ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ ကျောက်တန်းကျေးရွာတွင်း တပ်မတော်က ဖမ်းဆီထားသည့် အရပ်သား ၂၇၅ ဦးအနက် ၁၃၁ ဦးကို ရက္ခိုင်စစ်တပ် (AA) နှင့် ပတ်သတ်မှု ရှိမရှိ ဆက်လက် စစ်ဆေးနေသည်ဟု သတင်းရရှိသည်။
အဆိုပါ သတင်းအချက်အလက်ကို မေ ၃ ရက်နေ့ မွန်းလွဲပိုင်းက နေပြည်တော်တွင် ကျင်းပသည့် တပ်မတော် သတင်းစာ ရှင်းလင်းပွဲတွင် တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောဆိုခြင်း ဖြစ်သည်။
ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက “ကျန်တဲ့ လူတွေကို ပဏာမ စစ်ကြောချက်အရ AA တပ်ဖွဲ့ဝင်များ ပါပါတယ်။ AA နဲ့ ပတ်သတ်သူတွေ ပါပါတယ်။ သုံးမျိုးသုံးစားပဲရှိပါတယ်။ AA တပ်ဖွဲ့ဝင်တွေ AA နဲ့ပတ်သတ်တဲ့ သူတွေ နံပါတ် (၁) နံပါတ် (၂) ကျနော်တို့ လုပ်ထုံးလုပ်နည်းအတိုင်း ရဲမှာအမှုဖွင့်ပါမယ်။ တရားရုံးမှာ စွဲတင်လို့ ရရင် စွဲတင်ပါမယ်” ဟု ပြောသည်။
၁၃၁ ဦးကို ထပ်မံစစ်ဆေးပြီး သံသယကင်းပါက လွှတ်ပေးပါမည်ဟု ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောသည်။
ဧပြီ ၃၀ ရက်က ကျောက်တန်းကျေးရွာတွင်း အသက် ၁၀ နှစ်အထက်နှင့် အသက် ၅၀ အောက် အမျိုးသား ၂၇၅ ဦးကို ဖမ်းဆီး စစ်ဆေးခဲ့သည်။
မေ ၁ ရက်၊ မနက် ၂ နာရီတွင် ပစ်ခတ်ခံရမှုကြောင့် ဖမ်းဆီးခံထားရသူများထဲမှ ၆ ဦးသေဆုံး၊ ၈ ဦး ဒဏ်ရာ ရကာ ၄ ဦး ထွက်ပြေးသဖြင့် ပျောက်ဆုံးသွားကြောင်း သိရသည်။
မေ ၃ ရက် မနက်ပိုင်းတွင် AA နှင့်ပတ်သတ်မှု မရှိကြောင်း စစ်ဆေးပြီးစီးသဖြင့် ၁၂၆ ဦးကို ပြန်လွှတ်လိုက်ပြီး ၁၃၁ ဦးမှာ တပ်မတော်ထံတွင် စစ်ဆေးခံနေရဆဲ ဖြစ်သည်။
ဧရာဝတီမှ တွေ့ဆုံမေးမြန်းထားသည့် ပစ်ခတ်ခံထားရသူများ၏ ပြောဆိုချက်အရ မေ ၁ ရက်၊ မနက် ၂ နာရီ ခန့်တွင် စိတ်ကျန်းမာရေးမကောင်းသူက ထအော်၍ ရုန်းရင်းဆန်ခတ် ဖြစ်ပွားရာမှ တပ်မတော်သားများက ထပစ်ခတ်သဖြင့် အိပ်ပျော် နေသည့် အရပ်သားများ ကျည်ထိမှန် သေဆုံးခြင်း၊ ဒဏ်ရာရခြင်း ဖြစ်သည်ဟု သိရှိရသည်။
ပစ်ခတ်ခံရသဖြင့် ဒဏ်ရာရရှိထားသည့် ကိုမောင်သိန်းစောက ” လူအုပ်ကြီးက အိပ်နေတာ။ အိပ်နေတာကို ပစ်တာပါ။ ကျနော်တို့ ဘယ်မှ မသွားရပါဘူး။ ရေမချိုးရဘူး။ ဧပြီလ ၃၀ ရက် ညစာ မစားရပါဘူး။ စာသင်ကျောင်းထဲက ထွက်ပြေးရင် အသေပစ်သတ်မယ်လို့ ပြောပါတယ်” ဟု ပြောသည်။
အရပ်သားများ ပစ်ခတ်ခံရမှုနှင့် ပတ်သတ်၍ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက စစ်ဆေးနေဆဲ အရပ်သားများက လူအုပ်ဖြင့် ဆူဆူညံညံပြုလုပ်ကာ လုံခြုံရေးတပ်ဖွဲ့ဝင်များထံမှ သေနတ်လုရန် ၊ ရန်ပြုရန် ပြုမူသဖြင့် ပစ်ခတ်မှု ဖြစ်ပွားရခြင်း ဖြစ်သည်ဟု ပြောသည်။
