• English
Tuesday, May 13, 2025
No Result
View All Result
NEWSLETTER

29 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ပွင့်လင်းမြင်သာမှု အစီရင်ခံစာတွင် ပုဂ္ဂလိကပိုင် ကုမ္ပဏီကြီးများ ဦးဆောင်နေ

by ငြိမ်းငြိမ်း
4 May 2019
in သတင်း
A A
မင်္ဂလာတောင်ညွန့်မြို့နယ်တွင် တွေ့ရသည့် City Mart အရောင်းဆိုင်  /  ဧရာဝတီ

မင်္ဂလာတောင်ညွန့်မြို့နယ်တွင် တွေ့ရသည့် City Mart အရောင်းဆိုင် / ဧရာဝတီ

11k
VIEWS
Share on FacebookShare on Twitter

စီးပွားရေး ကော်ပိုရေးရှင်း လုပ်ငန်းများ ပွင့်လင်းမြင်သာမှုနှင့် ထုတ်ဖော်တင်ပြမှုတွင် ပုဂ္ဂလိက ကဏ္ဍက ဦးဆောင်နေ ကြောင်း မြန်မာ့စီးပွားရေးကဏ္ဍ တာဝန်ယူမှုရှိရေး အထောက်အကူပြုဌာန (MCRB) က နောက်ဆုံး ထုတ်ပြန်ခဲ့သည့် မြန်မာစီးပွားရေး လုပ်ငန်းများ၏ ပွင့်လင်းမြင်သာမှု (TiME) အမည်ရှိ အစီရင်ခံစာ၏ အဆိုအရသိရသည်။

မြန်မာဘာသာဖြင့် ပွင့်သစ်စ ဟု သိကြသည့် ၂၀၁၉ အစီရင်ခံစာတွင် City Mart Holdings (CMHL)၊ First Myanmar Investment (FMI)၊ Max Myanmar Group နှင့် Shwe Taung Group တို့ အပါအဝင် မြန်မာပြည်၏ ထိပ်တန်း ကုမ္ပဏီ ၇ ခုတို့က စီမံခန့်ခွဲမှု ပွင့်လင်းမြင်သာခြင်းတွင် သတ်မှတ်ချက် အများဆုံးပြည့်မှီကြသည်ဟု ဆိုသည်။

RelatedPosts

TNLA ထိန်းချုပ်တဲ့မြို့တွေကို စစ်ကောင်စီက ဗုံးလိုက်ကြဲ (ရုပ်/သံ)

TNLA ထိန်းချုပ်တဲ့မြို့တွေကို စစ်ကောင်စီက ဗုံးလိုက်ကြဲ (ရုပ်/သံ)

13 May 2025
14
အပြစ်မဲ့ကလေးတွေအတွက် ယူကျုံးမရဖြစ်ရတယ် (ရုပ်/သံ)

အပြစ်မဲ့ကလေးတွေအတွက် ယူကျုံးမရဖြစ်ရတယ် (ရုပ်/သံ)

13 May 2025
16
ရသေ့တောင်မှာ စစ်တပ်က ဗုံးကြဲလို့ အစုလိုက်အပြုံလိုက်သေဆုံး (ရုပ်/သံ)

ရသေ့တောင်မှာ စစ်တပ်က ဗုံးကြဲလို့ အစုလိုက်အပြုံလိုက်သေဆုံး (ရုပ်/သံ)

13 May 2025
24

ထိုကုမ္ပဏီများသည် ယမန်နှစ် အစီရင်ခံစာတွင်လည်း ထိပ်တန်း ၁၀ နေရာက ပါဝင်ခဲ့ပြီး အားလုံးက ထုတ်ဖော်တင်ပြမှုများ ဆက်လက် တိုးတက်လုပ်ဆောင်နေသည်ကို တွေ့ရသည်။

ယခုတကြိမ်နှင့် ဆိုလျှင် ၅ ကြိမ်မြောက်ဖြစ်သော အစီရင်ခံစာ၌ MCRB က အချို့သော မြန်မာ ကုမ္ပဏီပိုင်ရှင်များက စီးပွားရေးဆိုင်ရာ စီမံအုပ်ချုပ်မှု နှင့် ပွင့်လင်းမြင်သာမှု လိုအပ်ကြောင်း ရှင်းလင်းစွာ သိမြင်ကြပြီး၊ စီးပွားရေးလုပ်ငန်းများ အနေဖြင့် အချိန်နှင့် တပြေးညီ သတင်း အချက်အလက်များ ရရှိနိုင်သော ဝဘ်ဆိုဒ် တည်ဆောက်ထားခြင်းက မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ် ကိုအထောက်အကူ ပြုနေသည်ဟု ဆိုသည်။

