မန္တလေးမြို့လယ်တွင် ကျပ် ၉၀ ဘီလီယံ ကုန်ကျမည့် ဖွံ့ဖြိုးမှုဆိုင်ရာ ဘက်စုံ စီမံကိန်း (Mixed-use Development Project) တရပ်အား အကောင်အထည်ဖော်မည်ဟု မေ ၃ ရက်နေ့က ပြုလုပ်သည့် လွှတ်တော် အစည်း အဝေးတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့က ချပြဆွေးနွေးခဲ့သည်။
မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် ၆၉ လမ်းနှင့် လမ်း ၇၀ ကြား သိပ္ပံလမ်းတောင်ဘက်ရှိ မြေဧရိယာ ၆ ဧက ကျော်ပေါ်တွင် စီးပွားရေးဆိုင်ရာများဖြစ်သော ရှော့ပင်းစင်တာများ၊ လူနေဆိုင်ခန်းများ၊ နည်းပညာနှင့် ပညာရေးဆိုင်ရာ စင်တာများ၊ Community Center စသောကဏ္ဍအလိုက်ပါဝင်မည့် ၆ ထပ်အဆောက် အဦးကို ယခုနှစ်လယ်မှ စ၍ ၂ နှစ်ခွဲကာလအတွင်း အကောင်အထည်ဖော်သွားမည်ဟု သိရသည်။
တိုင်းလျှပ်စစ်၊ စက်မှုနှင့်ဆောက်လုပ်ရေးဝန်ကြီး ဦးဇာနည်အောင် က “မန္တလေးဟာ ဒေသတွင်းမှာရော၊ နိုင်ငံအတွက်ပါ အချက်အချာကျသလို အလားအလာအကောင်းဆုံး ဒေသတခုလဲဖြစ်လာတယ်။ ဒီလို နေရာမှာ စီးပွားရေးစင်တာတွေ တည်ထောင်ဖို့လိုအပ်တယ်။ ဒါကြောင့် တိုင်းဒေသကြီးအစိုးရအဖွဲ့က ဒီစီမံကိန်းကို အကောင်အထည်ဖော်တာဖြစ်ပါတယ်” ဟု ဧရာဝတီကို ပြောသည်။
အဆိုပါစီမံကိန်းအတွက် မန္တလေးတောင်သမန်ဖွံ့ဖြိုးရေးလီမီတက်က တင်ဒါအောင်မြင်ခဲ့ပြီး ရင်းနှီးတည် ဆောက်မှု ကုန်ကျစရိတ်မှာ ကျပ် ၉၀ ဘီလီယံဖြစ်ပြီး လုပ်ပိုင်ခွင့်သက်တမ်းအားဖြင့် နှစ် ၅၀ နှင့် ၁၀ နှစ်ထပ် တိုးနှစ်ကြိမ်ရရှိမည်ဖြစ်ကြောင်း သိရသည်။
ထို့အတူ တင်ဒါအောင်ကုမ္ပဏီဘက်မှ မြေအသုံးစရိတ် အဖြစ် ကျပ်သန်း ၂၀၀၀ အား စီးပွားရေး လုပ်ငန်းများ စတင်လည်ပတ်ချိန်တွင်လည်းကောင်း၊ Shopping Mall အတွက် နှစ်စဉ် ငှားရမ်းစရိတ် ကျပ်သန်း ၁၀၀၀ နှင့် ငှားရမ်းခဆိုင်ရာ အသားတင်အမြတ်၏ ၅ ရာခိုင်နှုန်းအမြတ်ငွေတို့အား မန္တလေးတိုင်း အစိုးရအဖွဲ့ထံ ပေးသွင်းရမည်ဟု စာချုပ်တွင်ပါရှိကြောင်း သိရသည်။
စီမံကိန်း အကောင် အထည်ဖော်မည့် မြေဧရိယာသည် ယခင်အစိုးရလက်ထက်က ပုဂ္ဂလိက ကုမ္ပဏီတခုနှင့် ဖွံ့ဖြိုးရေး စီမံကိန်းတခုပြုလုပ်ရန် ခွင့်ပြုထားသည့် မြေဖြစ်သော်လည်း လက်ရှိအစိုးရ လက်ထက်တွင် တိုင်း ဖွံ့ဖြိုးရေး စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်ရန် လိုအပ်သည့် အတွက် မူလအတိုင်း အစိုးရ အမည်ပေါက် မြေအဖြစ် ပြန်လည် ရယူထားသည့် မြေလည်း ဖြစ်သည်။
ယခုဖွံ့ဖြိုးရေး စီမံကိန်းသည် လက်ရှိအစိုးရ လက်ထက်တွင် ဒေသတွင်း ပထမဆုံး အကောင်အထည်ဖော် မည့် စီမံကိန်းတရပ်ဖြစ်သလို စီမံကိန်းသဘောတူညီမှု ရရှိပြီးနောက်မှ တိုင်းလွှတ်တော်၌ ချပြဆွေးနွေးခြင်း ဖြစ်သဖြင့် ၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြဌာန်းချက်နှင့် အနည်းငယ် လွဲချော်နေသလို ယခင်အစိုးရ လက်ထက်က လုပ်ထုံးလုပ်နည်းများအတိုင်း ဖြစ်နေဆဲဟု ဝေဖန်မှုများ လည်းရှိနေသည်။
စီမံကိန်း အကောင် အထည်ဖော်မည့် ချမ်းမြသာစည်မြို့နယ်မှ တိုင်းလွှတ်တော် ကိုယ် စားလှယ် ဦးမြင့်အောင်မိုး က “ကျနော်တို့လဲ ဒီစီမံချက်အကြောင်း လွှတ်တော်တင်မှ သိရတာဖြစ်တယ်။ လွှတ်တော်ဥက္ကဋ္ဌကြီး ပြောသွားသလို စီမံချက်အနေနဲ့ပဲ လွှတ်တော်မှာ မှတ်တမ်းတင်တဲ့ သဘောမျိုးဖြစ်တာကြောင့် လွှတ်တော် ဘက်က အရမ်းထောက်ပြဆွေးနွေးတာမျိုး မလုပ်ခဲ့တာပါ” ဟု ဧရာဝတီကို ပြောသည်။
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၂၅၁ အရ စီမံကိန်းတရပ် အကောင်အထည် ဖော်မည်ဆိုပါက လုပ်ငန်းမစခင် တိုင်းဒေသကြီး အစိုးရအဖွဲ့က လွှတ်တော်၏ သဘောထားရယူရန် လိုအပ်သည်ဟု ဖော်ပြ ပါရှိသည်။ ထို့အပြင် တိုင်းအတွင်း ဆောင်ရွက်မည့် အစိုးရ၏ ရေရှည်စီမံချက်ဖြစ်ပါက လွှတ်တော်တွင် မှတ်တမ်းတင်ရုံသာဖြစ်သည်ဟုလည်း သိရသည်။
ယခင်အစိုးရ အဆက်ဆက်က အကောင်အထည်ဖော်ခဲ့သော စီမံကိန်းအများစုသည် ဥပဒေ၊ လုပ်ထုံးလုပ် နည်းနှင့် အညီဆောင်ရွက်မှု အားနည်းခဲ့ခြင်း၊ ကိုယ်ကျိုးစီးပွားများ ရောထွေးမှုရှိခဲ့ခြင်းကြောင့် ယခုစီမံကိန်း အပေါ် မန္တလေးမြို့ခံလူထုက ထိုသို့ဖြစ်မည်ကို စိုးရိမ်မှုရှိကြသည်။