ပစ်ခတ်မှုတွင် သေဆုံးသွားသည့် အရပ်သား ၆ ဦး၏ မိသားစုဝင်များကို ၃ သိန်းကျပ်စီ တပ်မတော်က ပေးပြီး အလောင်းများကိုလည်း မတ် ၃ ရက်၊ မနက် ၉ နာရီခန့်က မိသားစုများထံ ပြန်အပ်လိုက်ပြီဟု ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောသည်။
AA ၏ သတင်းနှင့်ပြန်ကြားရေး တာဝန်ခံ ဦးခိုင်သုခက တပ်မတော်မှ ဖမ်းဆီးစစ်ဆေးနေသည့် ကျောက်တန်း ကျေးရွာ သားများထဲတွင် AA စစ်သားများ မပါဝင်ပါဟု ငြင်းဆိုသည်။
ဦးခိုင်သုခ က “သူတို့ ထိန်းသိမ်းထားတဲ့ အချိန်မှာ ကြိုက်သလို သတ်ပစ်မယ်။ အစိုးရကလည်း ခွင့်ပြုမယ်ဆိုရင် ဒါဟာ အစိုးရလို့ ပြောလို့ မရတော့ဘူး၊ ဥပဒေနဲ့ တည်ဆောက်ထားတဲ့ တိုင်းပြည်လို့ ပြောလို့ မရဘူး”ဟု ဆိုသည်။
တပ်မတော်မှ ဖမ်းဆီးထားစဉ် အရပ်သားများ ပစ်ခတ်ခံရပြီး သေဆုံးမှုများ တပ်မတော်တွင် တာဝန်ရှိပြီး အစိုးရက စုံစမ်းစစ်ဆေးမှုလုပ်ကာ ကျူးလွန်သူကို ဥပဒေအရ အရေးယူရမည်ဟု ဦးခိုင်သုခက ဆိုသည်။
တပ်မတော်ဘက်မှ သတင်းစာရှင်းလင်းပွဲတွင် ကျောက်တန်းကျေးရွာအပြင် ဧပြီ ၁၀ ရက်က ဖမ်းဆီးစစ်ဆေး နေသည့် မြောက်ဦးမြို့နယ်၊ လက္ကာကျေးရွာမှ အမျိုးသား ၂၇ ဦးအကြောင်းကိုလည်း ပြောဆိုခဲ့ပြီး ထို ၂၇ ဦးထဲမှ ၁၈ ဦးမှာ AA စစ်သားများ ဖြစ်ကြောင်း ဖြောင့်ချက်များ ရထားပြီဟုလည်း ဗိုလ်မှူးချုပ် ဇော်မင်းထွန်း က ပြောသည်။
AA ဘက်မှ လက္ကာရွာတွင်း ဖမ်းဆီးခံရသည်ဟု ဓါတ်ပုံနှင့်တကွ ထုတ်ပြန်ထားသူများမှာ ၎င်းတို့ တပ်ဖွဲ့ဝင်များ မဟုတ်ကြောင်း ငြင်းဆိုထားသည်။
လက္ကာကျေးရွာမှ အရပ်သား ၂၇ ဦးကို ဖမ်းဆီးစစ်ဆေးနေစဉ်ကလည်း ၃ ဦးမှာ ရိုက်နှက်ခံထားရသည့် ဒဏ်ရာများဖြင့် သေဆုံးသွားပြီး မိသားစုဝင်များမှာ အလောင်းကို တွေ့ခွင့်၊ သဂြိုဟ်ခွင့် မရလိုက်ဟု သိရသည်။
ဗိုလ်မှူးချုပ် ဇော်မင်းထွန်း က လက္ကာကျေးရွာမှ သေဆုံးသူ ၃ ဦးမှာ တဦးက နှလုံးရောဂါ၊ တဦးက မိမိကိုယ်ကို ကြိုးဆွဲချ၍ သေဆုံးကြခြင်း ဖြစ်ပြီး ကျန်တဦးက စိတ်ဓါတ်ကျကာ သေဆုံးခြင်း ဖြစ်သည်ဟု ဧရာဝတီကို ပြောဆို ထားသည်။
မြောက်ဦးမြို့နယ်၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းသာစိန်က လူထုရွေးကောက်ခံကိုယ်စားလှယ် တဦးအနေဖြင့် အရပ်သားများ ပဋိပက္ခကြား စစ်ဆေးဖမ်းဆီးခံရပါက အကူအညီပေးရန် သက်ဆိုင်ရာ အစိုးရနှင့် အာဏာပိုင်များထံ စုံစမ်းသော်လည်း အာဏာပိုင်များဘက်မှ တိကျသည့် အဖြေများ ပြန်မပေးသဖြင့် အရပ်သားများကို ကူညီရာတွင် အခက်အခဲများ ရှိနေသည်ဟု ပြောသည်။