အစီရင်ခံစာတွင် စတော့အိပ်ချိန်းစာရင်းဝင် ကုမ္ပဏီ ငါးခု၊ အများပိုင် ကုမ္ပဏီ ၅၅ ခု နှင့် ပုဂ္ဂလိကပိုင် ထင်ရှားသော ကုမ္ပဏီ ၁၆၀ အပါအဝင် ကုမ္ပဏီပေါင်း ၂၄၈ ခု၏ ဝဘ်ဆိုဒ်များကို လေ့လာအကဲဖြတ်ထားသည်။ အစိုးရပိုင် လုပ်ငန်း ၂၈ ခု လည်း ပထမဆုံးအကြိမ် အဖြစ် ပါဝင်လာသည်။ သတင်းအချက်အလက် ရရှိနိုင်အောင်ပြုလုပ်ထားသည့် ကုမ္ပဏီ အရေအတွက် က ယခုနှစ် ပိုမိုတိုးတက်လာခဲ့ပြီး၊ ၂၀၁၈ စစ်တမ်းတွင် ကုမ္ပဏီ ၁၈၂ ခုနှင့် ၂၀၁၆ စစ်တမ်းတွင် ကုမ္ပဏီ ၁၀၀ ကိုသာ လေ့လာဆန်းစစ်နိုင်ခဲ့သည်။

MCRB က ကုမ္ပဏီများကို အမှတ်ပေးရာတွင် ၎င်းတို့၏ စီးပွားရေးလုပ်ငန်း ဆိုင်ရာ ရှင်းလင်းဖော်ပြမှုများ၊ စီးပွားရေး လုပ်ငန်း ဆိုင်ရာ စီမံအုပ် ချုပ်မှု၊ ရေရှည်ထိန်းသိမ်းထားနိုင်သောစွမ်းရည် စီမံခန့်ခွဲမှုနှင့် အစီရင်ခံတင်ပြမှုများနှင့် ပတ်သက်သည့် သတင်းအချက် အလက်များကို အွန်လိုင်းတွင် ထုတ်ဖော်တင်ပြခြင်း အပေါ်တွင် အခြေခံထားသည်။

၎င်းတို့၏ အကဲဖြတ်မှုတွင် အာဆီယံ စီးပွားရေးလုပ်ငန်းဆိုင်ရာ စီမံအုပ်ချုပ်မှု စစ်တမ်း (ACGS) မှ စံနှုန်းများကို အသုံးပြုထားသလို ကမ္ဘာက လက်ခံထားသည့် ပေါင်းစည်း အစီရင်ခံမှု မူဘောင် (Integrated Reporting Framework –IR) နှင့် ဆက်နွယ်နေသည့် စွမ်းဆောင်ရည်ဆိုင်ရာ စံနှုန်းများကိုလည်း ထည့်သွင်း အကဲဖြတ်သည်။

ကုမ္ပဏီများ၏ သတင်းအချက်အလက် ထုတ်ဖော်တင်ပြမှု အထူးသဖြင့် ထိပ်တန်း ၂၀ တွင် ပါဝင်သည့် ကုမ္ပဏီများ၏ ထုတ်ဖော်တင်ပြမှုက တက်လာသော်လည်း ကုမ္ပဏီအားလုံး အတွက် ပျမ်းမျှ အမှတ်မှာ ၂၀၁၈ ခုနှစ်တွင် ၇ ရာခိုင်နှုန်း ရှိခဲ့ရာမှ ယခုနှစ်တွင် ၅ ရာခိုင်နှုန်းသို့ ကျဆင်းသွားခဲ့ကြောင်း အစီရင်ခံစာက မှတ်ချက်ပြုထားသည်။

ပုဂ္ဂလိက ကုမ္ပဏီ အုပ်စုများ ပွင့်လင်းမြင်သာမှု စစ်တမ်းစာရင်းတွင် ဆက်လက် လွှမ်းမိုးနေခြင်းနှင့် ပတ်သက်၍ MCRB ၏ ဒါရိုက်တာ ဗစ်ကီဘိုးမင်း (Vicky Bowman) က “ပိုင်ရှင်တွေနဲ့ ထိပ်ပိုင်း ဦးဆောင်သူတွေကို တက်တက်ကြွကြွ လုပ်နေစေတာက ဥပဒေ ပိုင်းဆိုင်ရာ လိုအပ်ချက် မဟုတ်ဘဲ စီးပွားရေးလုပ်ငန်းအတွက် ပွင့်လင်းမြင်သာမှု၊ စီးပွားရေး လုပ်ငန်းဆိုင်ရာ စီမံအုပ်ချုပ်မှုနဲ့ ရေရှည် တည်တံ့ ခိုင်မြဲမှုတွေက ဘာတွေလဲဆိုတာ သိနေမှုပဲ ဖြစ်ပါတယ်” ဟု ပြောသည်။

၎င်းကဆက်၍ “ဒါတွေကသာ ရင်းနှီးမြှုပ်နှံသူတွေ၊ စီးပွားဖက်တွေကို ဆွဲဆောင်နိုင်မယ်။ လုပ်ငန်းလည်ပတ်ရာမှာ လွယ်ကူစေတဲ့ ဆိုရှယ်လိုင်စင် ရဖို့ တည်ဆောက်နိုင်မယ်ဆိုတာ လုပ်ငန်းရှင်တွေက သဘောပေါက်ပါတယ်။ နောက်သူတို့ သဘော ပေါက်တဲ့ တချက်ကတော့ စွမ်းအင်ကို အကျိုးရှိစွာ အသုံးချခြင်းလို စွမ်းဆောင်ရည် ကိစ္စပါပဲ။ အဲဒါက သူတို့ အတွက် ကုန်ကျစရိတ် လျှော့ချရာမှာ အရေးပါတဲ့ အချက်ပဲ ဖြစ်ပါတယ်” ဟု ဆိုသည်။

