သတင်း

တနင်္သာရီ ဂျာနယ် အယူခံ ခရိုင် တရားရုံး ပလပ်

Want create site? Find Free WordPress Themes and plugins.

တနင်္သာရီ အပတ်စဉ် ဂျာနယ်တွင်“မဲဆွယ် အပြုံး”အမည်ရ သရော်စာ ဖော်ပြခဲ့မှုနှင့် ပတ်သက်၍ အပြစ်ရှိကြောင်း ထားဝယ် မြို့နယ် တရားရုံးက ပြစ်ဒဏ် ချမှတ်ခဲ့သည့် အပေါ် ဂျာနယ်ဘက်မှ ခရိုင် တရားရုံးသို့ အယူခံ တက်ထားသည်ကို ပလပ် လိုက်ကြောင်း သိရသည်။

ထားဝယ် မြို့နယ် တရားရုံး၏ ပြစ်ဒဏ် ချမှတ်မှုသည် မျှတခြင်း မရှိဟု ဆိုကာ တနင်္သာရီ ဂျာနယ်ဘက်မှ ထားဝယ် ခရိုင် တရားရုံးသို့ မတ်လ ၁၃ ရက်က အယူခံ လျှောက်ထားခဲ့ခြင်း ဖြစ်ပြီး ဧပြီ ၁၉ ရက်တွင် နှစ်ဖက် အပြီးသတ် လျှောက်လဲ ချက်ပေးပြီး နောက် ယနေ့ အမိန့်ချလိုက်ခြင်း ဖြစ်သည်။

ဂျာနယ်ဘက်မှ အမှုလိုက်ပါ ဆောင်ရွက်ပေးသူ တရားလွှတ်တော် ရှေ့နေ ဦးအောင်ဇာနည်စိုးက“မူလ ရုံးအမိန့်ကိုပဲ အတည် ပြုပြီး အယူခံမှုကို ပလပ် လိုက်တယ်။ ကျနော်တို့ အနေနဲ့ ကျေနပ် လက်ခံနိုင်လောက်တဲ့ စီရင်ချက်၊ မြို့နယ်ရုံးက ချမှတ်ထား တဲ့ စီရင်ချက် ပြောင်းလဲသွားမယ်လို့ မျှော်လင့်ခဲ့တယ်။ ဒါပေမယ့် အခု ချမှတ်လိုက်တဲ့ အမိန့်ကတော့ ကျနော်တို့ မျှော်လင့် သလို မဖြစ်ဘူးပေါ့” ဟု ဧရာဝတီကို ပြောသည်။

ယနေ့ ခရိုင် တရားရုံးက အမိန့် ချမှတ်ရန် သုံးသပ်ရာတွင် မူလရုံး(မြို့နယ်တရားရုံး)၏ သုံးသပ်ချက်များ မှားယွင်းခြင်း မရှိ ဟူသည့် အချက်ကို အဓိက ဖော်ညွှန်းပြီး သီးခြား အသစ် သုံးသပ်ခြင်း မရှိကြောင်း၊ မူလရုံးက ချမှတ်သည့် အမိန့် မှားယွင်း မှုမရှိသည့် အတွက် အယူခံကို ပလပ်ခြင်း ဖြစ်သည်ဟု အမိန့်ချသွားကြောင်း ၎င်းက ရှင်းပြသည်။

ဦးအောင်ဇာနည်စိုးက“ဒီအပေါ်မှာတော့ သီးခြား မှတ်ချက်မပေးလိုဘူး။ တရားရုံးတွေရဲ့သဘောကတော့ သူ့ရဲ့ ထင်မြင် ယူဆချက် သုံးသပ်ချက်နဲ့ အမိန့်ချတာ ဖြစ်တဲ့ အတွက် ကျနော်တို့ဘက်က လက်ခံနိုင်ဖွယ် မရှိဘူး ဆိုရင် ဒီထက် အဆင့် မြင့်တဲ့ တရားရုံးကို အယူခံတက်ဖို့ပဲ ရှိတယ်”ဟု ဆိုသည်။

ဆက်လက်၍ ၎င်းက ဥပဒေ ပြဋ္ဌာန်းချက် အရ ရက်ပေါင်း ၆၀ အတွင်း တိုင်းဒေသကြီး တရားလွှတ်တော်သို့ ဒုတိယ အယူခံ မှု လျှောက်ထား နိုင်သဖြင့် အမှုသည်နှင့် တိုင်ပင်ကာ အယူခံ ထပ်တက်သွားရန် ရှိကြောင်း ပြောဆိုသည်။

တနင်္သာရီ ဂျာနယ်ကို အပြစ်ရှိသည် ဟုဆိုကာ သတင်း မီဒီယာ ဥပဒေ ပုဒ်မ ၂၅(ခ) အရ ဒဏ်ငွေ ကျပ် ၅ သိန်း ပေး ဆောင်ရန် ထားဝယ်မြို့နယ် တရားရုံးက ၂၀၁၉ ဖေဖော်ဝါရီ ၁၈ ရက်တွင် အမိန့်ချခဲ့ခြင်း ဖြစ်သည်။

သတင်း မီဒီယာ ဥပဒေ ပုဒ်မ ၂၅ (ခ) သည် သတင်း မီဒီယာ ဥပဒေ ပုဒ်မ (၉) ကို ရည်ညွှန်းသည်။

သတင်း မီဒီယာ ဥပဒေ ပုဒ်မ ၉ (ဆ) တွင် အများပြည်သူ၏ အကျိုးစီးပွားနှင့် ဆက်စပ်သည့် သတင်း ရေးသားခြင်းမျိုး မဟုတ်လျှင် ပုဂ္ဂိုလ် တဦး၊ အဖွဲ့အစည်း တခု၏ ဂုဏ်သိက္ခာကို တမင် ထိခိုက်စေသော အရေးအသားနှင့် လူ့ အခွင့်အရေး ကို ထိခိုက်စေသော အရေးအသားမျိုး ဖော်ပြခြင်းမှ ရှောင်ကြဉ်ခြင်းဟု ပြဋ္ဌာန်းထားသည်။

