ကမ္ဘာ့ သတင်းလွတ်လပ်ခွင့်နေ့သို့ နိုင်ငံတော် အကြီးအကဲများ သဝဏ်လွှာပို့
ယနေ့တွင် ကျရောက်သည့် ကမ္ဘာ့သတင်း လွတ်လပ်ခွင့်နေ့ အခမ်းအနားကို မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီမှ ဦးစီးပြီး ရန်ကုန်မြို့တော်ခန်းမတွင် ကျင်းပခဲ့ပြီး အဆိုပါအခမ်းအနားသို့ နိုင်ငံတော်သမ္မတ၊ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်နှင့် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်တို့မှ သဝဏ်လွှာများ ပေးပို့ခဲ့ကြသည်။
သတင်း သမားများအနေဖြင့် အရည်အသွေးမြှင့်တင်ကြပြီး ဒီမိုကရေစီကိုကာကွယ်သော သူများအဖြစ် ကြိုးစားကြရန် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က တိုက်တွန်းခဲ့သည်။
ထို့ပြင်သမ္မတ ဦးဝင်းမြင့် က “နိုင်ငံတော်တည်ဆောက်ရေး လုပ်ငန်းစဉ်များ၊ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်များ အတွက် အနှောက်အယှက်ဖြစ်စေမည့် ပဋိပက္ခအကဲဆတ်မှုများ၊ သတင်းမှားများ၊ အမုန်းစကားများ၊ မျှတမှု မရှိသည့် တစ်ဖတ်သတ်သတင်းဖော်ပြမှုများကိုလည်း ကျင့်ဝတ်နဲ့အညီ စောင့်ထိန်းကျင့်သုံးပေးကြရန် လိုအပ်ပါသည်” ဟုလည်း သဝဏ်လွှာတွင် ထည့်သွင်းပြောကြားထားသည်။
မြန်မာနိုင်ငံသည် ပဋိပက္ခများ၊ မငြိမ်းချမ်းမှုများ၊ မတည်ငြိမ်မှုများ ကြီးထွားမလာစေရန် အထူးသတိထား ဆောင်ရွက်နေရသည့် အချိန်အခါဖြစ်သည့်အတွက် သတင်းသမားများ အနေဖြင့် ကြောင်းကျိုးသင့်မြတ် စဉ်းစားတတ်သည့် အလေ့အထများ ထွန်းကားမှုကို ကူညီဆောင်ရွက်ပေးကြရန် နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းခဲ့သည်။
နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ပေးပို့သည့် သဝဏ်လွှာတွင် သတင်းသမားများအနေဖြင့် မြန်မာ့လူ့အဖွဲ့အစည်းအတွင်း တရားသေအစွဲအလမ်းများ၊ တစ်ဖက်စောင်းနင်း အတွေးအခေါ်များ လျော့ပါးကာ ကြောင်းကျိုးသင့်မြတ် စဉ်းစားတတ်သည့် အလေ့အထများ ထွန်းကားရန်နှင့် ငြိမ်းချမ်း၍ တရားမျှတသော အားလုံးတန်းတူညီမျှပါဝင်ခွင့်ရသော လူမှုအသိုင်းအဝိုင်းများ ဖြစ်ပေါ်လာအောင် ဝိုင်းဝန်းကူညီဆောင်ရွက်ပေးကြပါရန် တိုက်တွန်းထားခြင်းဖြစ်သည်။
မြန်မာ့ဒီမိုကရေစီ ကူးပြောင်းမှုဖြစ်စဉ်တွင် တက်ကြွစွာပါဝင်ခဲ့ကြသည့် သတင်းစာဆရာကြီးများကို ချီးကျူး မှတ်တမ်းတင်ကြောင်းကိုလည်း နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်က သဝဏ်လွှာတွင် ထည့်သွင်းရေးသားခဲ့သည်။
တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကတော့ ကမ္ဘာ့လူ့အခွင့်အရေး ကြေညာစာတမ်း (UDHR) အပိုဒ် ၁၉ ၌ လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခွင့်ရှိသည် ဆိုသော်လည်း အပိုဒ် ၂၉ ၌ အခြားသူများ၏ အခွင့်အရေး၊ အများပြည်သူ အေးချမ်းသာယာရေး နှင့် အကျိုးစီးပွား ဖြစ်ထွန်းရေးတို့အတွက် ဥပဒေအရ သတ်မှတ်ထ ားသည့် ကန့်သတ်ချက်များ အတိုင်းသာ ကျင့်သုံးပိုင်ခွင့်ရှိကြောင်း ပြဌာန်းထားသည်ကိုလည်း သတိပြုကြရန် ၎င်း၏ သဝဏ်လွှာတွင် ပါရှိသည်။
