနောက် ဘုရင့်ထံမှ ၎င်းကို တော်ဝင် တန်ခိုးအာဏာနှင့် ထီးသုံးနန်းသုံး ဆုလာဘ်တော်များ ပြန်လည် ပေးသနားကြောင်း သိရသည်။
ရုပ်သံထုတ်လွှင့်မှုတွင် ဘုရင်သည် အဖြူရောင် ဝတ်စုံနှင့် မင်းမြှောက်တန်ဆာတို့ကို ဆင်မြန်းထားပြီး သတို့သမီးမှာ ပန်းရောင် ထိုင်းရိုးရာဝတ်စုံဖြင့် တွေ့ရသည်။ ၎င်းတို့၏ ထိမ်းမြားပွဲကို ဘန်ကောက်မြို့ရှိ ဘုရင့်နန်းတော်တွင် ဗုဒ္ဓဟူးနေ့က တရားဝင် ကျင်းပခဲ့ကြခြင်းဖြစ်သည်။
လက်ထပ်စာချုပ်စာအုပ်တွင် စုံတွဲနှစ်ဦး လက်မှတ်ရေးထိုးကြပြီး ဘုရင့်နှမတော် မင်းသမီးကြီး သီရိဒုံနှင့် ဘုရင့်အကြံပေး အဖွဲ့ခေါင်းဆောင် ပရမ်တင်စူလာနွန်ဒါတို့က အသိသက်သေနေရာတွင် လက်မှတ်ရေးထိုး ပေးကြသည်။
ထိုင်းဝန်ကြီးချုပ် ပရာယုချန်အိုချာနှင့် တခြား အဆင့်မြင့်အရာရှိကြီးများလည်း အဆိုပါအခမ်းအနားသို့ တက်ရောက်ခဲ့ကြသည်။
ကိုးကား ။ ။ AP, Bangkok Post