နိုင်ငံတော် သမ္မတ၏ အရေးပေါ် ရန်ပုံငွေမှ ကျပ် ၃၁၈.၀၆၆ သန်းကို သဘာဝ ဘေးအန္တရာယ်ကြောင့် ထိခိုက် ပျက်စီး ခဲ့ရသည့် အဆောက်အအုံများ ပြန်လည် ပြုပြင် တည်ဆောက်ရန် တပ်မတော်က ရရှိခဲ့ကြောင်း သတင်း ရရှိသည်။
၂၀၁၈ ခုနှစ် မတ်လနှင့် ဧပြီလများအတွင်း ဖြစ်ပေါ်ခဲ့ သော သဘာဝဘေးဒဏ် လေပြင်းတိုက်၊ မိုးသည်းထန်မှုများ ကြောင့် စစ်ဌာနချုပ် ၈ ခု၊ ဒေသကွပ်ကဲမှု ဌာနချုပ် ၃ ခုရှိ အဆောက်အအုံ ၁၂၄ လုံး၊ ဆက်စပ်လုပ်ငန်း ၃၀ တို့ အတွက် သမ္မတ၏ အရေးပေါ် ရန်ပုံငွေမှ ကျပ် ၃၁၈.၀၆၆ သန်း ခွဲဝေ သုံးစွဲခဲ့ခြင်းကို ကာကွယ်ရေး ဝန်ကြီးဌာန ဒု ဝန်ကြီး ဗိုလ်ချုပ် မြင့်နွယ်က ယနေ့ ပြည်ထောင်စု လွှတ်တော်သို့ ရှင်းလင်း တင်ပြသည်။
ဗိုလ်ချုပ်မြင့်နွယ်က“အဆိုပါ သဘာဝ ဘေးဒဏ်ကြောင့် ပျက်စီးမှုများသည် ကြိုတင်မသိမြင်နိုင်သော ရုတ်တရက် ဖြစ်ပေါ် ခဲ့သည့် သဘာဝ ဘေးဒဏ်များကြောင့် ဖြစ်သောကြောင့် ဘဏ္ဍာငွေ ကြိုတင် လျာထားချက် မရှိသဖြင့် ကျပ် ၃၁၈.၀၆၆ သန်းအား အရေး ပေါ် ရန်ပုံငွေမှ ကျခံသုံးစွဲခွင့် ရရှိရေး တင်ပြဆောင်ရွက်ခဲ့ပြီး ကာကွယ်ရေး ဝန်ကြီးဌာန အနေဖြင့် ခွဲဝေသုံးစွဲမည့် ကျပ် ၃၁၈.၀၆၆ သန်းအား ပြည်ထောင်စု လွှတ်တော်က မှတ်တမ်းတင် အတည်ပြုပေးနိုင်ပါ ရန် တင်ပြအပ်ပါတယ်”ဟု လွှတ်တော်တွင် ပြောသည်။
ပြည်ထောင်စု လွှတ်တော်က သမ္မတ၏ အရေးပေါ် ရန်ပုံငွေ ကျပ် ၉၀၉၅.၂၆၂ သန်း အနက်မှ ကာကွယ်ရေး ဝန်ကြီး ဌာနအတွက် အသုံးစရိတ် ကျပ် ၃၁၈.၀၆၆ သန်း၊ ပြည်ထဲရေး ဝန်ကြီးဌာန အတွက် ကျပ် ၅၈၇.၄၃၇ သန်း၊ လယ်ယာ စိုက်ပျိုးရေးနှင့် ဆည် မြောင်း ဝန်ကြီးဌာနအတွက် ကျပ် ၇၃၃၀.၇၀၅ သန်းတို့ကို ယနေ့ အတည်ပြုပေးခဲ့သည်။
သမ္မတ ဦးသိန်းစိန် လက်ထက်ကတည်းက နှစ်စဉ် သမ္မတအတွက် အရေးပေါ် ရန်ပုံငွေ လွှတ်တော်မှ ဘီလီယံ ၁၀၀ ခန့် ချထားပေး လျက်ရှိရာ ယင်းရန်ပုံငွေများကို သမ္မတ၏ ခွင့်ပြုချက်ဖြင့် လွှတ်တော်သို့ တင်ပြစရာ မလိုဘဲ သုံးစွဲနိုင် ပြီး ယခု ဝန်ကြီးဌာန ၃ ခု၏ လို အပ်သော ဘတ်ဂျက်များကို ၂၀၁၈ ခုနှစ် ဒီဇင်ဘာလတွင် ကျင်းပသည့် အစိုးရအဖွဲ့ အစည်းအဝေးက ခွင်ပြုပေးခဲ့ခြင်း ဖြစ်ကြောင်း လွှတ်တော် ကိုယ်စားလှယ်များထံက သိရသည်။
တပ်မတော် အရာရှိဟောင်းလည်း ဖြစ်ပြီး ကော့ကရိတ်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လည်း ဖြစ်သူ ဦးစိုး ဌေး က“ဘတ်ဂျက်ရဲ့ သဘောတရားအရ အမှန်တကယ် သုံးဖို့ လိုအပ်ရင် ပေးရတယ်။ တပ်မတော်ရဲ့ ဘတ်ဂျက်က တော့ တောင်းရင် ပေးရမှာပဲ။ အခု သဘာဝ ဘေးအန္တရာယ်ကျတော့ ကြိုတင်ပြီးတော့ လျာထားလို့ မရဘူး။ အခုဟာ က စစ်ဆင်ရေး စရိတ်လည်း မဟုတ်ဘူး”ဟု ဧရာဝတီ သို့ ပြောသည်။
ယမန်နှစ်ကလည်း ရန်ကုန်မြို့ မီးလင်းရေး မီးစက်များ ဝယ်ယူ အသုံးပြုရန်အတွက်ဟု ဆိုကာ ရန်ကုန်တိုင်း အစိုးရက သမ္မတ၏ အရေး ပါ် ရန်ပုံငွေမှ ဘီလီယံ ၃၀ ခန့် ရရှိသွားခဲ့ဖူးကြောင်း ရန်ကုန်တိုင်း လွှတ်တော် ကိုယ်စားလှယ်တဦး က ဧရာဝတီသို့ ပြောသည်။
ထို့ပြင် ၂၀၁၇ ခုနှစ် မေလက တိုက်ခတ်ခဲ့သည် ဆိုင်ကလုန်း မုန်တိုင်း မိုရာ၏ ဘေးဒဏ်ကြောင့် ဒေသ ကွပ်ကဲရေး စစ် ဌာနချုပ် (စစ်တွေ) ကွပ်ကဲမှု အောက်ရှိ တပ်ရင်း၊ တပ်ဖွဲ့ ၆၇ တပ်တွင် ပျက်စီးခဲ့သည့် အဆောက် အအုံ ၁၀၀၉ လုံး အနက် ၂၀၁၇ – ၂၀၁၈ ဘဏ္ဍာရေးနှစ်တွင် အချိန်မီ ပြန်လည်ပြုပြင် ပြီးစီးနိုင်မည့် အဆောက်အအုံ ၈၈၂ လုံးမှာ အရေး ပေါ် ရန်ပုံငွေမှ ကျပ် ၄၉၈၉. ၆၉၄ သန်းအား ခွင့်ပြုပေးခဲ့ပြီး ကျန်ရှိသည့် အဆောက် အအုံ ၁၂၇ လုံး အတွက် ၂၀၁၈ ခုနှစ်တွင် သမ္မတ၏ အရေးပေါ် ရန်ပုံငွေမှ ကျပ် ၁၈၉၇.၁၆ သန်း ဆက်လက် သုံးစွဲခွင့် ရရှိခဲ့ကြောင်း ၂၀၁၈ ခုနှစ် ဇူလိုင်လ အတွင်းက လွှတ်တော်တွင် ဗိုချုပ် မြင့်နွယ်က ရှင်းလင်းခဲ့သေးသည်။
၂၀၁၉ ခုနှစ်တွင် နေပြည်တော်တိုင်း စစ်ဌာနချုပ်၊ အနောက်မြောက်တိုင်း စစ်ဌာနချုပ်၊ တြိဂံဒေသတိုင်း စစ်ဌာနချုပ်၊ ကမ်းရိုးတန်း ဒေသတိုင်း စစ်ဌာနချုပ်၊ ရန်ကုန်တိုင်း စစ်ဌာနချုပ်၊ အနောက်မြောက်တိုင်း စစ်ဌာနချုပ်၊ အလယ်ပိုင်း တိုင်း စစ်ဌာနချုပ်၊ တောင်ပိုင်းတိုင်း စစ်ဌာနချုပ်၊ ဒေသကွပ်ကဲမှု စစ်ဌာနချုပ် (တနိုင်း)၊ ဒေသ ကွပ်ကဲမှု စစ်ဌာနချုပ် (လွိုင်ကော်)နှင့် ဒေသကွပ်ကွဲမှု စစ်ဌာနချုပ် (စစ်တွေ) ကွပ်ကဲမှုဌာနတို့က သမ္မတရန်ပုံငွေကို ဆက်လက် သုံးစွဲခွင့် ရရှိခဲ့သည်ဟုလည်း ဆိုသည်။
ပြည်ထဲရေး ဝန်ကြီးဌာနက ရရှိခဲ့သည့် သမ္မတ၏ အရေးပေါ် ရန်ပုံငွေမှာ ကျပ် ၅၈၇.၄၃၇သန်း ဖြစ်ပြီး မြန်မာနိုင်ငံ ရဲ တပ်ဖွဲ့ အမှတ်(၁) နယ်ခြားစောင့် ရဲတပ်ဖွဲ့ရုံး ကွပ်ကဲမှုအောက်ရှိ ရခိုင်ပြည်နယ် နယ်စပ်ဒေသ လုံခြုံရေး အခြေအနေ အရ အမှတ် ၁၊ ၂၊ ၃၊ ၄ နယ်ခြား စောင့်ရဲကွပ်ကဲမှု တပ်ဖွဲ့ခွဲများ၏ အုပ်ချုပ်မှုနှင့် လူနေအဆောက်အဦများတွင် လျှပ်စစ် မီး ရရှိရေးအတွက် သုံးစွဲခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
နယ်စပ်ဒေသ လုံခြုံရေးအခြေအနေအရ ထရန်စဖော်မာများ တပ်ဆင်ခြင်း၊ အုပ်ချုပ်မှုနှင့် လူနေ အဆောက်အအုံများ တွင် လျှပ်စစ်မီးများ သွယ်တန်းခြင်း စသည့် လုပ်ငန်းများ၌ အသုံးပြုသွားမည် ဖြစ်ပြီး ထိုသို့ ဆောင်ရွက်ခြင်းဖြင့် ရခိုင် ပြည်နယ် နယ်စပ် အခြေအနေများ ပိုမိုကောင်းမွန်ရန်၊ စိတ်ချစွာဖြင့် တရားဥပဒေစိုးမိုးရေး လုပ်ငန်းများကို ထိရောက် အောင်မြင်စွာ ဆောင်ရွက်နိုင်မည့် အကျိုးရလဒ်များ ရရှိနိုင်မှာဖြစ်ကြောင်း ပြည်ထဲရေး ဒုဝန်ကြီး ဗိုလ်ချုပ် အောင်သူက ယနေ့ လွှတ်တော်တွင် ပြောဆိုခဲ့သည်။
၂၀၁၇ – ၂၀၁၈ ဘဏ္ဍာရေးနှစ်တွင် တပ်မတော်၏ အသုံးစရိတ်မှာ သာမန်ရငွေ ကျပ် ၆၂ ဒသမ ၈၆၉ ဘီလီယံ၊ သာမန် အသုံး စရိတ် ၁၇၆၅ ဒသမ ၉၄၁ ဘီလီယံ၊ ငွေလုံးငွေရင်း အသုံးစရိတ် ၁၄၂၇ ဒသမ ၀၈၀ ဘီလီယံ စုစုပေါင်း ၃၁၉၂ ဒသမ ၉၅၁ ဘီလီယံ တောင်းခံခဲ့ကြောင်း သိရသည်။