စီးပွားရေး ရေရှည်တည်တံ့မှုဆိုင်ရာ အတိုင်ပင်ခံ ကုမ္ပဏီတခုဖြစ်သည့် Yever ၏ မန်နေးဂျင်းဒါရိုက်တာ Nicolas Delange က “ကုမ္ပဏီအများစုနဲ့ စီးပွားရေး ခေါင်းဆောင်တွေက ပွင့်လင်းမြင်သာမှုရှိဖို့ကို လက်ခံလာကြတယ်။ ဘာကြောင့်လဲ ဆိုတော့ ပွင့်လင်းမြင်သာမှုရှိခြင်းက သူတို့ အတွက် ဘဏ္ဍာငွေ ရရှိဖို့နဲ့ သူတို့ရဲ့ အစုရှယ်ယာရှင်တွေက သူတို့လုပ်ငန်းတွေ ကောင်းနေတယ် တိုးတက်နေတယ်ဆိုတာကို ယုံကြည်လက်ခံစေဖို့ သော့ချက်ဖြစ်ပါတယ်” ဟု ပြောသည်။

Vicky Bowman ၏ အဆိုအရ စံသတ်မှတ်နှုန်းများသည် “ကုမ္ပဏီတွေက ဆက်လက်လျှောက်လှမ်းမှု ရှိနေတာလား၊ အပြော သက်သက်သက်လား ဆိုတာကို တိုင်းတာနိုင်မှာပါ။ အဲဒါက ပိုပြီးတော့ စိန်ခေါ်မှု များပါတယ်။ ဘာကြောင့်လဲ ဆိုတော့ ကုမ္ပဏီတွေကို စနစ်တကျဖြစ်အောင်လုပ်ပြီး စွမ်းဆောင်ရည်ကို တိုင်းတာရလို့ ဖြစ်ပါတယ်” ဆိုသည်။

၎င်းက ဆက်၍ “ခြုံပြောရမယ်ဆိုရင် ကျမက ကုမ္ပဏီတွေ၊ အစိုးရဌာနတွေနဲ့ စီးပွားလုပ်ငန်းတွေအနေနဲ့ အချိန်နဲ့ တပြေးညီဖြစ်တဲ့ ဝက်ဘ် ဆိုဒ်တခုကို တည်ထောင်ထားခြင်းက သူတို့နဲ့ သူတို့ရဲ့ အစုရှယ်ယာရှင်တွေကြားမှာ နားလည်မှုလွဲမှားခြင်းတွေကို ရှောင်လွှဲနိုင်မယ့် ၂ ဘက်လုံး အနိုင်ရမယ့် (win-win) အခြေအနေတခုပဲဆိုတာကို မြင်စေချင်ပါတယ်။ အစုရှယ်ယာရှင်တွေ ဆိုတာ မဲဆန္ဒရှင်တွေ၊ အစုရှယ်ယာပိုင် တဲ့သူတွေ၊ ဂျာနယ်လစ်တွေ သို့မဟုတ် အလားအလာရှိတဲ့ ရင်းနှီးမြှုပ်နှံသူတွေပေါ့။ အဲဒါက မြန်မာ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်နဲ့ ရေရှည်ဖွံ့ဖြိုးတိုးတက်မှု ပန်းတိုင် (SDG16) အတွက် အရေးပါတဲ့ ပံ့ပိုးမှုဖြစ်ပါတယ်။ SDG16 က ထိရောက်မှု၊ တာဝန်ယူမှုရှိတဲ့ အဖွဲ့အစည်းတွေ ပါဝင်ရေးနဲ့ သက်ဆိုင်ပါတယ်” ဟု ပြောသည်။

SDG16 သည် ကုလသမဂ္ဂက ၂၀၁၅ ခုနှစ်တွင် ချမှတ်ခဲ့သည့် ရေရှည်ဖွံဖြိုးတိုးတက်မှု ပန်းတိုင် ၁၇ ခုထဲမှ တခုဖြစ်ပြီး ငြိမ်းချမ်းရေး၊ တရားမျှတမှုနှင့် ခိုင်မာသော အဖွဲ့အစည်းများ ဖြစ်ပေါ်စေရေးနှင့်ဆိုင်သောအချက်များကို ရည်ညွှန်းသည်။

အစီရင်ခံစာ၏ အဆိုအရ မြန်မာနိုင်ငံတွင် ကော်ပိုရိတ် စီမံအုပ်ချုပ်မှု၊ ပွင့်လင်းမြင်သာမှုနှင့် စီးပွားရေးလုပ်ကိုင်ရာတွင် ဖြောင့်မှန်မှု အခြေအနေသည် ယခင် သမ္မတ ဦးသိန်းစိန်၏ အစိုးရလက်ထက် နိုင်ငံရေး ပြုပြင်ပြောင်းလဲရေးများ စတင်ခဲ့သည့် ၂၀၁၁ ခုနှစ်မှစ၍ ယေဘုယျအားဖြင့် တိုးတက်လာခဲ့သည်။ လက်ရှိ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အစိုးရကလည်း ဥပဒေပိုင်းဆိုင်ရာ ပြုပြင်ပြောင်းလဲရေးများကို ဆက်လက်ဆောင်ရွက်နေပြီး ထိုအထဲတွင် ၂၀၁၆ ခုနှစ် ရင်းနှီးမြှုပ်နှံမှု ဥပဒေသစ်နှင့် ၂၀၁၇ ခုနှစ် ကုမ္ပဏီများ ဥပဒေသစ် တို့ ပါဝင်သည်ဟု ဆိုသည်။

၂၀၁၈ ခုနှစ် သြဂုတ်လတွင် အစိုးရသည် မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုး တိုးတက်မှု စီမံကိန်း (MSDP) ကို ချမှတ်အကောင်အထည်ဖော်ပြီး ထိုစီမံကိန်းတွင် စီးပွားရေး လုပ်ငန်းများဆိုင်ရာ စီမံအုပ်ချုပ်မှုနှင့် ထုတ်ဖော်တင်ပြမှုဥပဒေများ ကောင်းမွန်အောင် ဆောင်ရွက်ခြင်း၊ ချမှတ်ထားသည့် ဥပဒေများ လိုက်နာစေရန် ဆောင်ရွက်ခြင်း၊ အကျင့် ပျက်ခြစားမှုတိုက်ဖျက်ခြင်းနှင့် ရေရှည်တည်တံ့ခိုင်မြဲမှု တိုးတက်ရေးတို့ ပါဝင်သည်။

ပွင့်သစ်စ အစီရင်ခံစာသည် ဧပြီလအတွင်းတွင် ထွက်ပေါ်ခဲ့သည့် ပွင့်လင်းမြင်သာမှုနှင့် ပတ်သက်သည့် ဒုတိယမြောက် အစီရင်ခံစာ ဖြစ်သည်။ ဧပြီလ အစောပိုင်းတွင် အပြည်ပြည်ဆိုင်ရာ ဘဏ္ဍာရေးကော်ပိုရေးရှင်း (IFC) က မြန်မာနိုင်ငံ ငွေချေး သက်သေခံလက်မှတ် လုပ်ငန်းကြီးကြပ်ရေးကော်မရှင်၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန (DICA) နှင့် ရန်ကုန်စတော့အိတ်ချိန်း (YSX) တို့နှင့် ပူးပေါင်း၍ မြန်မာနိုင်ငံ ကော်ပိုရိတ်စီမံအုပ်ချုပ်မှု အကဲဖြတ်မှတ်တမ်း ၂၀၁၈ -မြန်မာကုမ္ပဏီများအပေါ် အကဲဖြတ်လေ့လာမှု အစီရင်ခံစာ (MCGS) ကို ထုတ်ပြန်ခဲ့သည်။

အဆိုပါ အစီရင်ခံစာတွင် ကုမ္ပဏီကြီး ၂၄ ခုကို အာဆီယံ ကော်ပိုရိတ်စီမံအုပ်ချုပ်မှု အကဲဖြတ်ချက် စံနှုန်းများ အသုံးပြု၍ အကဲဖြတ်ထားသည်။

Vicky Bowman က “MCGS ရဲ့ လေလာမှုအရ ကုမ္ပဏီ ၂၄ ခု၏ ပျမ်းမျှရမှတ်မှာ ၃၁ ရာခိုင်နှုန်းဖြစ်တဲ့ အတွက် အာဆီယံ ပျမ်းမျှရမှတ် ၆၉ ရာခိုင်နှုန်း နဲ့ နှိုင်းယှဉ်ကြည့်နိုင်ပါတယ်။ အဲဒါက အာဆီယံဈေးကွက် တချို့မှာ အများပိုင်အဖြစ် စာရင်းသွင်းထားတဲ့ ကုမ္ပဏီ ပိုများနေတာကို တစိတ်တပိုင်း ထင်ဟပ်ပြနေပါတယ်။ ဒါပေမယ့် စီးပွားရေးလုပ်ငန်းဆိုင်ရာ စီမံအုပ်ချုပ်မှု ဆိုတာက မြန်မာ ကုမ္ပဏီအများစုအတွက် သဘောတရား အသစ်တခု ဖြစ်နေတယ်ဆိုတာကိုလည်း ထင်ဟပ်ပြနေပါတယ်။ ဒါကို ကျင့်သုံးဖို့ စိတ်အားထက်သန်တဲ့ သူတွေကတော့ စလုပ်နေကြပါပြီ” ဟု ရှင်းပြသည်။

အကဲဖြတ်ခဲ့သည့် ကုမ္ပဏီ ၂၄၈ ခု အနက် ၁၀၈ ခု သို့မဟုတ် ၄၄ ရာခိုင်နှုန်းက ကော်ပိုရိတ်ဝဘ်ဆိုဒ်များပင် မရှိကြသေး ဘဲ အများစုမှာ သတင်းအချက်အလက် အနည်းငယ်မျှကိုသာ တင်ထားခြင်း သို့မဟုတ် ကော်ပိုရိတ် စီမံအုပ်ချုပ်မှုနှင့် စွမ်းဆောင်ရည်ဆိုင်ရာ အချက်အလက်များ ဖော်ပြကြခြင်းမရှိသည်ကို တွေ့ရှိရကြောင်း MCRB က ပြောသည်။

