ရနောင်း လူဝင်မှု ကြီးကြပ်ရေး ရဲတပ်ဖွဲ့မှ မြန်မာခရီးသည် ၂၀၀ ကို ဝန်ဆောင်မှု ပေးရန် နှောင့်နှေးသည့်အတွက် နယ်ခြား ကော်မတီ အစည်းအဝေးတွင် မြန်မာဘက်မှ အပြစ်တင် ဝေဖန်သဖြင့် ထိုင်းတောင်ပိုင်း ပြည်နယ် လူဝင်မှု ကြီးကြပ် ရေး ရဲမှူးချုပ်ကို နေရာပြောင်းရွေ့လိုက်ကြောင်း Bangkok Post သတင်ကဆိုသည်။
ထို့အတွက် ရနောင်းလူဝင်မှု ကြီးကြပ်ရေး အရာရှိချုပ် ရဲဗိုလ်မှူးကြီး ကာရွန် ယာတွန်ကို လူဝင်မှုကြီးကြပ် ရေးဗျူရို စစ် ဆင်ရေးဌာနသို့ ပြောင်းရွှေ့စေခဲ့ပြီး၊ ယခုအခါ ရဲ ဒုတိယ ဗိုလ်ချုပ်ဆွမ်ပေါင်ချင်ဒေါင်က အဆိုပါနေရာကို ယာယီ ကိုင်တွယ်နေကြောင်း ထိုင်းလူဝင်မှု ကြီးကြပ်ရေး ဗျူရို၏ ယနေ့ု ထုတ်ပြန်ချက်ကို ကိုးကား၍ ရေးသားထားခြင်း ဖြစ်သည်။
အဆိုပါ ရာထူးအပြောင်းအရွှေ့နှင့် ပတ်သက်၍ မီဒီယာများတွင် သတင်းဖော်ပြရာ၌ “ကော့သောင်းနယ်စပ် ကော်မတီ နှင့် ၎င်းတို့နှင့်ဆွေးနွေးဖက် ထိုင်းအရာရှိများ ရနောင်းမြို့တွင် ဧပြီလ ၂၆ ရက်က ပြုလုပ်သည့် အစည်းအဝေးတွင် မြန်မာ ခရီးသွားဧည့်သည့် ၂၀၀ နှင့်ပတ်သက်၍ ထိုင်းလူဝင်ကြီးကြပ်ရေး၏ဆောင်ရွက်ချက်များအပေါ် မြန်မာကိုယ်စားလှယ်များ က ဝေဖန်ထောက်ပြခဲ့ကြကြောင်း” ဆိုသည်။
ဖေဖော်ဝါရီလ ၇ ရက်က မြန်မာခရီးသည်များသည် ရနောင်းမြို့၌ လူဝင်မှုကြီးကြပ်ရေး ရှင်းလင်းဆောင်ရွက်ရန် အတွက် နံနက် ၈ နာရီမှ မွန်းလွဲချိန် အထိ ၄ နာရီကြာ စောင့်ဆိုင်းနေခဲ့ရကြောင်း မြန်မာဘက်က ပြောကြားခဲ့သည်။
ထို့အတွက် ခရီးသည် အဝင်အထွက်နှင့် ပတ်သက်၍ စောင့်ကြည့်ရေးမှာ ဒေသဆိုင်ရာ လူဝင်မှု ကြီးကြပ်ရေး အရာရှိချုပ်၏ တာဝန်ဖြစ်ကြောင်း၊ ခရီးသည်အရေအတွက်များပြားလျှင် ထိုင်းဝန်ထမ်းများ ပိုမိုတိုးချဲ့စေလွှတ်၍ တာဝန်ပေးလျက် ရှိ ကြောင်း ထိုင်းလူဝင်မှုကြီးကြပ်ရေးဗျူရိုက ပြောကြားခဲ့သည်။
ဖေဖော်ဝါရီလ ၇ ရက် နံနက် ၁၀ နာရီက ရနောင်းမြို့သို့ မြန်မာခရီးသည် ၂၀၀ အမှန်တကယ်ရောက်ရှိခဲ့သည်ဟု ရဲဗိုလ်မှူးကြီး ဝီရာယော့က ဝန်ခံကြောင်း၊ အချို့ ခရီးသည်များမှာ ပထမဆုံးအကြိမ် လာရောက်ခြင်း၍ ၎င်း၏လက်ဗွေရာကို ယူနေရခြင်းကြောင့် ခရီးသည်တဦးချင်းစီအတွက် လူဝင်မှုကြီးကြပ်ရေးလုပ်ထုံးလုပ်နည်းအရ ကြာချိန်မှာ ၂ မိနစ်သာဖြစ် ကြောင်း သတင်းများတွင် ဖော်ပြထားသည်။
သို့ဖြစ်၍ ယင်းခရီးသည် အားလုံးအတွက် လူဝင်မှု ကြီးကြပ်ရေး လုပ်ငန်းများ ဆောင်ရွက် ပြီးစီးချိန်မှာ ၂ နာရီ ဝန်းကျင် ကြာမြင့်ကြောင်း၊ ရနောင်းရဲများက ၎င်းတို့ အကောင်းဆုံး ဆောင်ရွက်ခဲ့ကြခြင်း ဖြစ်ကြောင်း ရဲမှူးဝီရာယော့က ပြောကြားခဲ့သည်။
အကယ်၍ ခရီးသွားလုပ်ငန်းများက ခရီးသည်များပြားမည်ဖြစ်ကြောင်း ကြိုတင်အသိပေးလျှင် ပြည်နယ် လူဝင်မှု ကြီးကြပ်ရေးက လုံလောက်သည့် ဝန်ထမ်း အင်အား ချထားပေးခြင်းဖြင့် မလိုလားသည့်ဖြစ်စဉ်များမှ တားဆီးနိုင်ရန် စီစဉ်ထားကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။