အဆိုပါ သတင်း မီဒီယာ ဥပဒေ ပုဒ်မ ၉ (ဆ)ကို ဖောက်ဖျက်ပါက ပုဒ်မ၂၅(ခ) အရ ဒဏ်ငွေ အနည်းဆုံး ကျပ် ၃ သိန်းမှ ကျပ် ၁၀ သိန်း အထိ ချမှတ်ခံရမည် ဖြစ်မည်။

၂၀၁၇ နိုဝင်ဘာ ၂၀ ရက်ထုတ် တနင်္သာရီ ဂျာနယ်တွင် ဖော်ပြခဲ့သော ကလောင်ရှင် မူးဆေးအိုး၏‘မဲဆွယ်အပြုံး’ခေါင်းစဉ် ဖြင့် ရေးသားသည့် သရော်စာသည် ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ ဂုဏ်သိက္ခာကို ထိခိုက်သည်ဟုဆိုကာ အရေးယူပေးရန် နိုဝင် ဘာ ၂၃ ရက်တွင် တိုင်းအစိုးရ အဖွဲ့ရုံး ဒု ညွှန်ကြားရေးမှူးက ထားဝယ်မြို့နယ် တရားရုံးကို ဦးတိုက် လျှောက်ထားခဲ့ခြင်း ဖြစ်ပြီး ၂၀၁၇ ဒီဇင်ဘာလ အတွင်းတွင် သတင်း မီဒီယာ ဥပဒေပုဒ်မ ၂၅(ခ) ဖြင့် တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။

ထားဝယ်မြို့နယ် တရားရုံး၏ အမိန့်သည် တနင်္သာရီ ဂျာနယ် သာမက မြန်မာ့ သတင်းမီဒီယာ တခုလုံး၏ သတင်းရယူပိုင် ခွင့် နှင့် သတင်း လွတ်လပ်ခွင့်ကို မျက်ကွယ်ပြုသော စီရင်ချက် ဖြစ်၍ ကန့်ကွက် ရှုတ်ချကြောင်း သတင်းမီဒီယာ အဖွဲ့ အစည်း များက သဘောထား ကြေညာချက် ထုတ်ပြန်ခဲ့ကြသည်။

ဝါရင့် အမျိုးသမီး သတင်းစာဆရာ တဦးဖြစ်သူ ဒေါ်အေးအေးဝင်းက“လက်ရှိ မြန်မာနိုင်ငံမှာ သတင်းထောက်တွေကို ထောင်သွင်း အကျဉ်းချတာ၊ သတင်းမီဒီယာတွေကို တရားစွဲဆိုတဲ့ အခင်း အကျင်းကို ကြည့်လိုက်ရုံနဲ့ မြန်မာနိုင်ငံရဲ့ သ တင်း မီဒီယာ လွတ်လပ်ခွင့်က မကောင်းတဲ့ အလားအလာ ဆိုတာ သေချာတယ်။ ဒီမိုကရေစီစနစ်နဲ့ မအပ်စပ်တဲ့ ဟာတွေ မြင်နေရတော့ တော်တော်လေး စိတ်ပျက်မိတယ်”ဟု မှတ်ချက်ပြုသည်။

လက်ရှိ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဦးဆောင်သည့် အစိုးရ လက်ထက်တွင် သတင်း မီဒီယာသမားများ အပေါ် တရား စွဲဆိုမှု ၃၁ မှု အထိ ရှိပြီး ၄၇ ဦးမှာ တရား ရင်ဆိုင်နေရကြောင်း၊ ယင်းသို့ တရားစွဲဆိုသူများထဲတွင် အစိုးရ ဝန်ထမ်းများမှ ၁၈ မှု၊ တပ်မတော်က တရား စွဲဆိုထားသော အမှု ၄ မှု၊ အခြားသူများက တရားစွဲဆိုထားမှု ၉ မှု ရှိကြောင်း အသံ (လွတ် လပ်စွာ ထုတ်ဖော် ပြောဆိုခွင့် လှုပ်ရှားမှု)အဖွဲ့ က ထုတ်ပြန်ထားသည်။

သတင်းသမားများကို တရား စွဲဆိုရာတွင် ဆက်သွယ်ရေး ဥပဒေကို အသုံးပြုမှု အများဆုံး ဖြစ်ပြီး မတရား အသင်း ဥပဒေ၊ မြန်မာနိုင်ငံ အစိုးရ လျှို့ဝှက်ချက် အက်ဥပဒေ၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၀ နှင့် ၅၀၅(ခ)၊ သတင်းမီဒီယာ ဥပဒေ အစ ရှိသည့် ဥပဒေများနှင့် တရားစွဲဆိုလေ့ ရှိသည်။

ဆက်စပ် ဖတ်ရှုရန် –

တနင်္သာရီ ဂျာနယ် အယူခံဝင်မှု ခရိုင်တရားရုံး လက်ခံ

တနင်္သာရီ ဂျာနယ်ကို ဒဏ်ငွေ ၅ သိန်း ပေးဆောင်ရန် အမိန့် ချမှတ်

Did you find apk for android? You can find new Free Android Games and apps.
Loading