စစ်ဆေးသည့် အမှတ်ပေးစည်းမျဉ်း စုစုပေါင်း ၁၄၃ ခု ကို အခြေခံ၍ တွက်ချက်လျှင် ရန်ကုန်စတော့အိပ်ချိန်းစာရင်းဝင် ကုမ္ပဏီငါးခုက ပျမ်းမျှအမှတ် ၃၂ ရာခိုင်နှုန်း ရရှိပြီး၊ ကဏ္ဍတိုင်းတွင် ပျမ်းမျှ ၄ ရာခိုင်နှုန်း သာရရှိသည့် အများပိုင်နှင့် ပုဂ္ဂ လိက ကုမ္ပဏီများထက် စွမ်းဆောင်ရည် ပိုကောင်းမွန်နေသည်။

၂၀၁၉ ခုနှစ် အစီရင်ခံစာတွင် အစိုးရပိုင်လုပ်ငန်းများက ပထမဆုံးအနေဖြင့် ပါဝင်လာသည်။ အစိုးရပိုင် လုပ်ငန်း ၂၈ ခုတွင် ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ် နှင့် ရန်ကုန်လျှပ်စစ် ဓာတ်အားပေး ကော်ပိုရေးရှင်း တို့က ထုတ်ဖော်တင်ပြမှု တွင် ဦးဆောင်နေကြသည်။ သို့သော်လည်း တပ်မတော်ပိုင် မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်း အပါအဝင် အစိုးရပိုင် လုပ်ငန်း များသည် စီးပွားရေးလုပ်ငန်းဆိုင်ရာ စီမံအုပ်ချုပ်မှု သတင်းအချက်အလက် ထုတ်ဖော်တင်ပြမှုတွင် အနိမ့်ဆုံး ပျမ်းမျှ အမှတ်တွင် ရှိနေကြသည်။

သတင်းအချက်အလက်ထုတ်ဖော်တင်ပြရန် ဥပဒေပိုင်း ဆိုင်ရာလိုအပ်ချက်များ အားကောင်းစေရေးနှင့် ကုမ္ပဏီများက ဥပဒေအတိုင်းလိုက်နာ ဆောင်ရွက်စေရန်အတွက် ဆောင်ရွက်သင့်သည်များကို အစိုးရသို့ အကြံပြုချက်များအဖြစ် အစီရင်ခံစာတွင် ဖော်ပြထားသည်။

“ဗဟိုဘဏ်နဲ့ အခြားအဖွဲ့အစည်းတွေရဲ့ ကွဲပြားခြားနားတဲ့ ညွှန်ကြားချက်အများအပြားမှာ လက်ရှိရည်ညွှန်းနေတဲ့ အကျိုး အမြတ်ခံစားရရှိတဲ့ ပိုင်ဆိုင်မှု အချက်အလက်တွေ ထုတ်ဖော်တင်ပြဖို့ ဥပဒေပိုင်းဆိုင်ရာ လိုအပ်ချက်တွေက တသမတ် တည်း ဖြစ်သင့်ပါတယ်။ သတင်းအချက်အလက်တွေက ကုမ္ပဏီတွေ မှတ်ပုံတင်တဲ့ MyCo ကနေတဆင့် ရရှိသင့်ပါတယ်။ အစိုးရဘက်က ကြီးကြပ်သူတွေ၊ အဓိက အားဖြင့် မြန်မာနိုင်ငံ ငွေချေး သက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေး ကော် မရှင် (SECM) နဲ့ DICA တို့ အနေနဲ့ လိုက်နာမှုမရှိတဲ့ ကုမ္ပဏီတွေကို ဒဏ်ရိုက်ခြင်း အပါအဝင် ဒီလိုအပ်ချက်တွေကို ခိုင်မာ အားကောင်းအောင် စလုပ်သင့်ပါပြီ” ဟု Vicky Bowman ကပြောသည်။

သို့သော်လည်း အစုရှယ်ယာရှင် ၁၀၀ ကျော်သည့် အများပိုင် ကုမ္ပဏီများ၊ စတော့အိတ်ချိန်းစာရင်းဝင် ကုမ္ပဏီများအတွက် အချက်အလက် ထုတ်ဖော်ရန် ဥပဒေအရ လိုအပ်ကြောင်းကို ကုမ္ပဏီအများစုက သိရှိကြပုံမရဟု ဆိုသည်။

Vicky Bowman က “ကုမ္ပဏီတွေ အနေနဲ့ သူတို့ ကုမ္ပဏီရဲ့ ဘဏ္ဍာရေးကို သူတို့ရဲ့ ဖောင်ဒေးရှင်းတွေ သို့မဟုတ် အလှူ အတန်းအစီစဉ်တွေကနေ ကင်းရှင်းအောင်လုပ်သင့်ပြီး၊ စီမံအုပ်ချုပ်မှုနဲ့ ပွင့်လင်းမြင်သာမှုကို တိုးတက်အောင် လုပ်သင့်ပါတယ်။ ဒါမှပဲ ဒီငွေကြေးတွေကို အလွဲသုံးစားလုပ်နေသလားဆိုတဲ့ အမြင်တွေကို လျှော့ချနိူင်မှာ ဖြစ်ပါတယ်” ဟု ပြောသည်။

