ရခိုင်ပြည်နယ် မြောက်ပိုင်း နေရပ် စွန့်ခွာ၍ ဘင်္ဂလားဒေ့ရှ် ဘက်သို့ ထွက်ပြေး တိမ်းရှောင်သွားသူများ ကိုယ့်အစီအစဉ်နှင့် ကိုယ် မြန်မာပြည် အတွင်းသို့ ပြန်လည် ဝင်ရောက်မှုများ ရှိနေကြောင်း အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အား ဝန်ကြီးဌာနမှ ပြည်ထောင်စု ဝန်ကြီး ဦး သိန်းဆွေက ပြောသည်။
ပြည်ထောင်စု ဝန်ကြီးက“သူတို့ အမျိုးတွေ ဟိုဘက်မှာလည်း ရှိတယ်။ ဆက်သွယ်ပြီးတော့မှ သူတို့ အစီအစဉ်နဲ့ သူတို့ ဝင် လာကြတာ ဖြစ်ပါတယ်”ဟု ဧရာဝတီ၏ မေးမြန်းမှုကို ပြန်လည် ဖြေကြားခဲ့ခြင်း ဖြစ်သည်။
ပြန်လည် ဝင်ရောက်လာသူများ၏ အဓိက အခက်အခဲမှာ ဘင်္ဂလားဒေ့ရှ်တွင် နေထိုင်နေရသည်မှာ စိုးရိမ်မှုများ ရှိနေကြောင်း ဦးသိန်းဆွေက ဆိုသည်။
ထို့ပြင် မြန်မာနိုင်ငံဘက်မှ ပြန်လည် လက်ခံမည် ဆိုသည့် သတင်း အချက်အလက်များ မရရှိကြောင်း၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံမှ မြန်မာနိုင်ငံဘက်သို့ လွတ်လပ်စွာ ပြန်လာချင်တိုင်း ပြန်လာ၍ မရကြောင်း၊ ပြန်လည် ဝင်ရောက်လာသူများ၏ ပြန်လည် ပြောပြချက် အရ သိရကြောင်းလည်း ၎င်းက ပြောသည်။
မေလ ၆ ရက်က နေပြည်တော်ရှိ M Gallery ဟိုတယ်တွင် ပြုလုပ်သည့် အလုပ်ရုံနှင့် အလုပ်သမား ဥပဒေ စစ်ဆေးရေး ဦးစီးဌာနနှင့် အပြည်ပြည် ဆိုင်ရာ အလုပ်သမားရေးရာ အဖွဲ့တို့ ပူးပေါင်း ကျင်းပသည့် လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်း ရှင်းရေးနှင့် ကျန်းမာရေး ဆိုင်ရာ ဥပဒေအား စတင် အကောင်အထည်ဖော် ဆောင်ရွက်ရေး အလုပ်ရုံ ဆွေးနွေးပွဲတွင် ယင်း သို့ ပြောကြားခြင်း ဖြစ်သည်။
ထိုသို့ ပြန်လည် ဝင်ရောက်လိုသူများ သတင်း အချက်လက်များ ရရှိရန် အတွက် ကုလသမဂ္ဂ အဖွဲ့အစည်းများ ကလည်း အစဉ်တစိုက် ဆောင်ရွက်နေကြောင်း၊ ဘင်္ဂလားဒေ့ရ်ှတွင် ရှိနေသည့် မြန်မာသံရုံးမှ တဆင့်လည်း အသိ ပညာပေး လုပ် ငန်းများ ဆောင်ရွက်နေကြောင်း၊ ဥပဒေနှင့် အညီ ပြန်လည် လက်ခံနိုင်ရန်နှင့် လုံခြုံရေး အရလည်း တာဝန်ယူ ဆောင်ရွက် လျက်ရှိကြောင်း အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အား ဝန်ကြီး ဌာနက သိရသည်။