အဆိုပါ သဝဏ်လွှာထဲတွင် “ဖွဲ့စည်းပုံ အခြေခံဥပဒေ ၂၀၀၈၊ ပုဒ်မ – ၃၅၄ တွင် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် ရေးသား ဖြန့်ဝေခွင့်တို့ကို ပြဌာန်းပြီးဖြစ်ပါသည်။ ၎င်းအခွင့်အရေးအား ရယူကျင့်သုံးရာတွင် နိုင်ငံသားတိုင်းသည် နိုင်ငံတော် လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး သို့မဟုတ် ပြည်သူတို့၏ ကိုယ်ကျင့်တရား အကျိုးငှာ ပြဌာန်းထားသည့်် ဥပဒေများနှင့် မဆန့်ကျင်စေရေး ၎င်းပြဌာန်းချက်၌ တိုက်တွန်းထားကြောင်း တွေ့ရပါမည်” ဟုလည်း ဖော်ပြထားသည်။
ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်က “မငြိမ်းချမ်း မငြိမ်သက်တဲ့ အနေအထားကနေပြီးတော့ ငြိမ်းချမ်းငြိမ်သက်တဲ့ အနေအထားကို သွားနေရတယ်။ တိုင်းပြည်ကိုလည်း ဒီမိုကရေစီအတွက် တည်ဆောက်နေရတဲ့ အကူးအပြောင်း ကာလမှာ တည်ငြိမ်တယ်လို့ ပြောလို့မရဘူး။ ဒီအနေအထားမှာ ထိခိုက်မှုတွေ အမျိုးမျိုးရှိနိုင်တယ်” ဟုပြောသည်။
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အစိုးရလက်ထက်တွင် သတင်းမီဒီယာသမားများအပေါ် တရားစွဲဆိုမှု ၃၁ မှုအထိ ရှိပြီး ၄၇ ဦးမှာ တရားရင်ဆိုင်နေရကြောင်း နှင့် ယင်းသို့ တရားစွဲဆိုသူများတွင် အစိုးရဝန်ထမ်းများမှ ၁၈ မှု ၊ တပ်မတော်က တရားစွဲဆိုထားသောအမှု ၄ မှု၊ အခြားသူများက တရားစွဲဆိုထားမှု ၉ မှု ရှိကြောင်း အသံ (လွတ်လပ်စွာ ထုတ်ဖော်ပြောဆို ခွင့် လှုပ်ရှားမှုအဖွဲ့) ထုတ်ပြန်ချက်အရ သိရသည်။
သတင်းသမားများကို တရားစွဲဆိုရာတွင် ဆက်သွယ်ရေးဥပဒေကို အသုံးပြုမှု အများဆုံးဖြစ်ပြီး မတရားအသင်း ဥပဒေ၊ မြန်မာနိုင်ငံ အစိုးရလျှို့ဝှက်ချက် အက်ဥပဒေ၊ ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၅၀၀ နှင့် ၅၀၅ (ခ)၊ သတင်းမီဒီယာ ဥပဒေ အစရှိသည့် ဥပဒေများနှင့်လည်း တရားစွဲဆိုလေ့ ရှိကြောင်း အသံ(လွတ်လပ်စွာ ထုတ်ဖော်ပြောဆို ခွင့် လှုပ်ရှားမှုအဖွဲ့) က တွေ့ရှိချက်ကို ထုတ်ပြန်ထားသည်။
ပြင်သစ်နိုင်ငံ အခြေစိုက် နယ်စည်းမခြား သတင်းသမားများ အဖွဲ့ (RSF) အဖွဲ့၏ နှစ်ပတ်လည် သတင်းလွတ်လပ်ခွင့် အညွန်းကိန်းအရ မြန်မာနိုင်ငံ သတင်းမီဒီယာလွတ်လပ်ခွင့် အဆင့်အတန်းသည် ကမ္ဘာ့တဝန်း နိုင်ငံပေါင်း ၁၈၀ အနက် အဆင့် ၁၃၈ တွင် ရပ်တည်နေပြီး လက်ရှိ အနေအထားသည် ယခင်နှစ်ကထက် တဆင့် နိမ့်ကျ သွားသည်ဟု ဖော်ပြထားသည်။
မြန်မာနိုင်ငံ၏ သတင်းစာလွတ်လပ်ခွင့် အခြေအနေသည် ၂၀၁၃ ခုနှစ်မှ ၂၉၁၇ ခုနှစ်အတွင်း အဆင့် ၂၀ မြင့်တက်ခဲ့သော်လည်း ယခုအခါ ကျဆင်းလာသည့် အခြေအနေဖြစ်ပေါ်နေသည်ဟု ဆိုထားသည်။