DICA ၏ အဆိုအရ ယခုနှစ်မတ်လအထိ မှတ်ပုံတင်ထားသော ကုမ္ပဏီပေါင်း ၆၁၆၃၁ ခုရှိသည်။ သို့သော်လည်း အများစုမှာ အသေးစားနှင့် အလတ်စား လုပ်ငန်းများဖြစ်ကြပြီး၊ ထို အသေးစား၊ အလတ်စားလုပ်ငန်းများသည် MCRB ၏ လေ့လာအကဲဖြတ်မှုတွင် မပါဝင်ကြပါ။

အစီရင်ခံစာတွင် အကျင့်ပျက်ခြစားမှု၊ သဘာဝပတ်ဝန်းကျင် သက်ရောက်မှုဆိုင်ရာ လေ့လာဆန်းစစ်ချက် (EIAs) နှင့် အကျိုးအမြတ် ပိုင်ဆိုင်မှု ကဲ့သို့သော ကိစ္စများကိုလည်း ဖော်ပြထားသည်။ အကဲဖြတ်ဆန်းစစ်သည့် ကုမ္ပဏီများထဲတွင် ၅၂ ခုက သူတို့၏ လက်အောက်ခံ ကုမ္ပဏီများကို ထုတ်ဖော်ထားပြီး ၁၉ ခုက အကျိုးအမြတ်ရရှိသူဆိုင်ရာ အချက် အလက်များကို ဖော်ပြထားသည်။

Vicky Bowman ၏ အဆိုအရ “ အကျိုးအမြတ်ပိုင်ဆိုင်မှုနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေက ဘဏ်တွေ အနေ နဲ့ ဆက်သွယ်ဆောင်ရွက်သူအပေါ် ဖြစ်နိုင်ခြေ သက်ရောက်မှုတွေကို ကြိုတင် စိစစ်ခြင်းလုပ်တဲ့ နေရာမှာ အဆင်ပြေ ချောမွေ့စေပါတယ်။ ဒါကြောင့်လည်း အဲဒါကို ဗဟိုဘဏ်ရဲ့ ညွှန်ကြားချက် ၂၁/၂၀၁၅ မှာ ရည်ညွှန်းထားခဲ့တာပါ။ ပြီးတော့ ငွေကြေးခဝါချမှု တိုက်ဖျက်ရေးမှာလည်း အထောက်အကူဖြစ်ပါတယ်။ သဘာဝအရင်းအမြစ် ထုတ်ယူတဲ့ ကဏ္ဍအတွက်ဆိုရင်လည်း အကျိုးအမြတ် ပိုင်ဆိုင်မှုဖော်ထုတ်ခြင်းက မြန်မာနိုင်ငံကို EITI စံနှုန်းတွေနဲ့ အညီ ဖြစ်စေပါလိမ့်မယ်။ အဲဒီကဏ္ဍအတွင်းမှာပိုပြီး တာဝန်ယူမှုရှိတဲ့ ပွင့်လင်းမြင်သာမှုရှိတဲ့ ရင်းနှီးမြှုပ်နှံမှုတွေကို အားပေးသင့်ပါတယ်” ဟုဆိုသည်။

စီးပွားရေးလုပ်ငန်းများက ပြည်သူများသို့ သတင်းအချက်အလက်ပိုပေးနိုင်ရေးကို အားပေးသည့် အနေဖြင့် အကျိုးအမြတ် ပိုင်ဆိုင်မှု ထုတ်ဖော်ရေး အလုပ်အဖွဲ့တခုကို အစိုးရက ပြီးခဲ့သည့် ဇွန်လတွင် ဖွဲ့စည်းခဲ့သည်။ EITI စံနှုန်းများ အကောင် အထည်ဖော်ခြင်း၏ တစိတ်တပိုင်း အနေဖြင့် ဖြစ်သည်။ EITI အဖွဲ့ဝင်လောင်း နိုင်ငံဖြစ်သည့် မြန်မာနိုင်ငံက ၂၀၁၆ ခုနှစ် EITI စံနှုန်းများနှင့် ကိုက်ညီအောင် ကြိုးစားနေခြင်း ဖြစ်ပြီး၊ ၂၀၁၆ ခု နှစ် EITI စံနှုန်းများထဲမှတခုမှာ စီးပွားရေး လုပ်ငန်းများတွင် အကျိုးအမြတ်ရရှိသူနှင့် ပတ်သက်သည့် သတင်းအချက်အလက်များကို အများပြည်သူ သိရှိနိုင်အောင် ပြုလုပ်ထား ခြင်းဖြစ်သည်။

အတိုင်ပင်ခံ လုပ်ငန်းဖြစ်သည့် Yever မှ Nicolas Delange ၏ အဆိုအရဆိုလျှင် “ရင်းနှီးမြှုပ်နှံမှုက ယုံကြည်မှုနှင့် ဆိုင်သည်” စီမံအုပ်ချုပ်မှု၊ နည်းဗျုဟာ၊ ရှယ်ယာပိုင်ဆိုင်မှု ဖွဲ့စည်းပုံ အစရှိသည့် သတင်း အချက်အလက်များ ထုတ်ဖော်ပြသမှုမရှိသည့် ကုမ္ပဏီကို ရင်းနှီးမြှုပ်နှံသူများက ရှောင်ရှားသွားကြမည် ဟု ဆိုသည်။

“ပွင့်လင်းမြင်သာမှုကို လက်ခံဆောင်ရွက်တဲ့ ကုမ္ပဏီတွေက သူတို့ရဲ့ ပြိုင်ဖက်တွေ အပေါ်မှာ ယှဉ်ပြိုင်မှု အားသားချက်တခု ရပါလိမ့်မယ်။ ရလည်းရထားပြီးပါပြီ။ ကျနော်တို့ သူတို့ အကြောင်းကို ပြောကြတယ်။ ကျနော်တို့က သူတို့ကို ပိုလေးစားတယ်။ ကျနော်တို့က သူတို့နဲ့ အတူ စီးပွားရေးလုပ်ဖို့ ပိုပြီး စိတ်အားထက်သန်ကြတယ်။ ဝန်ထမ်းတယောက် အနေနဲ့ ဆိုရင် ကျနော်က ကုမ္ပဏီကောင်းတခုမှာ အလုပ်ဝင်မှာပဲ။ စားသုံးသူတယောက် အနေနဲ့ ကျနော်က ပစ္စည်းကောင်းတွေ ရောင်းတဲ့ ကုမ္ပဏီကို ရွေးချယ်လိမ့်မယ်။ ရင်းနှီးမြှုပ်နှံသူတယောက် အနေနဲ့ဆိုရင် ကျနော်က ဂုဏ်သတင်းကောင်းတဲ့ ကုမ္ပဏီ ကို ရွေးချယ်လိမ့်မယ်။ အဲဒါကြောင့် ပိုင်ဆိုင်မှုနဲ့ ပတ်သက်ပြီး သတင်းအချက်အလက် ထုတ်ဖော်ပြသနိုင်ခြင်းက ယုံကြည် မှု တည်ဆောက်ဖို့ အတွက် မရှိမဖြစ် လိုအပ်ပါတယ်။ ဒါ့အပြင် ငွေရေးကြေးရေး၊ သယံဇာတ ထုတ်ယူခြင်း အစရှိဖြင့် ကဏ္ဍတချို့ မှာ အဲဒါက ဥပဒေအရ မဖြစ်မနေကို လိုအပ်တာဖြစ်နိုင်ပါတယ်” ဟု သူကပြောသည်။

ဧရာဝတီ အင်္ဂလိပ်ပိုင်းတွင် ဖော်ပြထားသော Large Corporations Dominate ‘TiME’ Transparency Ranking ကို ဘာသာပြန်၍ ဖော်ပြခြင်းဖြစ်သည်။

Your Thoughts …
Tags: TiMEပုဂ္ဂလိကပိုင် ကုမ္ပဏီကြီးများပွင့်လင်းမြင်သာမှုမြန်မာ
ငြိမ်းငြိမ်း

ငြိမ်းငြိမ်း

ဧရာဝတီ

Similar Picks:

စစ်ကိုင်းနှင့် KNU ကိစ္စ NUG သမ္မတ ဘာကြောင့် သတိပေးလဲ

စစ်ကိုင်းနှင့် KNU ကိစ္စ NUG သမ္မတ ဘာကြောင့် သတိပေးလဲ

by ဧရာဝတီ
22 September 2023
16.4k

ယာယီသမ္မတအနေဖြင့် စက်တင်ဘာ ၂၀ ရက်နေ့ကကျင်းပခဲ့သည့် ပြည်ထောင်စုနှင့် ပြည်နယ်ဖက်ဒရယ်ယူနစ်များအကြား ပူးပေါင်းဆောင်ရွက်ရေး ကော်မရှင် (FSCC) အစည်းအဝေးတွင် ယခုကဲ့သို့ သတိပေးပြောကြားခဲ့ခြင်းဖြစ်သည်။

မြေပြင်စစ်ကူဝင်နိုင်သည့် လမ်းကြောင်းများကို မြောက်ပိုင်းမဟာမိတ် ထိန်းချုပ်

မြေပြင်စစ်ကူဝင်နိုင်သည့် လမ်းကြောင်းများကို မြောက်ပိုင်းမဟာမိတ် ထိန်းချုပ်

by ဧရာဝတီ
3 November 2023
15.6k

ရှမ်းပြည်နယ်မြောက်ပိုင်းကို မြေပြင်စစ်ကူဝင်နိုင်သည့် လမ်းကြောင်းများကို ထိန်းချုပ်လိုက်ပြီဖြစ်ကြောင်း “၁၀၂၇ စစ်ဆင်ရေး” ဆောင်ရွက်နေသည့် ညီနောင်မဟာမိတ်တပ်များက ဧရာဝတီသို့ ပြောသည်။

နောင်ချိုမြို့နဲ့ ဂုတ်တွင်းတံတားကို မဟာမိတ်တပ်တွေ စီးနင်းထိန်းချုပ်

နောင်ချိုမြို့နဲ့ ဂုတ်တွင်းတံတားကို မဟာမိတ်တပ်တွေ စီးနင်းထိန်းချုပ်

by မိုင်းခြိူဝ်းဇာရ်
30 October 2023
11.6k

TNLA နဲ့ MDY-PDF တို့ဟာ နောင်ချိုမြို့ပေါ် ရက်ကွက်တွေထဲ ဝင်ရောက်တာမျိုးမရှိသေးပေမယ့် မြို့ပတ်လည်လည်မှာ လှုပ်ရှားထိန်းချုပ်ထားပါတယ်။

အမ်းမြို့

အမ်းမြို့

by ဧရာဝတီ
3 November 2024
9.3k

အမ်းမြို့သည် လေးဘက်၊ လေးမျက်နှာ၌ တောင်စွယ် တောင်ကုန်းများဖြင့် ဝန်းရံလျက်ရှိ၍ ထိုတောင်စွယ် တောင်ကုန်း တို့သည် သစ်ပင်တောအုပ်များဖြင့် ဖုံးလွှမ်းကာ မှိုင်းမှိုင်းညို့ညို့ ရှိနေသဖြင့် ရှုမျှော်ခင်း သာယာသည်။

လားရှိုးမြို့ပေါ်က စစ်ကောင်စီ စစ်တပ်စခန်းတွေ မြောက်ပိုင်းမဟာမိတ် ဝင်တိုက်

လားရှိုးမြို့ပေါ်က စစ်ကောင်စီ စစ်တပ်စခန်းတွေ မြောက်ပိုင်းမဟာမိတ် ဝင်တိုက်

by မိုင်းခြိူဝ်းဇာရ်
28 October 2023
8.4k

မြို့ပေါ်ထိ တိုက်ပွဲဖြစ်လာတော့ စျေးတွေ ပိတ်သိမ်းကုန်တယ်။ လမ်းပေါ်မှာလည်း လူသွားလာတာ နည်းတယ်။ ဆိုင်ခန်းတွေ ပိတ်ကြတာပဲ။ စိုးရိမ်ကြတာပေါ့

ရှမ်းပြည်နယ်မြောက်ပိုင်းမှာ မဟာမိတ်တပ်အချင်းချင်းကြား တိုက်ပွဲဖြစ်

ရှမ်းပြည်နယ်မြောက်ပိုင်းမှာ မဟာမိတ်တပ်အချင်းချင်းကြား တိုက်ပွဲဖြစ်

by မိုင်းခြိူဝ်းဇာရ်
24 September 2023
8.1k

ကွတ်ခိုင်မြို့နယ်၊ မန်ပလန်ရွာအနီးမှာ စက်တင်ဘာ ၂၃ ရက်နေ့ ညနေ ၃ နာရီခန့်က အင်အား ၁၀၀ ခန့်ရှိတဲ့ SSPP စစ်ကြောင်း နဲ့ နယ်မြေခံ TNLA လှုပ်ရှားတပ်တွေအကြားမှာ နာရီဝက်ကျော်အကြာ အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့တာလို့...

Next Post
လိင်အကြမ်းဖက်မှုကို လူအများ သတိပြုနားလည်လာအောင် ရိုးရှင်းစွာ ပညာပေးဆောင်ရွက်မှုများနှင့် မလုံလောက်တော့ပေ  /  Reuters

ကျေးလက်နေအမျိုးသမီးများဘဝမြှင့်တင်ပေးရေး လွှတ်တော်တွင် တိုက်တွန်း

ဘီယာ တမျိုးတည်းသောက်ပြီး ဝိတ်ချခဲ့တဲ့ အမျိုးသား

ဘီယာ တမျိုးတည်းသောက်ပြီး တလအတွင်း ပေါင် ၃၀ ကျော် ချခဲ့တဲ့ အမျိုးသား

No Result
View All Result

Recommended

အသေအပျောက်များတဲ့ မြန်မာ့ငလျင်များသမိုင်း

အသေအပျောက်များတဲ့ မြန်မာ့ငလျင်များသမိုင်း

7 days ago
5.5k
မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

2 days ago
4.8k

Most Read

  • မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

    မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

    shares
    Share 0 Tweet 0
  • ကံဆိုးသော မြန်မာ့စီးပွားရေး ပြုပြင်ပြောင်းလဲမှုနှင့် ရှောင်တာနယ်

    shares
    Share 0 Tweet 0
  • “ယွတ်ရှတွေ အားကြီးကောင်းတယ်” သို့မဟုတ် ရုရှားသံအမတ်သို့ အိတ်ဖွင့်ပေးစာ

    shares
    Share 0 Tweet 0
  • မြန်မာတွင် လောဘဇောတိုက် ရွှေတူးမှုက နိုင်ငံတကာ မြစ်များကို ဒုက္ခပေး

    shares
    Share 0 Tweet 0
  • အရိုင်းအစိုင်းများအတွက် မေးခွန်းများ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate