ရန်ကုန်မြို့တွင် ကိုရီးယား နိုင်ငံသူ တဦးကို ဆိုင်ကယ် ကယ်ရီသမားက ပစ္စည်း လုယက်သည့် အပြင် အဓမ္မပြုကျင့်ရန် ကြံစည်မှု ဖြစ်ပွားခဲ့ကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့က သိရသည်။
မေလ ၁ ရက်နေ့ ညနေပိုင်းက ဆူးလေရှိ ဟိုတယ် တခုတွင် တည်းခိုနေသည့် ကိုရီးယားနိုင်ငံသူ တဦးသည် သူငယ်ချင်း ဖြစ်သူအား အောင်မင်္ဂလာ အဝေးပြေးကားဝင်းသို့ လိုက်ပို့အပြီး အပြန် ကားငှားရာ ဘာသာစကား အခက်အခဲ ဖြစ်ပေါ်နေ စဉ် အနီးရှိ ဆိုင်ကယ် ကယ်ရီသမားက လိုက်ပို့ ပေးမည်ဟု ဆိုပြီး ပို့ဆောင်ပေးခဲ့ကြောင်း တွံတေး မြို့နယ် ခလောက်ချိုင့် ရဲစခန်းမှ စခန်းမှူး ရဲအုပ် သန်းဇော်ဦး က ဧရာဝတီကို ပြောသည်။
ထို့နောက် လှိုင်သာယာဘက်မှ တွံတေး မြို့နယ်ဘက်သို့ ခေါ်ဆောင်သွားကာ ယင်း အမျိုးသမီးတွင် ပါရှိသည့် ပစ္စည်းများ ယူသည့် အပြင် အဓမ္မ ပြုကျင့်ရန် ကြိုးစား အားထုတ်ခဲ့ကြောင်း ၎င်းက ဆိုသည်။
အမှုဖွင့်ရာတွင် လုယက်မှု ပုဒ်မ ပါရှိသော်လည်း မည်သည့် ပစ္စည်းများ ပါရှိသွားသည်ကိုမူ ရဲတပ်ဖွဲ့က ထုတ်ဖော် ပြောကြား ခြင်း မရှိပေ။
အဆိုပါ ဖြစ်စဉ် အတွက် ခလောက်ချိုင့် ရဲစခန်းတွင် မုဒိမ်းမှု၊ ပြစ်မှု ကျူးလွန်ရန် အားထုတ်မှု၊ ပစ္စည်းကို မရိုးဖြောင့်သော သဘောဖြင့် အလွဲသုံးစား ပြုမှု၊ နာကျင်စေမှု စသည့် ပုဒ်မ ၃၇၆/ ၅၁၁/ ၄၀၃/ ၃၂၃ တို့ဖြင့် အမှုဖွင့် ဆောင်ရွက်ထား ကြောင်း ရဲအုပ် သန်းဇော်ဦးက ပြောဆိုသည်။
၎င်းက“အခြေအနေကတော့ ဆေးစာတွေ၊ ဘာတွေ ရတဲ့ အခါမှာ ပုဒ်မ ပြောင်းချင်လည်း ပြောင်းသွားနိုင်မယ်။ အခုက တော့ ကျနော်တို့ ကနဦး အဲဒီ ပုဒ်မတွေနဲ့ပဲ အမှုဖွင့် ထားပါတယ်”ဟု ပြောသည်။
ယင်းသို့ ဖြစ်ပွားနေစဉ် ရုန်းကန် တွန်းတိုက်မှု ဖြစ်သဖြင့် ဆိုင်ကယ်သမားက ကိုရီးယား နိုင်ငံသူကို ထားခဲ့ပြီး ထွက်ပြေး သွား ကြောင်း၊ ကျူးလွန်သူကို ဖမ်းမမိသေးသော်လည်း ၎င်း၏ ဓာတ်ပုံများကို လှိုင်သာယာ မြို့နယ် အတွင်းရှိ ဓာတ်ဆီ ဆိုင် CCTV မှတ်တမ်းများမှ ရရှိထားပြီး ဖြစ်ကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့က သိရသည်။
အဆိုပါ ဆိုင်ကယ် ကယ်ရီသမားကို ဖမ်းဆီးရမိနိုင်ရေး အတွက် တိုင်းရဲတပ်ဖွဲ့ အနေဖြင့် ကြိုးစားနေပြီး နိုင်ငံခြားသား ဖြစ်စေ၊ ကိုယ့်နိုင်ငံသား ဖြစ်စေ ယခုကဲ့သို့ အမှုများ ထပ်မံ မဖြစ်ပွားရေး ဆောင်ရွက်လျက် ရှိသည်ဟု ရန်ကုန်တိုင်း ရဲတပ် ဖွဲ့မှ ဒုရဲမှူးကြီး လှရီက ပြောသည်။
