သတင်း

တပ်မတော်သားများကို ဘုရားလို ကိုးကွယ်သင့်ဟု ဦးဝီရသူ ပြော

Want create site? Find Free WordPress Themes and plugins.

လွှတ်တော်ထဲတွင် အမုန်းခံ၍ တာဝန်ထမ်းဆောင်နေကြသည့် တပ်မတော်သားများကို ဘုရားလို ကိုးကွယ်သင့်ကြောင်း အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေး အဖွဲ့ (မဘသ) ဆရာတော် ဦးဝီရသူ (ဘဒ္ဒန္တ ဝိစိတ္တာဘိဝံသ) က မိန့်ကြားသည်။

ယနေ့ ရန်ကုန်မြို့တော်ခန်းမရှေ့တွင် ကျင်းပခဲ့သည့် “၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပုဒ်မ ၅၉ (စ) အား ကာကွယ် စောင့်ရှောက်ရေးနှင့် ပုဒ်မ ၂၆၁ အား ပြင်ဆင်ပေးရေး လူထုဆန္ဒထုတ်ဖော်ပွဲ” တွင် ဆရာတော် ဦးဝီရသူ က တက်ရောက် လာသူများအား မိန့်ကြားခဲ့ခြင်း ဖြစ်သည်။

ဦးဝီရသူ က “ဒီကနေ့ စစ်သားတွေ လွှတ်တော်ထဲ ဝင်ထိုင်နေတာက အမုန်းခံပြီး ဝင်ထိုင်နေရတာ။ လစာရတာက လွှတ်တော် ကိုယ်စားလှယ် လစာ ရတာမဟုတ်ဘူး။ စစ်သားလစာရတာ။ စစ်သားလစာစားပြီး တိုင်းပြည်ကို အမုန်းခံပြီး ကာကွယ်စောင့်ရှောက်နေတဲ့ စစ်သားတွေကို ခင်ဗျားတို့က ဘုရားလိုတောင် ကိုးကွယ်ရမှာ၊ အခုဟာ ရန်သူလို မုန်းတီးနေကြတယ်။ ဒီလိုအဆင့်မျိုးကြီး ရောက်နေကတည်းကိုက အခြေခံဥပဒေကို ပြင်ဆင်ဖို့ မဖြစ်နိုင်သေးဘူး” ဟု မိန့်သည်။

ယနေ့ပြုလုပ်သည့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပုဒ်မ ၅၉ (စ) အား ကာကွယ် စောင့်လျှောက်ရေးနှင့် ပုဒ်မ ၂၆၁ အား ပြင်ဆင်ပေးရေး လူထုဆန္ဒထုတ်ဖော်ပွဲ (ဓာတ်ပုံ – ထက်ဝေ၊ ဧရာဝတီ)

လက်ရှိအစိုးရအနေဖြင့် ဒီမိုကရေစီ စံချိန်စံညွှန်းများ၊ ဒီမိုကရေစီကျင့်ဝတ်များ မပြည့်မီသေးသည့်အတွက်ကြောင့် ဖွဲ့စည်းပုံအခြေခံဥပဒေကို အရင်ပြင်ရမည်မဟုတ်ပဲ မိမိတို့၏ အကျင့်များကို အရင်ပြင်ရမည်ဖြစ်ကြောင်း ဦးဝီရသူက ဆိုသည်။

ဦးဝီရသူ က “ဥပဒေပြု အမတ်တွေကို ပြောချင်တယ်။ မိမိကိုယ်တိုင် နိုင်ငံတကာ အစိုးရတွေရဲ့ လက်ထက်မှာ ရှိတဲ့ ဥပဒေပြု အမတ်တွေလို အရည်အချင်းတွေ ပြည့်ဝပြီလား ကျင့်ဝတ်တွေလိုက်နာပြီလားလို့ မေးချင်တယ်။ အဲဒီလို ပြည့်ဝသွားပြီ လိုက်နာသွားပြီဆိုရင်တော့ စစ်သားတွေ တယောက်မှ မထားပါနဲ့ဦးဇင်းတို့ လက်ခံပါတယ်” ဟုဆိုသည်။

