ရန်ကုန် ဒု မြို့တော်ဝန် ဦးစိုးလွင်၏ အမှုဟောင်းနှင့် ပတ်သက်ပြီး ဥပဒေ အကြံပြုချက်ကို ရန်ကုန်တိုင်း ဒေသကြီး အစိုးရ ဥပဒေချုပ်ရုံးသို့ ပေးပို့ တောင်းခံထားကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ (YCDC) ရွေး ကောက်ပွဲ ကော်မရှင်က သိရသည်။
စည်ပင် သာယာရေး ကော်မတီ ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ဝင် ဦးဇင်မင်းလှိုင်က“ဥပဒေချုပ်ရုံးကို ပို့ပြီး ဥပဒေ အကြံ ဉာဏ် တောင်းထားတယ်။ လျှောက်လွှာ တင်တုန်းကလည်း ကန့်ကွက်တယ်။ ဒါပေမယ့် နည်းဥပဒေ အရ ကိုယ်စားလှယ် ဖြစ်ခွင့် ရှိတဲ့အတွက် ပြိုင်တယ်၊ နိုင်တယ်။ အခုထပ်ပြီး ကန့်ကွက်တယ်။ အဲဒါကိုတော့ ဥပဒေ အကြံ ဉာဏ် တောင်းထားတယ်”ဟု ဧရာဝတီသို့ ပြောသည်။
ဒု မြို့တော်ဝန် ဦးစိုးလွင်သည် ပြစ်မှု၊ ပြစ်ဒဏ်ဟောင်း ရှိ၍ စည်ပင် ကိုယ်စားလှယ် အရည်အချင်း မပြည့်မီသော ကြောင့် ရွေးကောက်ပွဲ ကော်မရှင်တွင် ကန့်ကွက်လွှာ တင်သွင်းထားမှု ရှိသဖြင့် ယခုကဲ့သို့ ဥပဒေ အကြံပြုချက် ပေးပို့ တောင်းခံရခြင်း ဖြစ်ကြောင်း စည်ပင် သာယာရေး ကော်မတီ ရွေးကောက်ပွဲ ကော်မရှင်က သိရသည်။
ဦးစိုးလွင် အနေဖြင့် ၎င်းနေထိုင်သည့် စမ်းချောင်းမြို့နယ် ဗဟိုလမ်း ခြံအမှတ် ၄၀ တွင် ကားပါကင် နေရာအား ခြံစည်း ရိုး တိုင်းတာသည့် ကိစ္စနှင့် အချင်းများရာမှ ဆဲဆို ခြိမ်းခြောက်ခဲ့သည့် ပြစ်မှု ပေါ်လွင်သဖြင့် စမ်းချောင်းမြို့နယ် တရား ရုံးက ၂၀၁၈ ခုနှစ် နိုင်ဝင်ဘာလတွင် ရာဇသတ်ကြီး ပုဒ်မ ၂၉၄(ခ)နှင့် ရာဇသတ်ကြီး ပုဒ်မ ၅၀၆ တို့ဖြင့် ပြစ်မှု ပြစ်ဒဏ် စီရင်ချက် ချခဲ့ခြင်း ဖြစ်သည်။
အဆိုပါ ကိစ္စနှင့် ပတ်သက်၍ ပါတီ အနေဖြင့် ဝင်ရောက် စွက်ဖက်သွားမည် မဟုတ်ဘဲ ကော်မရှင်နှင့် အစိုးရအဖွဲ့ ဆုံးဖြတ်ချက် အတိုင်း လိုက်နာသွားမည် ဖြစ်ကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဗဟို အလုပ်မှုဆောင် ကော်မတီဝင် ဒေါက်တာ မျိုးညွန့်က ပြောသည်။
၎င်းက“ကျနော်တို့က စည်ပင်ရဲ့ စည်းမျဉ်း ဥပဒေ အတိုင်း သူတို့ ဘာလုပ်မလဲ ဆိုတာကို ကြည့်သွားမှာပါ။ စည်ပင်ရဲ့ စည်း မျဉ်း ဥပဒေ အရ သူတို့ကပဲ ဆုံးဖြတ်ရမှာပါ။ ကျနော်တို့က ဒီနေရာမှာ ဝင်ရောက် စွတ်ဖက်လို့ မရပါဘူး။ ကျနော် တို့က စည်ပင်လို့ ခေါ်တဲ့ ဒေသန္တရ အုပ်ချုပ်ရေးမှာ ကိုယ့်ပါတီ အဖွဲ့ဝင်လောင်းကို အဆိုပြုတယ်။ သူတို့ အရည်အချင်း ကိုက်ညီရင် လက်ခံပါ။ မကိုက်ညီရင် ပယ်လို့ ရတယ်”ဟု ပြောဆိုသည်။