၎င်းက“ကိုရီးယားနိုင်ငံသူကို ကယ်ရီသမားက အဓမ္မကျင့်ဖို့ ကြိုးစားတယ်။ ဟိုကလည်း ရုန်းကန် တုံ့ပြန်တယ်။ ကိုရီးယား နိုင်ငံသူရဲ့ ဆွဲကြိုးကလည်း အဲ့ဒီမှာ ပျောက်သွားတယ်။ ကယ်ရီသမားတွေ ဆိုတာလည်း လူပေါင်းစုံပဲဗျ။ ကောင်းရောင်း ကောင်းဝယ် လုပ်စားသူတွေလည်း ရှိပါတယ်။ အဲဒီထဲမှာ ရောင်တော်ပြန်(ပုံမှားရိုက်) ဒုစရိုက် ကျူးလွန်ချင်သူတွေလည်း ရှိတာပဲ။ ဒါမျိုး နောက်မဖြစ်အောင်တော့ ကျနော်တို့ တားဆီး ကာကွယ်ဖို့ လုပ်နေပါတယ်”ဟုလည်း ဆိုသည်။
ယခုလို ဆိုင်ကယ် ကယ်ရီသမား တချို့ နိုင်ငံခြားသူကိုပင် ပြစ်မှု ကျူးလွန်လာခြင်းသည် မြန်မာနိုင်ငံ၏ ပုံရိပ်ကို ထိခိုက် စေပြီး မြန်မာ့ ခရီးသွားလုပ်ငန်း အတွက်ပါ စိတ်မချရဟု သတင်းများ ထွက်ပေါ်လာခဲ့လျှင် မြန်မာနိုင်ငံ၏ နိုင်ငံခြား ဝင်ငွေ များကိုပင် ထိခိုက်သွားစေနိုင်ကြောင်း ရန်ကုန်တိုင်း လွှတ်တော် တရားစီရင်ရေး ကော်မတီ ဥက္ကဋ္ဌ ဖြစ်သူ ဦးမြင့်လွင်က ပြောဆိုသည်။
ထို့ပြင် မြန်မာနိုင်ငံသားများ သာမက နိုင်ငံခြားသားများ အထိ ပြစ်မှု ကျူးလွန်လာသည့် အတွက် ဥပဒေ အရ ထိထိ ရောက် ရောက် အရေးယူ ဆောင်ရွက်ရန် လိုအပ်ပြီး ဒုစရိုက် ကျူးလွန်သူများကို အမြန်ဆုံး ဖော်ထုတ်ရန် လိုအပ်သည်ဟု ၎င်းက ဆိုသည်။
ဦးမြင့်လွင်က“ဆိုင်ကယ် ကယ်ရီသမားတွေထဲမှာ ရိုးရိုးသားသား စီးပွားရှာသူတွေလည်း ရှိပါတယ်။ တချို့က ဆိုင်ကယ် ကယ်ရီ လုပ်ငန်းနဲ့ လုယက်ကြတာတွေလည်း ရှိတယ်။ ဆိုင်ကယ်က ရန်ကုန်မြို့မှာ လုံးဝ စီးခွင့် မပေးထားပေမယ့် စီးနေ ကြတာပဲ။ ကျနော့် အမြင်ကတော့ စည်းနဲ့ကမ်းနဲ့ ဖြစ်စေချင်တယ်။ ကယ်ရီသမားတွေကို သတ်သတ်မှတ်မှတ် လုပ်ပေး လိုက်ရင် ဒုစရိုက်မှု ဖြစ်လာရင် အလွယ်တကူ ဖော်ထုတ်နိုင်တာပေါ့။ နံပါတ် သတ်မှတ်ပြီး၊ သတ်မှတ် အင်္ကျီတွေ ဝတ် မထားဘူး ဆိုရင် စီးမယ့်သူတွေလည်း စီးရဲတော့မှာ မဟုတ်ဘူး”ဟုလည်း ပြောဆိုသည်။
ယခုလို ဆိုင်ကယ် ကယ်ရီသမားတချို့ ဒုစရိုက်မှု ကျူးလွန်လိုက်ခြင်းကြောင့် ရိုးသားစွာ စီးပွားရှာသူများကို ထိခိုက် လာ မည့်အရေး စိုးရိမ်စရာ အခြေအနေကိုလည်း ထည့်သွင်း စဉ်းစားရမည်ဟု ၎င်းက ဆက်လက်ပြောသည်။
ဦးမြင့်လွင်က“ဆိုင်ကယ် ၁၀ စီး ဖမ်းတယ်။ ၃ စီးလောက်ပဲ တရားဝင် ဒဏ်ငွေ ရိုက်တယ်။ ကျန်တာကို နားလည်မှုတွေနဲ့ ပြန်လွှတ်ပေးလိုက်တယ်။ အဲဒီလိုတွေ ကလည်း မဟုတ်ပြန်ဘူး။ ဒါမျိုးတွေ မရှိအောင်လည်း ကြပ်မတ်ဖို့ လိုတယ်။ မှန်မှန် ကန်ကန်နဲ့ စနစ်တကျ စီမံနိုင်ခဲ့ရင် ဒီလိုဟာမျိုး ဖြစ်စဉ်တွေက လျော့ကျလာမှာပါ”ဟု ပြောကြားသည်။