ရခိုင်ပြည်နယ် မြောက်ပိုင်းတွင် ၂၀၁၇ ခုနှစ် သြဂုတ်လ၂၅ ရက်က ဖြစ်ပွားခဲ့သည့် အကြမ်းဖက်မှု ဖြစ်စဉ်များကြောင့် ဒုက္ခ သည်များ နယ်စပ် ဖြတ်ကျော်၍ ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်သို့ ဝင်ရောက်သွားခဲ့ကြောင်း နိုင်ငံတကာ သတင်းများတွင် ဖော် ပြလျက် ရှိပြီး ၎င်းတို့ကို ပြန်လည် လက်ခံရန် မြန်မာဘက်က အဆင်သင့် ပြင်ဆင်ထားပြီး ဖြစ်ကြောင်း၊ ပြန်လည် ဝင် ရောက်လာသူ လူဦးရေ စာရင်း တိတိကျကျ ပြောရန် စာရင်း ပါလာခြင်း မရှိသဖြင့် ပြောကြားနိုင်ခြင်း မရှိကြောင်း ကိုလည်း ဦးသိန်းဆွေက ဆိုသည်။
ရခိုင် အမျိုးသား ပါတီဝင် တဦး ဖြစ်သူ ဦးဖေသန်းကလည်း“ကိုယ့်နည်း ကိုယ့်ဟန်နဲ့ ပြန်ပြီးတော့ ခိုးဝင်လာတာတွေ ရှိ တယ်။ ဒေသခံ ပြည်သူတွေ ပြောတာလည်း ရှိတယ်။ ကိုယ်စားလှယ်တွေ ပြောတာလည်း ရှိတယ်။ သူတို့တွေ ပြန်ဝင်နေ ကြတာကို အစိုးရ အနေဖြင့် ဒီလူတွေကို ပြန်စိစစ်ဖို့ လိုပါတယ်”ဟု ဧရာဝတီ သို့ ပြောသည်။
ထိုသို့ ပြန်ဝင်လာကြသည့် သူများမှာ မြန်မာနိုင်ငံတွင် နေထိုင်သွားသည့်သူများ အမှန်တကယ် ဟုတ်/မဟုတ်၊ ပြန်လည် စိစစ်သင့်ကြောင်း၊ ခိုးဝင် အများစုမှာ ဘူးသီးတောင်၊ မောင်တော မြို့ပေါ်ရှိ ဆွေမျိုးများ အိမ်တွင် နေထိုင်ကြကြောင်းနှင့် ထိုသို့ ဝင်ရောက်လာသူများမှာ အကြမ်းဖက်သမားများ၊ အကြမ်းဖက်နှင့် ဆက်နွယ်နေသည့် သူများလည်း ပါဝင်လာ နိုင်ကြောင်း ဦးဖေသန်းက ဆိုသည်။
ရခိုင်ပြည်နယ်ကနေ ဘင်္ဂလားဒေ့ရ်ှသို့ ထွက်ပြေး တိမ်းရှောင်သူများအား ၂၀၁၈ ခုနှစ် ဇန်နဝါ ရီ ၂၃ ရက်တွင် စတင် ပြန်လည် လက်ခံရေး လုပ်ငန်းစဉ်များ ဆောင်ရွက်ရန် မြန်မာ– ဘင်္ဂလားဒေ့ရ်ှ နှစ်နိုင်ငံ သဘောတူညီခဲ့ကြသည်။
ဘင်္ဂလားဒေ့ရ်ှသို့ ရောက်ရှိသွားသူ ၆ သိန်းကျော် ရှိကြောင်း နိုင်ငံတကာ မီဒီယာများတွင် ရေးသား ဖော်ပြမှုများ ရှိသော် လည်း မြန်မာ အစိုးရဘက်က ယင်းအရေအတွက်နှင့် ပတ်သက်၍ ထုတ်ဖော် ပြောဆိုခြင်း မပြုဘဲ အထောက်အထားနှင့် ဥပဒေများ အရ လက်ခံသွား မည်ဟု ပြောဆိုထားသည်။
ရခိုင်ပြည်နယ် ဘူးသီးတောင် မြို့နယ် လွှတ်တော် ကိုယ်စားလှယ် ဦးအောင်သောင်းရွှေကလည်း“ပြန်လည် လက်ခံရေး ကိစ္စက အစိုးရရဲ့ တာဝန်ပဲလေ။ အစိုးရကပဲ အကောင်အထည်ဖော် ဆောင်ရွက်ပေးရမှာပဲလေ။ အကောင်းဆုံး ဖြစ်လာ လိမ့်မယ်တော့ မျှော်လင့်ပါတယ်”ဟု ပြောသည်။
ဘင်္ဂလားဒေ့ရ်ှ နိုင်ငံဘက်မှ မြန်မာနိုင်ငံသို့ ပြန်လည် ပေးပို့လာသည့် လူဦးရေ ၂ သောင်းကျော် စာရင်းကို စိစစ်ရာတွင် ၈ ထောင် နီးပါးမှာ ပြန်လည် လက်ခံရန် ဘင်္ဂလားဒေ့ရ်ှ နိုင်ငံဘက်သို့ အကြောင်းကြားပြီး ဖြစ်ကြောင်း၊ ပြန်လည် ဝင်ရောက် လာမည့်သူများကို စနစ်တကျ လက်ခံနိုင်ရန် အတွက် ဆောင်ရွက်နေကြောင်း ဦးသိန်းဆွေက ဆိုသည်။
ဦးသိန်းဆွေက“၇၀၀၀ ကျော်လောက်တော့ မြန်မာနိုင်ငံမှာ နေထိုင်တဲ့သူတွေလို့ အတည်ပြုနိုင်တဲ့ အတွက် ဒီလူတွေ ကိုတော့ ပထမဆုံး လက်ခံမယ်လို့ ပြောထားပြီးပါပြီ။ ဆက်ပြီးတော့လည်း စိစစ်ပြီးတော့မှ မြန်မာနိုင်ငံမှာ နေထိုင်ခဲ့ဖူးတာ အထောက်အထား တွေ့ရင်၊ မှန်ကန်ရင်တော့ ဆက်လက် လက်ခံသွားဖို့ ရှိပါတယ်”ဟု ပြောသည်။
ဘင်္ဂလားဒေ့ရ်ှ အတွင်းသို့ ရောက်ရှိနေသည့် သူများမှာ မြန်မာနိုင်ငံ အတွင်းသို့ ပြန်ဝင်လာရန် အတွက် ကြိုးစားနေခြင်း မဟုတ်ဘဲ၊ နိုင်ငံရေး အရ တောင်းဆိုမှု များနေကြောင်း၊ ဘေး ပယောဂများကြောင့် ယခုကဲ့သို့ တောင်းဆိုမှုများ ရှိနေ သဖြင့် ပြန်ဝင်လာနိုင်ခြင်း မရှိကြောင်း ဦးဖေသန်းက ဆိုသည်။
မေလ ၃ ရက်ကလည်း နေပြည်တော်၌ နေရပ်စွန့်ခွာသူများ ပြန်လည် စိစစ် လက်ခံရေး ဆိုင်ရာ မြန်မာ- ဘင်္ဂလားဒေ့ရှ် ပူးတွဲ လုပ်ငန်း အဖွဲ့ စတုတ္ထအကြိမ် အစည်းအဝေးကို ကျင်းပခဲ့သည်။
ထိုအစည်းအဝေးတွင် နေရပ်စွန့်ခွာသူများကို ပြန်လည် စိစစ်လက်ခံရာတွင် ဖြစ်ပေါ် လာနိုင်သည့် ကိစ္စရပ်များ၊ နေရပ် စွန့်ခွာသူများကို ပြန်လည်လက်ခံရေး အစီအမံများ စီစဉ် ဆောင်ရွက်မှု၊ ရခိုင်ပြည်နယ်၌ တရား ဥပဒေ စိုးမိုးရေးနှင့် လုံခြုံရေး ဆိုင်ရာ စီမံ ဆောင်ရွက်ထားရှိမှု၊ ကျန်းမာရေး စောင့်ရှောက်မှု၊ ပညာသင်ကြားရေး တို့အတွက် လိုအပ်သည့် အစီအမံများ ဆောင်ရွက်ထားရှိမှုတို့ကို လည်း ဆွေးနွေးခဲ့သည်ဟု ထုတ်ပြန်ထားသည်။
ထို့နောက် အဆိုပါ အစည်းအဝေး၌ နေရပ်စွန့်ခွာ သူများ ပြန်လည် လက်ခံရေး လူဝင်မှု ကြီးကြပ်ရေး ဆိုင်ရာ စိစစ် ဆောင် ရွက်ပြီးစီးမှု၊ ပြန်လည် လက်ခံရေး၊ ပြန်လည် နေရာချ ထားရေးနှင့် လူမှုဝန်းကျင် ပြန်လည် ပေါင်းစည်းရေး ဆိုင်ရာ လုပ်ငန်း စဉ်များတွင် ကုလ သမဂ္ဂ၊ အာဆီယံနှင့် အခြားမိတ်ဖက် အဖွဲ့အစည်းများနှင့် ပူးပေါင်း ဆောင်ရွက်နေမှု တို့ကိုလည်း ထည့် သွင်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။