ရန်ကုန် မြို့တော် စည်ပင်သာယာ ရွေးကောက်ပွဲ နည်းဥပဒေ ပုဒ်မ ၂၈(ဏ)တွင် ကိုယ့်ကျင့်တရား ဆိုင်ရာ ပြစ်မှု ကျူးလွန် ၍ ပြစ်မှု ထင်ရှား စီရင်ခြင်း ခံရဖူးသူသည် ကိုယ်စားလှယ်လောင်း အဖြစ် မှတ်ပုံတင်ခွင့်နှင့် ရွေးကောက် တင်မြှောက်ခံပိုင် ခွင့် မရှိစေရဟု ပြဋ္ဌာန်းထားသည်။
ဒု မြို့တော်ဝန် ဦးစိုးလွင် ပြစ်မှုပြစ်ဒဏ် စီရင်ခံခဲ့ရသည့် ရာဇသတ်ကြီး ပုဒ်မ ၂၉၄ (ခ) သည် ရာဇသတ်ကြီး ဥပဒေ အခန်း ၁၄ တွင် ပြဋ္ဌာန်း ထားသည့် သိက္ခာ စောင့်စည်းမှုနှင့် ကိုယ်ကျင့် တရားရှိမှုကို ထိခိုက်စေသော ပြစ်မှုများတွင် ထည့်သွင်း ပြဋ္ဌာန်းထားသော ပုဒ်မ ဖြစ်ကြောင်း သိရသည်။
ဒေါက်တာ မျိုးညွန့်က ဒု မြို့တော်ဝန် ဦးစိုးလွင် ပြစ်မှုဟောင်းသည် ကိုယ့်ကျင့်တရား ဆိုင်ရာ ကျူးလွန်သည့် ပြစ်မှု မဟုတ်ကြောင်း ဆုံးဖြတ်ထားသော်လည်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ရွေးကောက်ပွဲ ကော်မရှင်သည်သာ အဓိက ဆုံးဖြတ်ရမည် ဖြစ်ကြောင်း ဆိုသည်။
ထို့ပြင် ဒုမြို့တော်ဝန် ကိစ္စသည် ရွေးကောက်ပွဲ ကော်မရှင်ကသာ ဆုံးဖြတ်ရမည့် ကိစ္စဖြစ်ကြောင်း ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုး ကလည်း ပြောကြားသည်။
ဦးမောင်မောင်စိုးက“သူရဲ့ ပြစ်မှု၊ ပြစ်ဒဏ်တွေ ဘာတွေက ရွေးကောက်ပွဲ ကော်မရှင်နဲ့ပဲ ဆိုင်တယ်။ ကျနော်တို့ အနေ နဲ့ က ဘာမှဝင်စွက်လို့ မရဘူး”ဟု ပြောသည်။
မတ်လ ၃၁ ရက်က ပြုလုပ်ခဲ့သည့် ရန်ကုန်မြို့တော် စည်ပင် ရွေးကောက်ပွဲတွင် ဒု မြို့တော်ဝန် ဦးစိုးလွင်သည် ရန်ကုန် မြို့လယ်ရှိ (Down Town) မြို့နယ်များ အပါအဝင် ၁၂ မြို့နယ် ပါဝင်သည့် မဲဆန္ဒနယ် ၃ အတွက် NLD ပါတီ ကိုယ်စား ပြု ဝင်ရောက် ယှဉ်ပြိုင်ခဲ့ပြီး အနိုင်ရရှိခဲ့ခြင်း ဖြစ်သည်။
ရာဇသတ်ကြီး ပုဒ်မ၂၉၄ (ခ) သည် မည်သူမဆို အခြားသူများ စိတ်ငြိုငြင်အောင် အများပြည်သူဆိုင်ရာ နေရာ တခုခု တွင် ဖြစ်စေ၊ အနီးအနားတွင်ဖြစ်စေ ညစ်ညမ်းသော ကဗျာ၊ လင်္ကာ၊ သီချင်း၊ စကား တမျိုးမျိုးကို ရွတ်ဆိုခြင်း၊ သီဆို ခြင်း၊ ပြောဆိုခြင်း တခုခုပြုလုပ်လျှင် ထိုသူကို သုံးလထိ ထောင်ဒဏ် တမျိုးမျိုး ဖြစ်စေ၊ ငွေဒဏ် ဖြစ်စေ ဒဏ်နှစ် ရပ်လုံး ဖြစ်စေ၊ ချမှတ်ရမည်ဟု ပြဋ္ဌာန်းထားသည်။
ထို့ပြင် ရာဇသတ်ကြီးပုဒ်မ ၅၀၆ သည် မည်သူ မဆို ရာဇဝတ် မကင်းသော ချောက်လှန့်မှုကို ကျူးလွန်လျှင် ထိုသူကို ၂ နှစ် အထိ ထောင်ဒဏ် တမျိုးမျိုး ဖြစ်စေ၊ ငွေဒဏ် ဖြစ်စေ၊ ဒဏ် နှစ်ရပ်လုံး ဖြစ်စေ ချမှတ်ရမည်ဟု ပြဋ္ဌာန်းထားသည်။