မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး(ABSDF) မြောက်ပိုင်းအဖွဲ့မှ ဒုဥက္ကဌ ရဲဘော် အောင်ဆွေဦး အပါအဝင် ၃ ဦိး နိုင်ငံတော် သမ္မတ လွတ်ငြိမ်း သက်သာခွင့်ဖြင့် ယနေ့ ပြန်လွတ်လာသည်။
နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က ယနေ့ မေလ ၇ရက်တွင် အကျဉ်းထောင်/စခန်းအသီးသီးတွင် ပြစ်ဒဏ် ကျခံနေသည့် အကျဉ်းသား/သူ စုစုပေါင်း (၆၅၂၀) ဦးအား ရာဇဝတ် ကျင့်ထုံးဥပဒေ ပုဒ်မ ၄၀၁ ၊ ပုဒ်မခွဲ(၁)အရ လွတ်ပေးခဲ့ရာ မိုးညှင်း အကျဉ်းထောင်မှ နေ၍ ABSDF (မြောက်ပိုင်းအဖွဲ့) ဒုဥက္ကဌ ရဲဘော်အောင်ဆွေဦး၊ ရဲဘော် မောင်ဦးနှင့် ၎င်းတို့ အဖမ်းခံရ စဉ် အတူ ပါသူ ကိုသန်းထိုက် အောင်လည်း ပြန်လွတ်လာခြင်း ဖြစ်သည်။
၎င်းတို့ လွတ်မြောက်လာခြင်းနှင့် ပတ်သက်၍ ABSDF ဥက္ကဌ ရဲဘော်သံခဲက ဝမ်းသာကြောင်း၊ သက်ဆိုင်ရာ တာဝန်ရှိသူ များကို ကျေးဇူးတင်ကြောင်း၊ မိမိတို့ အဖွဲ့ဝင်များ ပုဒ်မ ၁၇/၁ ဖြင့် အပြစ်ဒဏ်ချခံရမှုမှာ မထိုက်တန်ကြောင်း ဧရာဝတီသို့ ပြောသည်။
“အထူးသဖြင့် ဒီရဲဘော် ၂ ဦးဟာ ၁၇/၁ ၊ မတရားအသင်း ဆက်သွယ်မှု နဲ့ ထောင်ဒဏ် ၂ နှစ်စီ တရားရုံးက ချမှတ်တာ ဖြစ်တယ်၊ အခု သူတို့ရဲ့ လွတ်မြောက်မှုဟာ ထိုက်တန်တဲ့ လွတ်မြောက်မှုလို့ ယူဆတယ်၊ ချမှတ်ထားတဲ့ ပြစ်ဒဏ် အပေါ် မှာ ABSDF အနေနဲ့ မသင့်တော်တဲ့ ပြစ်ဒဏ်တခု ကျနော်တို့ ရဲဘော်တွေ ချမှတ်ခံခဲ့ရတယ်။ ဒါ ကြောင့် ဒီလွတ်မြောက်မှု အတွက် ဝိုင်းဝန်း ကြိုးပမ်းပေးခဲ့တဲ့ သက်ဆိုင်ရာ တာဝန်ရှိသူတွေကို အဖွဲ့အစည်းရဲ့ တာဝန်ရှိ သူတဦး အနေနဲ့ ကျေးဇူး တင်တယ်”ဟု ၎င်းက ပြောသည်။
နိုင်ငံတော် သမ္မတရုံး ညွန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက NCA ထိုးထားသည့် လက်နက်ကိုင် ၃ ဖွဲ့မှ ၎င်းတို့၏ အဖွဲ့ဝင် လူ ၃၀ကို ပြစ်ဒဏ် လွတ်ငြိမ်းခွင် ပေးရန် တင်ပြလာကြောင်း၊ ပြည်ထဲရေး ဝန်ကြီးဌာနမှ ပြန်လည် စိစစ်ရာ ၃ဦး လွတ်ပြီးသား ဖြစ်၍ နောက် ၃ ဦးမှာ နာမည် စာရင်း ထပ်နေကြောင်း၊ တခြား ၁ ဦးကိုမူ မတွေ့ကြောင်း၊ ထို့ အတွက် ၇ ဦးကို ပယ်လိုက် ရာ ၂၃ ဦး ပြန်လွတ်လာကြောင်း ယနေ့ ကယားပြည်နယ်တွင် မီဒီယာများနှင့် တွေ့ဆုံစဉ် ပြောသည်။
“အဓိက ငြိမ်းချမ်းရေးနဲ့ အမျိုးသားပြန်လည် သင့်မြတ်ရေး ရှေးရှုပြီးတော့ NRPC ကို ပြစ်ဒဏ် လွတ်ငြိမ်း ခွင့်ပေးဖို့ တင်ပြ လာတဲ့ အဖွဲ့ ၃ ဖွဲ့ရှိတယ်။ ပထမဆုံး RCSS/SSA ၊ ဒုတိယက SSPP/SSA၊ တတိယ ABSDF ဖြစ်တယ်။ ဒီအဖွဲ့တွေ က ပြန်လွတ်လာဖို့ တင်ပြတာ အားလုံးပေါင် ၃၀ ရှိပါတယ်”ဟု ၎င်းက ပြောသည်။
လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လွတ်ပေးရာတွင် ABSDF မှ ၃ ဦး ပါဝင်သလို RCSS မှ ၁၅ ဦး ပါကြောင်း သက်ဆိုင် ရာ အဖွဲ့များက ဆိုကြသည်။
ယခုလွတ်မြောက်သည့် ABSDF ၏ မြောက်ပိုင်းအဖွဲ့ ဒုဥက္ကဌ ရဲဘော်အောင်ဆွေဦး ၊ ရဲဘော်မောင်ဦး၊ အမှုတွဲပါ ကိုသန်း ထိုက်အောင် တို့ ၃ ဦးမှာ ပြီးခဲ့သည့်နှစ် နိုဝင်ဘာလက ကချင်ပြည်နယ်၊ မိုးညှင်းမြို့ရှိ ABSDF မှ ဗဟိုကော်မတီဝင် တဦး ဈာပနသို့ သွားရောက်၍ ပြန်တမ်း စာဖတ်ကြားစဉ် မတရားအသင်းဆက်သွယ်မှု အက် ဥပဒေ ပုဒ်မ ၁၇/၁ ဖြင့် မိုးညှင်း ရဲစခန်း၌ ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်သည်။
၂၀၁၉ ဧပြီ ၁၁ ရက်တွင် ထောင်ဒဏ် ၂ နှစ်စီ ချမှတ်ခံခဲ့ရသော်လည်း မေလ ၇ ရက်မှာ သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့် ဖြင့် ပြန်လည် လွတ်မြောက်လာခြင်း ဖြစ်သည်။
ABSDF(မြောက်ပိုင်း) တပ်ဖွဲ့ဝင်များ အဖမ်းခံရခြင်းမှာ ဒုတိယအကြိမ်ဖြစ်ပြီး ၂၀၁၆ ခုနှစ်ကလည်း ဗဟိုကော်မတီဝင် ရဲဘော်မင်းဌေးသည် ဗန်းမော်-လွယ်ဂျယ် အသွား ကားလမ်းရှိ တပ်မတော် စစ်ဆေးရေးဂိတ်တွင် မတရားအသင်း ဆက်သွယ်မှု အက် ဥပဒေ ပုဒ်မ ၁၇/၁ ဖြင့် ဖမ်းဆီးခံရပြီး ၂၀၁၇ ခုနှစ်၊ စက်တင်ဘာလမှာ ဖမ်းဆီးခံခဲ့ရပြီး အမှုမမြောက် ဟု ဆိုကာ ပြန်လည် လွတ်မြောက်လာခဲ့သည်။
“၁၇(၁)နဲ့ စွပ်စွဲခံရတာ ဒုတိယ အကြိမ်ပါ၊ ပထမတုန်းကလည်း ဒီလိုမျိုးပဲ၊ နောင် ဒါမျိုး မဖြစ်ဖို့ ကျနော်တို့ ချုပ်ဆိုခဲ့တဲ့ စာချုပ်တွေ၊ ညှိနှိုင်းခဲ့တဲ့ ဆွေးနွေးချက်တွေ၊ တယောက်နဲ့ တယောက်ကြား ဆွေးနွေးပြီးတော့ သဘောတူညီချက် တွေရှိပါ တယ်။ ဒါတွေကို ဆက်လက် ထိန်းသိမ်းဖို့ လိုတယ်လို့ ယူဆတယ်၊ ဒါဆိုရင်တော့ ဘာပဲ ပြော ပြော အခုလျှောက်နေတဲ့ အမျိုးသား ပြန်လည် သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ ယုံယ ုံကြည်ကြည်နဲ့ ဆက်ပြီးတော့ လုပ်ကိုင်ရာမှာ အများကြီး အထောက်အကူ ပြု လိမ့်မယ်လို့ ကျနော်ယုံကြည်ပါတယ်”ဟု ပြောသည်။
ABSDF သည် တနိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ်(NCA)ကို လက်မှတ်ထိုးထားသည့် လက်နက် ကိုင်အဖွဲ့ဲဖြစ်ပြီး NCA တွင် မြန်မာနိုင်ငံတဝှမ်း လက်နက်မဲ့ဖြစ် လွတ်လပ်စွာ သွားလာခွင့်ရှိသည်ဟု ပြဋ္ဌာန်းပါရှိသည်။
သို့သော် ပုဒ်မ ၁၇/၁ ဖြင့် တရားစွဲဆို ဖမ်းဆီးခံခဲ့ရသော ABSDF အဖွဲ့ဝင်များမှာ ကချင်လွတ်မြောက် ရေးအဖွဲ့(KIO/KIA) ထိန်းချုပ် နယ်မြေ လိုင်ဇာဒေသမှာ အခြေစိုက်နေထိုင်သည့် ပုဂ္ဂိုလ်များဖြစ်ကြသည်။
နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်သည် ပြစ်ဒဏ် လွတ်ငြိမ်းချမ်းသာခွင့်ကို ၂၀၁၉ ခုနှစ်၊ ဧပြီ ၁၇ ရက်(နှစ်ဆန်း ၁ရက်နေ့) က ပထမဆုံး လွတ်ပေးခဲ့ပြီး ဧပြီ ၂၆ ရက်မှာ ဒုတိယအကြိမ်၊ မေ ၇ ရက်မှာ တတိယအကြိမ် စုစုပေါင်း ၃ ကြိမ်တွင် အကျဉ်း သား/သူ ၂၃၀၀၀ ကျော် လွတ်ပေးခဲ့ကြောင်း သိရသည်။
ဆက်စပ်ဖတ်ရှု့ရန် – ABSDF မြောက်ပိုင်း ဒုဥက္ကဌ အပါအဝင် ၃ ဦးကို မိုးညှင်း ရဲတပ်ဖွဲ့က ဖမ်းဆီးထား
ABSDF ဒုဥက္ကဌ အပါအဝင် ၃ ဦးကို တပ်မတော်က ၃ ရက်ကြာ ခေါ်ယူ စစ်ဆေးဟု ဆို
ABSDF မြောက်ပိုင်း ဥက္ကဋ္ဌ အပါအဝင် ၃ ဦးကို နိုင်ငံတော်လျှို့ဝှက်ချက် အက်ဥပဒေဖြင့် အမှုဖွင့်