ရခိုင်ပြည်နယ်၊ ရသေ့တောင် မြို့နယ် ကျောက်တန်းကျေးရွာတွင် မေလ ၁ ရက်နေ့ ညပိုင်းက ရုန်းရင်းဆန်ခတ် ဖြစ်ပွားမှုတခု အ တွင်း တပ်မတော်၏ ပစ်ခတ်ကြောင့် ရွာသား ၆ ဦး သေဆုံးခဲ့ရသည့် ဖြစ်စဉ်ကို ဥပဒေနှင့်အညီ စုံစမ်း စစ်ဆေးမည် ဖြစ်ကြောင်း ကာကွယ်ရေး ဝန်ကြီးဌာန၊ ဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး စိန်ဝင်းက ပြောသည်။
ယနေ့ နေပြည်တော်တွင် ကျင်းပပြုလုပ်သည့် ဘာသာပေါင်းစုံ ငြိမ်းချမ်းရေးအဖွဲ့ ၏ ဒုတိယအကြိမ် အကြံပြု ဆွေးနွေးပွဲ ဖွင့်ပွဲ အခမ်းအနား အပြီးတွင် သတင်းထောက်များကို အထက်ပါအတိုင်း ပြောဆိုခြင်း ဖြစ်သည်။
ဒုတိယ ဗိုလ်ချုပ်ကြီး စိန်ဝင်း က “လုပ်ထုံးလုပ်နည်းတွေနဲ့ မှန်မမှန်ပေါ့လေ။ စစ်ဆေးတဲ့နေရာမှာ မှားယွင်းတာများ ရှိသလား။ ဒါကို စစ်ဆေးမယ်။ (Rule of Engagement နဲ့ မညီတာမျိုး ရှိရင်) ပြင်းပြင်းထန်ထန် အရေးယူပါ့မယ်။ ဘယ်လို အရေးယူမလဲ ဆိုတာတော့ ပြောလို့ မရဘူး။ သူ့ရဲ့ လုပ်ထုံး လုပ်နည်းအရ စစ်ဆေး စီရင်တာကို ကြည့်ရဦးမယ်။ ဥပဒေနဲ့အညီပဲ ဖြစ်မှာပါ။ ကြိုပြောလို့ မရဘူး” ဟု ပြောသည်။
ယင်းစုံးစမ်းရေး အဖွဲ့ကို တပ်မတော် အရာရှိကြီး တဦး ဦးဆောင်ပြီး လူပုဂ္ဂိုလ် ၅ ဦးဖြင့် မေလ ၃ ရက်နေ့ကတည်းက စတင် ဖွဲ့ စည်း ခဲ့ပြီး ယင်းဒေသရှိ ရပ်မိရပ်ဖများ၊ ဌာနဆိုင်ရာများ၊ လုံခြုံရေး တပ်ဖွဲ့ ဝင်များကို စုံစမ်းမေးမြန်းမှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း တပ်မတော်မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောသည်။
ဗိုလ်မှူးချုပ် ဇော်မင်းထွန်း က “သူတို့ကို ကြီးကြပ် ကွပ်ကဲနိုင်တဲ့ အဆင့်ရှိတဲ့ အရာရှိကြီးတဦးက ဦးဆောင် စစ်နေတာပါ။ အကုန်လုံး မေးမြန်းမှာပါ။ ဘယ်နေ့ ပြန် တင်ရမယ်ဆိုတဲ့ ရက်ကန့်သတ်ချက်တော့ မရှိဘူး။ ဒါပေမယ့် လုပ်ထုံးလုပ်နည်းအရတော့ စုံစမ်း စစ်ဆေးပြီးရင် ၂ ပတ် အတွင်းတော့ ပြန်တင်ပြရတာမျိုး ရှိတယ်” ဟု ပြောသည်။
၂၀၁၉ ခုနှစ်၊ မေလ ၁ ရက်နေ့က ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ ကျောက်တန်း ကျေးရွာတွင် ရက္ခိုင့် တပ်မတော် (AA) အဖွဲ့ နှင့် ဆက်စပ်မှု ရှိသည်ဟုဆိုကာ မသကာၤသူ အမျိုးသား ၂၇၅ ဦး အား ကျေးရွာ စာသင်ကျောင်းတွင် တပ်မတော် လုံခြုံရေး တပ်ဖွဲ့ ဝင်များက ထိန်သိမ်းစစ်ဆေးမှုများ စတင် ဆောင်ရွက်ခဲ့သည်။
စစ်ဆေးမှုများ ဆောင်ရွက်နေစဉ် မေလ ၁ ရက်နေ့ ညပိုင်းတွင် ထိန်းသိမ်း ခံထားရသည့် သူများထဲမှ ၆ ဦး သေဆုံးခဲ့ရာ ထိန်းသိမ်း ခံထားရသူများက လုံခြုံးရေး တပ်ဖွဲ့ ဝင်များထံမှ သေနတ်လုသဖြင့် ပစ်ခတ်ရသဖြင့် သေဆုံးသွားခြင်း ဖြစ်ကြောင်း တပ်မတော်က နောက်ပိုင်းတွင် သတင်းထုတ်ပြန်ထားသည်။
အဖမ်းခံရသူပေါင်း ၂၇၅ ဦးထဲမှ မေလ ၂ ရက်နေ့က ၁၂၆ ဦးကို လွှတ်ပေးခဲ့ပြီး ၁၄၉ ယောက် ကျန်ရှိရာတွင် ၎င်းတို့ထဲမှ သေဆုံး သူ ၆ ဦး၊ ဆေးရုံတက်သူ ၈ ဦး၊ ထွက်ပြေးပျောက်နေသူ ၄ ဦးတို့ရှိရာ တပ်မတော်လက်ထဲတွင် စုစုပေါင်း ၁၃၁ ဦး ကျန်ရှိနေ ကြောင်း၊ မေလ ၆ ရက်နေ့တွင် ၄၈ ဦးကို ထပ်မံ လွှတ်ပေးခဲ့သဖြင့် တပ်မတော်လက်ထဲတွင် ၈၃ ဦးသား ကျန်ရှိတော့သည်။
“ကျနော်တို့ သတင်း ထုတ်ပြန်ထားတဲ့အတိုင်း မှန်ကန်မှု ရှိ၊ မရှိရယ်။ ပြီးတော့ ခွဲထုတ် စစ်ဆေးနေတဲ့သူ ၁၃၁ ဦးကိုလည်း မြန်မြန် ဆန်ဆန် ပြီးနိုင်အောင်လို့ စုံစမ်း စစ်ဆေးရေးအဖွဲ့က ကြီးကြပ်တာ။ အဲဒါကြောင့်လည်း မနေ့က ၄၈ ယောက် ထပ်လွှတ်ပေးလိုက် တာ။ ဒီနေ့ ထပ်လွှတ် ဖြစ်ရင်တော့ သတင်း ထပ်ထုတ်ပေးမယ်” ဟု ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောသည်။
ရသေ့တောင်မြို့နယ် ကျောက်တန်း ဖြစ်စဉ်ကို အမှန်ပေါ်ပေါက်အောင် အစိုးရက စစ်ဆေးပေးသင့်ပြီး တပ်မတော်ဘက်မှ ထုတ်ပြန် သလို ရွာသားများက သေနတ်လုသည်ဆိုသည်မှာ မဖြစ်နိုင်ကြောင်း၊ လက်နက်ကိုင်များထံမှ သေနတ်လုပါက ပစ်သတ်ခံရမည်ကို အဖမ်းခံရသူများ အနေဖြင့် သိနိုင်ကြောင်း ရသေ့တောင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စေဝေက ပြောသည်။
ဒေါ်ခင်စောဝေ က “ဒဏ်ရာရတဲ့သူတွေ ပြန်ပြောပြတာကတော့ ခေါ်လာတဲ့သူတွေထဲမှာ အရူးတယောက်ပါတယ်။ အဲဒီအရူးက ထ ပြေးတယ်။ ပြေးတဲ့အခါမှာ ဒီလူကို ပစ်လိုက်တယ်လို့ ပြောတယ်။ နောက်တခုက သေတဲ့သူက သေသွားပြီ။ သေတဲ့သူတွေ အတွက် ဗုဒ္ဓဘာသာ အယူအရ သဂြိုဟ်ခွင့်ပေးဖို့တော့ ကောင်းတယ်။ ဒါပေမယ့် အဲဒီလိုမျိုး မီးမသဂြိုလ်ရတဲ့အတွက် တော်တော်ကို စိတ် မကောင်းဖြစ်ပြီး ဝမ်းနည်းနေကြတယ်”ဟု ပြောသည်။
တပ်မတော်သားများသည် ဧပြီလ ၃၀ ရက်နေ့က ကျောက်တန်း ကျေးရွာအတွင်းသို့ ဝင်ရောက်လာပြီး အသက် ၁၀ နှစ်အထက် အ မျိုးသားများကို အစည်းအဝေး ခေါ်ယူခဲ့ကြောင်း၊ ယင်းနောက် ရွာသား ၂၇၅ ဦးကို AA အဖွဲ့နှင့် ပတ်သက်မှု ရှိသည်ဟုဆိုကာ ရွာရှိ စာသင်ကျောင်းထဲတွင် ခေါ်ယူ စစ်ဆေးခဲ့သည်။
ထိုသို့ စစ်ဆေးခဲ့နေစဉ် မေလ ၁ ရက်နေ့ ညက လက်နက်ကြီး ပစ်ခတ်သံများကို ကြားရပြီးနောက် စိတ်မနှံ့သည့် ဦးမောင်သန်းဦး ဆိုသည့် အသက် ၃၀ အရွယ် လူတဦးမှ ပြေးကြရန် ထအော်ရာမှ ထကြည့်မိသော ရွာသားများ ပစ်ခတ်ခံခဲ့ရခြင်း ဖြစ်ကြောင်း ယင်းဖြစ်စဉ်တွင် ဒဏ်ရာရှိသူများက မီဒီယာများသို့ ထုတ်ဖော်ပြောဆိုထားသည်။
ယနေ့တွင် ရသေ့တောင်မြို့နယ် ပြည်နယ် လွှတ်တော် ကိုယ်စားလှယ်နှင့် အဖွဲ့သည် အစိုးရထံမှ ခွင့်ပြုချက်ယူ၍ ယင်းကျောက်တန်း ကျေးရွာသို့ သွားရောက်နေပြီး မနေ့ကလည်း စစ်တွေမြို့မှ အောင်မြေကုန်း ဆရာတော်သည် ယင်းကျေးရွာသို့ သွားရောက်ပြီး ဖမ်း ဆီးခံထားရသူများနှင့် တွေ့ ဆုံခွင့် ရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
ရခိုင်ပြည်နယ်တွင် မြန်မာ့တပ်မတော်နှင့် ရက္ခိုင်စစ်တပ် (AA) တို့ကြား ဖြစ်ပွားခဲ့သည့် တိုက်ပွဲများနှင့် ဆက်စပ်ပြီး ၂ ဖက်စလုံး က အရပ်သားများကို ဖမ်းဆီးမှုများ ပြုလုပ်ခဲ့ကြသည်။
တပ်မတော်ဘက်မှ ဖမ်းဆီးထားသည့် အရေအတွက်မှာ အနည်းဆုံး ၃၀၀ ကျော် ရှိပြီး တရားစွဲဆို တင်ပို့ခြင်း မရှိသူများကိုမူ ပြန် လွှတ်ပေးလေ့ ရှိသလို အဖမ်းခံရစဉ် ကာလအတွင်း သေဆုံးခဲ့ရသူတချို့ လည်း ရှိသည်။ AA ဘက်မှ ဖမ်းဆီးထားသူမှာလည်း ၁၃၄ ဦးရှိကြောင်း တပ်မတော်မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက မေလ ၃ ရက်နေ့တွင် သတင်းထောက်များကို ပြောဆို ထားသည်။
AA အဖွဲ့ ကမူ ဧပြီလ ၉ ရက်နေ့က မြောက်ဦး ရဲတပ်ရင်းတခုအတွင်း ဖြစ်ပွားခဲ့သည့် တိုက်ပွဲတွင် ခေါ်ဆောင်သွားခဲ့သည့် ရဲမိသား စုဝင်များကို နောက်ပိုင်းတွင် ပြန်လွှတ်ပေးခဲ့သော်လည်း ချင်းပြည်နယ် ပလက်ဝမြို့နယ်အတွင်း မြန်မာ – အိန္ဒိယလမ်းပိုင်း ဖောက် လုပ်နေသည့် ဆုထူးစံ ကုမ္ပဏီမှ ဝန်ထမ်း ၈ဦးကိုမူ စစ်ထောက်လှမ်းရေးဟောင်းများ ဖြစ်သည်ဟုဆိုကာ ယနေ့အချိန် ပြန်လွှတ်ပေး ခြင်း မရှိသေးပေ။
၎င်းတို့သည် အရပ်သားများကို ဒုက္ခမပေးဘဲ တပ်မတေ်ာနှင့် လုံခြုံရေး တပ်ဖွဲ့ ဝင်များကို သတင်းပေးသူများကိုသာ အရေးယူ လေ့ ရှိကြောင့် AA တာဝန်ရှိသူများက မီဒီယာများသို့ ထုတ်ဖော်ပြောဆိုလေ့ရှိပြီး တချို့မှာလည်း AA အဖွဲ့ တံဆိပ်ပါ ကျည်ဆန်နှင့် ခြိမ်းခြောက်စာ ရရှိပြီ မကြာမီတွင် အသတ်ခံခဲ့ရသည့် ဖြစ်စဉ်များလည်း ရှိသည်။
ရခိုင်ပြည်နယ်တွင် ၂၀၁၈ ခုနှစ် နိုဝင်ဘာလ ၃၀ ရက်မှ စတင်ကာ မြန်မာ့ တပ်မတော်နှင့် AA တို့ကြား ရသေ့တောင်၊ ဘူးသီး တောင်၊ ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ မြောက်ဦး စသည့် မြို့နယ်များတွင် တိုက်ပွဲများ ဖြစ်ပွားလျက် ရှိရာ စစ်ဘေးရှောင် ၁ သောင်း ကျော်အထိ များလာပြီ ဖြစ်သည်။
အစိုးရက AA အဖွဲ့ကို နေပြည်တော်အထိ ဖိတ်ခေါ်၍ ငြိမ်းချမ်းရေး ဆွေးနွေးမှုများ ပြုလုပ်ခဲ့သော်လည်း အောင်မြင်မှုများ မရရှိခဲ့ သလို တပ်မတော်ကလည်း AA ကို အကြမ်းဖက် သောင်းကျန်သူအဖြစ်သာ သတ်မှတ်ကြောင်း ထုတ်ဖော်ပြောဆိုထားသည်။