တိုင်းဆောက်လုပ်ရေး ကဏ္ဍကို တာဝန်ယူထားသော ဝန်ကြီး ဦးဇာနည်အောင် က “ဒီစီမံကိန်းဟာ ပြည်သူအတွက် အဓိကထား လုပ်တာဖြစ်သလို ဒီအပေါ်မှာ ကိုယ်ကျိုးအတွက် ဘာမှလုပ်မှာ မဟုတ်သလို ရထားတဲ့ နိုင်ငံရေးဂုဏ်သိက္ခာကို ဘာနဲ့မှ လဲမှာမဟုတ်ပါဘူး” ဟု ယတိပြတ်ပြောသည်။
စီမံကိန်းအတွက် နိုင်ငံတကာ စံချိန်စံညွှန်းနှင့် အညီတင်ဒါခေါ်ယူခဲ့ပြီး တင်ဒါအောင် ကုမ္ပဏီနှင့် အစိုးရအဖွဲ့ အကြား လာဘ်ပေးလာဘ်ယူ အဂတိကင်းရှင်းအောင် ဆောင်ရွက်ခဲ့သလို စီမံကိန်းဆိုင်ရာ ကိစ္စအ၀၀ အတွက် နိုင်ငံခြားအကြံပေး ကုမ္ပဏီတခု အားဌားရမ်းခဲ့ပြီး တင်ဒါအောင် ကုမ္ပဏီနှင့် အကျိုးအမြတ် ညှိနှိုင်း ဆွေးနွေးရာတွင် ယင်းအကြံပေးကုမ္ပဏီ၏ အကြံပြုချက်တို့ကိုလည်း ထည့်သွင်းစဉ်းစား ဆုံးဖြတ်ခဲ့ သည်ဟု ၎င်းက ရှင်းပြသည်။
တင်ဒါအောင်မြင်သည့်ကုမ္ပဏီ မန္တလေးတောင်သမန် ဖွံ့ဖြိုးမှုလီမီတက်သည် ရင်းနှီးမြှပ်နှံမှု နှင့် ကုမ္ပဏီ များညွှန်ကြားမှု ဦးစီးဌာနတွင် ၂၀၁၇ ခုနှစ်က မှတ်ပုံတင်ခဲ့သော ရန်ကုန်အခြေစိုက် နိုင်ငံသားပိုင် ကုမ္ပဏီ တခု ဖြစ်ကြောင်း အဆိုပါဦးစီးဌာနမှ သိရသည်။
ဝန်ကြီးဦးဇာနည်အောင် က “ကုမ္ပဏီပိုင်ရှင်ကိုတော့ တခါမှမတွေ့ဖူးဘူး။ သိရသလောက် နိုင်ငံခြားနဲ့ JV (Joint Venture) ဖက်စပ် ကုမ္ပဏီတော့ မဟုတ်ပါဘူး။ ခုတော့ စီမံကိန်းအတွက် MIC ပါမစ်ကိစ္စ ဆက်ဆောင်ရွက်ဖို့ ညွှန်ကြားထား တယ်” ဟု ပြောသည်။
၎င်းကုမ္ပဏီအမည်သည် ယခင်အစိုးရ လက်ထက်က အကောင် အထည်ဖော်ခွင့်ရခဲ့သော မန္တလေး မြို့ ဦးပိန်တံတား အနီးရှိ တောင်သမန်သစ္စာ ဟိုတယ်စီမံကိန်း နာမည်ဆင်တူနေသော်လည်း ပိုင်ရှင် မတူကြောင်း တောင်သမန်သစ္စာ ဟိုတယ်စီမံကိန်း၏ ဒါရိုက်တာ အဖွဲ့ဝင်တဦးက ဧရာဝတီကို ပြောသည်။
ယင်းစီမံကိန်းနှင့် ဆက်စပ်၍ စာချုပ်စည်းကမ်းများအတိုင်း ပြည်သူများအတွက် အကျိုးပြုသော စီမံကိန်းတစ်ရပ်အဖြစ် အမှန်တကယ် အကောင်အထည်ဖော်မှုရှိ၊ မရှိအား စောင့်ကြည့်သွားမည်ဟု ချမ်းမြသာစည်မြို့နယ် တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးမြင့်အောင်မိုးက ဧရာဝတီကို ပြောသည်။