လက္ကာကျေးရွာတွင် ဖမ်းဆီးစစ်ဆေးခံနေရသူများ အရေးတွင်လည်း တစုံတရာ မှတ်ချက် မပေးလိုပဲ တရားရေး ရင်ဆိုင်ရမည် ဆိုပါက မိသားစုဝင်များကို ဥပဒေရေးရာ အကူအညီပေးနိုင်မည့် ရှေ့နေများ ငှားရမ်းပေးမည်ဖြစ်ပြီး AA နှင့် မသက်ဆိုင်ပါက ချက်ချင်း ပြန်လွတ်ပေးစေလိုသည်ဟု ဦးထွန်းသာစိန် က ဆိုသည်။
မေ ၁ ရက်က လက္ကာကျေးရွာမှ ဖမ်းဆီးခံထားရသူအချို့ကို စစ်တွေမြို့၊ အမှတ် (၁) ရဲစခန်းသို့ ရောက်ရှိလာပြီဟု သတင်းစကားများ ကြားသိရသော်လည်း ရဲစခန်းသို့ ရောက်ရှိလာသည့် ဦးရေအတိအကျကို မသိရှိရသေးပါဟုလည်း ဦးထွန်းသာစိန်က ပြောသည်။
ဆက်လက်၍ ၎င်းက ” ဘာမှမဟုတ်တဲ့ အရပ်သားတွေကို မဖမ်းဆီးပါနဲ့ ။ ရပ်သူရွာသားတွေကို မညှင်းဆဲပါနဲ့ ။ မဖမ်းဆီးပါနဲ့ ။ မှန်မှန်ကန်ကန် စိစစ်ပြီးတော့ အဖွဲ့အစည်း တခုခုနဲ့ မလွတ်ကင်းရင် တရားဥပဒေအရ အရေးယူပါ။ ဘာမှ မဟုတ်တဲ့ ပြည်သူတွေကို ကြမ်းကြမ်း တမ်းတမ်းတွေ မလုပ်ပါနဲ့လို့ပဲ ပြောချင်ပါတယ်” ဟု ပြောသည်။
တပ်မတော်နှင့် AA တို့သည် ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာ ၃၀ မှ စ၍ ယနေ့ထိ ရခိုင်ပြည်နယ် မြောက်ပိုင်းနှင့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တို့တွင် တိုက်ပွဲများ ဖြစ်ပွားနေသည်။
တိုက်ပွဲများကြောင့် စစ်ဘေးရှောင်ဒုက္ခသည် သုံးသောင်းကျော်ထိ ရှိလာသည်။
၂၀၁၉ ခုနှစ်၊ နှစ်စပိုင်းတွင် တပ်မတော်က ရခိုင်ဒုက္ခသည်များကို လူသားချင်းစာနာမှု အထောက်အပံ့များ လာပေးသည့် အရပ်ဘက်အဖွဲ့များ၊ နိုင်ငံတကာ အဖွဲ့အစည်းများကို တားဆီးမှုများ၊ ကန့်သတ်မှုများ ပြုလုပ်ခဲ့သည်။
ဧပြီ ၁၁ ရက်နှင့် ၃၀ ရက်တို့တွင် AA ထံမှ သိမ်းဆည်းရမိသည့် ပစ္စည်းများဟုဆိုကာ ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ (WFP) တံဆိပ်ပါ ဒုက္ခသည်များကို ထောက်ပံ့သည့် ဘီစကစ်ထုပ်များ၊ အမေရိကန်နိုင်ငံတကာ ဖွံ့ဖြိုးရေး အေဂျင်စီ (USAID) တံဆိပ်ပါ စားနပ်ရိက္ခာများကို ဓါတ်ပုံများနှင့်တကွ ဖော်ပြကာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်း ထုတ်ပြန်ခဲ့သည်။
WFP နှင့် USAID တံဆိပ်ပါ စားနပ်ရိက္ခာများမှာ ၎င်းတို့ ပစ္စည်းများ မဟုတ်ကြောင်း ငြင်းဆိုပြီး ရခိုင် ဒုက္ခသည်များကို နိုင်ငံတကာမှ ကူညီပါက ရိက္ခာများ AA ထံ ရောက်မည်ဟု နိုင်ငံတကာကို သတင်းစကား ပါးလိုသဖြင့် နိုင်ငံရေး လှည့်ကွက်ဆင်ခြင်းသာ ဖြစ်သည်ဟုလည်း AA ကလည်း ပြန်လည်တုန့်ပြန်ထားသည်။