လက်ရှိအာဏာရ အစိုးရအနေဖြင့် မိမိတို့ ပါတီနှင့် ကင်းကွာနေရမည်ဖြစ်သည့်အပြင် မိမိပါတီကို ထောက်ခံသူဖြစ်စေ၊ မထောက်ခံသူဖြစ်စေ၊ မိမိပါတီဝင်ဖြစ်စေ၊ ပါတီဝင်မဟုတ်သူဖြစ်စေ ပြည်သူများအားလုံးကို တသွေးတသားထဲ ထားရမည် ဖြစ်သည်ဟု ဆိုသည်။

အဆိုပါ လူထုထောက်ခံပွဲတွင် ဦးဝီရသူစင်ပေါ်သို့ တက်ရောက်ဟောပြောချိန်တွင် လူငယ်တဦးက ဦးဝီရသူ၏ ပြောဆိုချက်များကို စင်အောက်မှ ပြန်လှန်ပြောဆိုနေခဲ့သည့်အတွက် အမျိုးသားရေး လှုပ်ရှားသူတို့မှ သည်းမခံနိုင်သည့်အတွက် ရုတ်ရုတ်သဲသဲ ဖြစ်သွားခဲ့သည်။

ယနေ့ပြုလုပ်သည့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပုဒ်မ ၅၉ (စ) အား ကာကွယ် စောင့်ရှောက်ရေးနှင့် ပုဒ်မ ၂၆၁ အား ပြင်ဆင်ပေးရေး လူထုဆန္ဒထုတ်ဖော်ပွဲ (ဓာတ်ပုံ – ထက်ဝေ၊ ဧရာဝတီ)

ထိုလူငယ်နှင့် စတင်အချင်းများခဲ့သည့် အမျိုးသားရေးလှုပ်ရှားသည့် အမျိုးသမီးတဦးက “ဆရာတော် စင်ပေါ်မှာ ပြောနေတာကို သူက အောက်ကနေ ဟုတ်လား၊ အော်၊ ဟာ ဒါတော့ဘာဖြစ်၊ ညာဖြစ်နဲ့ အော်နေတာ။ စင်ပေါ်စဟောထဲက အော်နေတာ ကြာလာရင် ဒီပွဲက ကျမတို့အမျိုးသားရေး လှုပ်ရှားတဲ့ မောင်ငယ်တွေနဲ့ ပြဿနာဖြစ်မှာစိုးလို့ ဆွဲထုတ်လိုက်တာ။ အဲ့ဒီမှာ ရုတ်ရုတ်သဲသဲဖြစ်သွားတာ” ဟု သူက ဆိုသည်။ သို့သော် အဆိုပါအမျိုးသမီးက ၎င်း၏ အမည်ကိုတော့ ထုတ်ဖော်မပြောခဲ့ပေ။

ထို့အပြင် အမျိုးသားရေးလှုပ်ရှားသည် ဦးဝင်းကိုကိုလတ်က တချိန်က ဒေါ်အောင်ဆန်းစုကြည် ၂၀၁၅ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးစဉ်က မီးမှန်မှန်ရအောင် လုပ်ရမည်ဆိုသည့် ဆိုင်းဘုတ်ကို ကိုင်ကာ ပြုလုပ်ခဲ့သည့်အတိုင်း စာရွက်တွင် အဆိုပါစာသားကိုရေးကာ စင်ပေါ်တွင် ဟောပြောခဲ့သည်။

အဆိုပါပွဲတွင် ဟောပြောခဲ့သည့် လွှတ်တော်အမတ်ဟောင်း ဘူးလတ် ဦးလှဆွေကလည်း “ပုဒ်မ ၅၉ (စ) ကို မထိနဲ့ မီးပွင့်သွားမယ်။ ဒါဟာ နိုင်ငံခြားသားနဲ့ အိမ်ထောင်ပြုခဲ့တာ။ NLD ထောက်ခံသူတွေ ပြောနေတာက ဒေါ်စုကို မူတည်ပြီး ဖွဲ့စည်းပုံမှာ ရေးထားတာလို့ ပြောနေတာ။ ဒါကိုပြင်ရမယ်ဆိုတာမှာ ဗိုလ်ချုပ်အောင်ဆန်း ကိုယ်တိုင်ရေးဆွဲခဲ့တဲ့ ၁၉၄၇ ခုနှစ် ဖွဲ့စည်းပုံမှာပါပါတယ်။ နိုင်ငံတော်အစိုးရမပြောနဲ့၊ လွှတ်တော်အမတ်တောင် လုပ်ခွင့်မရှိဘူး” ဟု ဆိုခဲ့သည်။

အဆိုပါပွဲတွင် တက်ရောက်လာကြသူများက ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေမှ ပုဒ်မ ၅၉ အား ကာကွယ်စောင့်ရှောက်ရေး၊ ပုဒ်မ ၃၆၁ အား ကာကွယ်စောင့်ရှောက်ရေး၊ ပုဒ်မ ၂၆၁ အား ဥပဒေနှင့်အညီ ပြင်ဆင်ပေးရေး၊ ဖွဲ့စည်းပုံအခြေခံဥပဒေအား ဥပဒေနှင့်အညီ ပြင်ဆင်ပေးရေး ဆိုသည့် ကြွေးကြော်သံများကို သံပြိုင်ကြွေးကြော်ခဲ့သည်။

ပုဒ်မ ၅၉(စ) ဆိုသည်က နိုင်ငံတော်သမ္မတ၏ သတ်မှတ်အရည်အချင်းဖြစ်ပြီး မိမိကိုယ်တိုင်သော်လည်းကောင်း၊ မိမိ၏ မိဘတပါးပါးသော်လည်းကောင်း၊ မိမိ၏ ဇနီး(သို့) ခင်ပွန်းသော်လည်းကောင်း၊ မိမိ၏ သား၊ သမီး သော်လည်းကောင်း၊ ထိုသားသမီး၏ ဇနီး(သို့) ခင်ပွန်းသော်လည်းကောင်း နိုင်ငံခြားသားအစိုးရ၏ ကျေးဇူးသစ္စာကို ခံယူစောင့်ရှောက်သူ၊ လက်အောက်ခံဖြစ်သူ မဖြစ်စေရ၊ နိုင်ငံခြားအစိုးရ၏ လက်အောက်ခံ၊ တိုင်းတပါးသားခံယူထားသူ၊ အခွင့်အရေးနှင့် ကျေးဇူူးခံစားခွင့်ရှိသူ မဖြစ်စရေဟု သတ်မှတ်ထားသည်။

ပုဒ်မ ၂၆၁ သည် တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရ ဝန်ကြီးချုပ်တို့နှင့် ပက်သတ်ပြီး သတ်မှတ်ထားရာတွင် နိုင်ငံတော်သမ္မတက တိုက်ရိုက်ခန့်အပ်ခွင့်ရှိနေသည့် အခွင့်အရေးကို ဖော်ပြထားသည်။

ပုဒ်မ ၃၆၁ သည် နိုင်ငံတော်သည် ဗုဒ္ဓဘာသာ သာသနာတော်ကို နိုင်ငံတော်၏ နိုင်ငံသားအများဆုံး ကိုးကွယ်ရာဖြစ်သော ဂုဏ်ထူးဝိသေသနာနှင့် ပြည့်စုံသည့် ဘာသာသာသနာဖြစ်သည်ဟု နိုင်ငံတော်က အသိအမှတ်ပြုသည်ဟု ဖော်ပြထားသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading