အသစ် ပြဋ္ဌာန်း လိုက်သည့် လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေး ဆိုင်ရာ ဥပဒေ အသစ်တွင် အလုပ် ရှင်၊ အလုပ်သမား အားလုံး အတွက် အကျုံးဝင်ကာ ထိရောက်မှု ရှိစေရန် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အား ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးသိန်းဆွေက “သတ္တု တူးတဲ့ နေရာ၊ ရေနံတူးတဲ့ နေရာ၊ စိုက်ပျိုးရေး စတဲ့ သယံဇာတ တူးဖော်တဲ့ နေရာတွေမှာလည်း လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်း ရှင်းရေးနဲ့ ကျန်းမာရေးဟာ အရေးကြီးတဲ့ အတွက် ဒါတွေ ဆက်လက် လွှမ်းခြုံမိအောင် လုပ်ငန်းရှင်တွေရော၊ အလုပ် သမား၊ ဌာန ဆိုင်ရာတွေ ပေါင်းစုံပြီး အလုပ်ရုံ ဆွေးနွေးပွဲ နှစ်ရက် လုပ်ပြီး ဆက်လက် ဆောင်ရွက်သွားမှာပါ ” ဟု ပြော သည်။
မေလ ၆ ရက် က နေပြည်တော်ရှိ M Gallery ဟိုတယ်တွင် အလုပ်ရုံနှင့် အလုပ်သမား ဥပဒေ စစ်ဆေးရေး ဦးစီးဌာနနှင့် အပြည်ပြည် ဆိုင်ရာ အလုပ်သမား ရေးရာ အဖွဲ့ (ILO) တို့ ပူးပေါင်း ကျင်းပသည့် လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်း ရေးနှင့် ကျန်းမာရေး ဆိုင်ရာ ဥပဒေအား စတင် အကောင်အထည်ဖော် ဆောင်ရွက်ရေး အလုပ်ရုံ ဆွေးနွေးပွဲတွင် အထက် ပါ အတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။
မြန်မာနိုင်ငံ အနေဖြင့် အလုပ်ရုံများ အက် ဥပဒေကို ယခု အချိန်ထိ ကျင့်သုံးနေရဆဲ ဖြစ်ပြီး လုပ်ငန်းကဏ္ဍ အားလုံး လွှမ်းခြုံ နိုင်သည့် လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေး ဆိုင်ရာ ဥပဒေကို ၂၀၁၉ ခုနှစ် မတ်လ ၁၅ ရက်တွင် အတည်ပြု ပြဋ္ဌာန်းခဲ့ခြင်း ဖြစ်သည်။
ယခင်က စက်ရုံ၊ အလုပ်ရုံများ အတွက်သာ သက်ဆိုင်ခဲ့ရာမှ ယခု ဥပဒေသစ်တွင် သတ္တု တူးဖော်ရေး လုပ်ငန်း၊ စိုက်ပျိုး ရေး လုပ်ငန်း အစရှိသည့် သယံဇာတ တူးဖော်သည့် လုပ်ငန်းများမှ အလုပ်ရှင် အလုပ်သမားများ အတွက်ပါ အကျုံးဝင် ထိရောက်မှု ရှိမည် ဖြစ်ကြောင်း သိရသည်။
ILO မှ ပြောရေး ဆိုခွင့် ရှိသူ Mr.Rory Mungoven က “ဒီဆွေးနွေးပွဲကနေ ဝိုင်းဝန်းပြီးတော့ အကြံပြု ဆွေးနွေးနိုင်အောင် အမြင် မတူတဲ့ အချက်တွေကိုလည်း ဆွေးနွေးကြမှာ ဖြစ်ပါတယ်။ ဒီဖိုရမ်ကို အပြည့်အဝ အသုံးချပြီးတော့ အခွင့်အရေးများ အပြည့်အဝ ရရှိအောင် ဆွေးနွေးစေလိုပါတယ်” ဟု ပြောကြားသည်။
မြန်မာနိုင်ငံ အနေဖြင့် လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေးကို ၁၉၅၁ ခုနှစ် အလုပ်ရုံများ အက် ဥပဒေ နှင့် အကျုံးဝင်သည့် စက်မှု ထုတ်ကုန် ကဏ္ဍ တခုတည်းကိုသာ ကျင့်သုံး ဆောင်ရွက်ခဲ့ခြင်း ဖြစ်သောကြောင့် လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာ ဥပဒေ ပြဋ္ဌာန်း ကျင့်သုံးခြင်းကြောင့် ပေါ်ပေါက်လာမည့် အခင်း အကျင်း အသစ် အတွက် အဆင်သင့် မဖြစ်သေးသည့် ကဏ္ဍများစွာ ရှိနေဦးမည် ဖြစ်ကြောင်း ပြည်ထောင်စု ဝန်ကြီးက ဆိုသည်။
၎င်းက ဆက်လက်၍ လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေး ဆိုင်ရာ ဥပဒေကို ပြဋ္ဌာန်း ကျင့်သုံး ဆောင် ရွက်ခဲ့သည်မှာ မြန်မာနိုင်ငံ တခုတည်းသာ မဟုတ်ဘဲ အာဆီယံ ဒေသတွင်း နိုင်ငံများတွင်လည်း အလားတူ ကျင့်သုံး ဆောင်ရွက်နေကြောင်း၊ မြန်မာနိုင်ငံ အနေနှင့် ဒေသတွင်း နိုင်ငံများ၏ ကျင့်သုံးမှု အတွေ့အကြုံများကို ရယူပြီး ဆောင်ရွက် နိုင်ပါက များစွာ အကျိုးရှိမည် ဖြစ်သဖြင့် ILO ၏ အကူ အညီရယူပြီး ဆွေးနွေးပွဲ ကျင်းပရခြင်း ဖြစ်ကြောင်း ပြောသည်။
အဆိုပါ အသစ် ပြဋ္ဌာန်းလိုက်သည့် လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေး ဆိုင်ရာ ဥပဒေကို စတင် အကောင်ထည်ဖော် ဆောင်ရွက်ရန် အတွက် အတွေ့အကြုံ ရှိသည့် ဗီယက်နမ်၊ စင်ကာပူနှင့် ဖိလစ်ပိုင် နိုင်ငံတို့မှ အတွေ့ အကြုံများကို ရယူပြီး တနိုင်ငံလုံး လွှမ်းခြုံ ဆောင်ရွက်သွားနိုင်ရန် စီစဉ်လျက် ရှိကြောင်း သိရသည်။
မြန်မာနိုင်ငံ စက်မှု လက်မှုနှင့် ဝန်ဆောင်မှု လုပ်ငန်းပေါင်းစုံ အလုပ်သမား သမဂ္ဂ အဖွဲ့ချုပ်မှ ဒု ဥက္ကဋ္ဌ ဦးနော်အောင်က “ဥပဒေ ဘယ်လောက်ပဲ ကောင်းကောင်း အကောင်အထည်ဖော်တဲ့ အချိန်မှာ ပိုပြီး အရေးကြီးပါတယ်။ အလုပ်သမားတွေ နားလည်လား၊ နားမလည်ဘူးလား ဆိုတာလည်း အရေးကြီးပါတယ်။ နည်းဥပဒေ ရေးဆွဲတဲ့ အချိန်မှာလည်း မူရင်း ဥပဒေ ကို ကျော်လွန်ပြီးတော့ ဥပဒေမှာ လမ်းဖွင့် ပေးထားပေမယ့် နည်းဥပဒေမှာ လမ်းပိတ်တာမျိုး မလုပ်ဖို့ လိုပါတယ်” ဟု ပြော သည်။
ယခင် ပြဋ္ဌာန်းထားသည့် ဥပဒေ အဟောင်းမှာ ကျန်းမာရေး အတွက် မကြည့်ဘဲ လျော်ကြေး ဘက်ကိုသာ ကြည့်၍ ရေး ဆွဲထားခြင်း ဖြစ်ကြောင်း၊ အလုပ်သမား တဦး တစုံတရာ ဖြစ်ပါက မည်သို့ လျော်ရမည် ဆိုသည့် အချက်သာ ပါဝင် သဖြင့် အကာအကွယ် ပေးသည့် ဥပဒေ မဟုတ်ဘဲ ယခု ပြဋ္ဌာန်းလိုက်သည့် ဥပဒေမှာ အလုပ်သမားများ ဘက်မှ အကာအကွယ် ပေးထားသည့် ဥပဒေ တရပ် ဖြစ်ကြောင်း ပြည်သူ့ လွှတ်တော် တောင်သူလယ်သမားနှင့် အလုပ်သမား ရေးရာ ကော်မတီမှ အဖွဲ့ဝင် တဦး ဖြစ်သူ ဦးစောတင်ဝင်း က ဧရာဝတီသို့ ပြောသည်။
ဦးစောတင်ဝင်း က “လုပ်သမားတွေ အတွက် အဓိက ထားပြီး ရေးဆွဲတဲ့ ဥပဒေ တရပ် ဖြစ်တယ်။ ဥပဒေက အသစ် ဖြစ် နေတဲ့ အတွက် ဘယ်လောက် ထိထိရောက်ရောက် သက်ရောက်မယ် ဆိုတာကတော့ ပြောဖို့ နည်းနည်း စောပါသေး တယ်” ဟု ဆိုသည်။
ယခု ဥပဒေသစ်တွင် လုပ်ငန်းခွင် ဘေးအန္တရာယ် ရှိနေသည့် ဆောက်လုပ်ရေး၊ စိုက်ပျိုးရေး၊ သတ္တုတူးဖော်ရေး၊ ရေနံတူး ဖော်ရေး အစရှိ သည့် သယံဇာတ တူးဖော်သည့် လုပ်ငန်းများ အတွက်ပါ အကျုံးဝင် လွှမ်းခြုံနိုင်ရန် ပြည်တွင်းပြည်ပ အဖွဲ့အစည်းများ၊ ဌာန ဆိုင်ရာ အသီးသီး တို့ဖြင့် ဆွေးနွေးပွဲများ ပြုလုပ်၍ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံ အထည်ချုပ် လုပ်ငန်းရှင်များ အသင်း အတွင်းရေးမှူး ဒေါ်ခိုင်ခိုင်နွယ် က “နည်းဥပဒေ ထွက်ဖို့ လိုပါတယ်။ အလုပ်သမားတွေကိုလည်း ရှင်းပြဖို့ လိုပါတယ်။ ၃ ပွင့်ဆိုင် အကောင်အထည် ဖော်ဖို့ ကိစ္စ ဖြစ်ပါတယ်။ ဆွေးနွေးမှုတွေကို အကုန်ယူပြီးတော့မှ နည်း ဥပဒေတွေကို ထည့်သွင်းရဖို့ ဆွေးနွေးမှာ ဖြစ်ပါတယ်” ဟု ဆိုသည်။
နည်းဥပဒေ ထွက်ရှိလာပါကလည်း အသင်းသားများ အနေဖြင့် ဥပဒေ၊ နည်းဥပဒေများ ကိုယ်တိုင် သေသေချာချာ သိပြီး လိုက်နာနိုင်အောင် ကြိုးစားရမည် ဖြစ်ကြောင်း ဒေါ်ခိုင်ခိုင်နွယ်က ပြောသည်။
ဥပဒေ အသစ် တရပ် ထွက်ပေါ်လာပါက နည်းဥပဒေကို ရက်ပေါင်း ၁၀၀ အတွင်း ထွက်ရှိရမည် ဖြစ်သဖြင့် နည်းဥပဒေ ထွက် ရှိရန် အတွက် သက်ဆိုင်ရာ ဝန်ကြီး ဌာနမှ ဆက်လက် ဆောင်ရွက်နေကြောင်း သိရသည်။