ကရင်ပြည်နယ် ဘုရားသုံးဆူ မြို့နယ် အတွင်း မွန်ပြည်သစ် ပါတီ (NMSP)နှင့် ကရင်အမျိုးသား အစည်းအရုံး (KNU) တို့၏ လက်အောက်ခံ တပ်ဖွဲ့ ၂ ဖွဲ့ကြား စစ်ရေး တင်းမာနေခြင်းကြောင့် နှစ်ဖက်တပ်များ မူလနေရာသို့ ပြန်လည် ဆုတ်ခွာ ရေး အပါအဝင် အချက် ၃ ချက် သဘောတူညီမှု ရယူကာ ဖြေရှင်းလိုက်ကြောင်း သိရသည်။
NMSP နှင့် KNU တို့ကြား ဘုရားသုံးဆူမြို့နယ်တွင် သစ်ထုတ်လုပ်ခြင်းနှင့် နယ်မြေ စိုးမိုးရေးကိစ္စတို့ အငြင်းပွားပြီး ဧပြီ ၂၉ ရက်က သဒိန်(တာဒိန်) ကျေးရွာ၊ သံပုရာချောင်းဖျားမှာ ပစ်ခတ်မှုဖြစ်ပြီးနောက် နှစ်ဖက် စစ်အင်အား ဖြည့်ကာ တင်းမာ ခဲ့ကြခြင်း ဖြစ်သည်။
ထို့ကြောင့် NMSP နှင့် KNU ခေါင်းဆောင်များ ဘုရားသုံးဆူမြို့နယ် ချောင်းဆုံရွာ သဘာဝရေတံခွန် အနီးတွင် မေ ၃ ရက် က တွေ့ဆုံ၍ သစ်ထုတ်လုပ်ခြင်းနှင့် လမ်းဖောက်လုပ်ခြင်း ရပ်ဆိုင်းရန်၊ နှစ်ဖက် တပ်ဖွဲ့ဝင်များ မူလနေရာများသို့ ပြန်လည် ဆုတ်ခွာသွားရန်နှင့် တပ်ပိုင်းဆိုင်ရာ လှုပ်ရှားမှုများ ရှိလာပါက စစ်ဆင်ရေး ရုံးများကနေတဆင့် အသိပေးရန် စသည့် အချက် ၃ ချက်ကို သဘောတူညီမှု ရယူကာ တင်းမာမှုကို ဖြေရှင်းခဲ့ကြကြောင်း သိရသည်။
NMSP ၏ ဘုရားသုံးဆူမြို့နယ်ဥက္ကဌ နိုင်အာကာက“၃ချက် သဘောတူညီချက်ရတယ်၊ တပ်နေရာကို မူလ နေရာတွေ မှာ ပြန်ပြီးတော့ ဆုတ်သွားဖို့၊ KNU ရော၊ မွန်ပြည်သစ်ပါတီရောပေါ့နော်၊ ပြီးတော့ သစ်ထုတ်တဲ့ကိစ္စ မထုတ်ဖို့ပေါ့၊ အဲဒါ ပြီးတော့ တပ်ပိုင်းဆိုင်ရာ လှုပ်ရှားရင်တော့ စစ်ဆင်ရေး ရုံးကနေတဆင့်ပေါ့ အချိတ်အဆက် ယူပြီးမှ သွားဖို့ပေါ့”ဟု ဧရာဝတီ သို့ ပြောသည်။
လက်ရှိတွင် တပ်အင်အား ဖြည့်ထားပြီး အသင့်အနေအထားဖြင့် စောင့်ကြည့်နေသော NMSP နှင့် KNU တို့၏ တပ်များ မူလ နေရာများသို့ ပြန်လည် ဆုတ်ခွာသွားနေကြပြီ ဖြစ်ကြောင်းလည်း ၎င်းက ဆိုသည်။
KNU ၏ ဘုရားသုံးဆူမြို့ရှိ ဆက်ဆံရေးရုံး တာဝန်ခံ စောအက်ဒဝပ်က“ဆုတ်သွားပြီ၊ လမ်းတွေ ဂိတ်တွေ ပိတ်ထား တာ လည်း မရှိတော့ဘူး၊ တင်းမာမှုတွေ ဆက်မဖြစ်တော့ဘူး၊ ကျနော်တို့ ခေါင်းဆောင် အချင်းချင်း ဘယ်လို တိုင်ပင် ဆွေးနွေးထားလဲတော့ မသိဘူး”ဟု ပြောသည်။
မေ ၃ ရက်နေ့က တွေ့ဆုံဆွေးနွေးပွဲတွင် NMSP ဘက်က ဗဟိုဝန်းကျင်ဒေသ ဦးစီးအဖွဲ့ဥက္ကဌ နိုင်တူးရာမန်နှင့်တပ်ရင်း (၅) တပ်ရင်းမှူး နိုင်စိုက်ချမ်းတို့ ဦးဆောင်သော ကိုယ်စားလှယ် ၆ ဦး တက်ရောက်ခဲ့ပြီး KNU ဘက်မှ ဒူးပလာယာ ခရိုင် ဥက္ကဌ ပဒိုစောရွှေမောင်း၊ တပ်မဟာ(၆)ဗျူဟာမှူး ဗိုလ်မှူးကြီး စောဂျိုးဆွာ၊ တပ်ရင်း(၁၆) တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး စောရွှေဝင်းတို့ တက်ရောက်ခဲ့ကြောင်း သိရသည်။
KNU ဒူးပလာယာ ခရိုင်ဥက္ကဌ ပဒိုစောရွှေမောင်းကို ဧရာဝတီက ဆက်သွယ်သော်လည်း ဖုန်းကိုင်ခြင်း မရှိသည့် အတွက် တစုံတရာ မသိရပေ။
ဘုရားသုံးဆူ မြို့နယ် အတွင်းတွင် NMSP မှ မွန်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (MNLA)၏ အမှတ် (၅) တပ်ရင်း လှုပ်ရှားလျက်ရှိသလို KNU ၏ ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA)၏ တပ်မဟာ (၆) လက်အောက်ခံ တပ်ရင်း (၁၆) နှင့် တပ်ခွဲ(၂)တို့ လှုပ်ရှားလျက်ရှိကြောင်း သိရသည်။
ထိုဒေသသည် မွန်ပြည်သစ်ပါတီ(NMSP)နှင့် တပ်မတော်အစိုးရကြား ၁၉၉၅ ခုနှစ်က ချုပ်ဆိုခဲ့သော အပစ်ရပ် စာချုပ် အရ NMSP ၏ ထိန်းချုပ်နယ်မြေအဖြစ် သတ်မှတ်ပေးထားကြောင်း NMSP က ပြောသည်။
NMSP နှင့် KNU တို့သည် တနိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ် (NCA) အပါအဝင် ပြည်နယ် အဆင့်- ပြည်ထောင်စု အဆင့် အပစ်ရပ်စဲရေး စာချုပ်များကို လက်မှတ်ထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ များ ဖြစ်ကြောင်း သိရသည်။